မြန်မာလူမျိုးမှန်ရင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းဖို့အတွက် အားလုံးမှာတာဝန်ရှိပါ တယ်။ ယနေ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဥတ္တရာပရာဒေ့ခ်ျပြည်နယ်၊ ယူပီပြည်နယ်မှာ သင်္ဂသနဂိုလိုဒေသမျိုးအပါအဝင် ဒေသအတော်များများမှာ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်များစွာရှိပါတယ်။ နှစ်စဉ်လည်း မြန်မာနိုင်ငံကနေပြီးတော့ နိုင်ငံသား ၂၀၀၀၀ ကျော် လောက်ကသွားရောက်ပြီးတော့ လေ့လာနေတာကိုလည်းတွေ့ရပါတယ်။ သို့သော် ဒီနေရာများသည်၊ ဒီဒေသများသည် ပြုပြင်မှုအားနည်းတဲ့အတွက်ကြောင့်၊ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းတဲ့အတွက် ကြောင့် များစွာပျက်စီးပြီးတော့ မကြာခင်ကာလမှာ ပျောက်ကွယ်သွားမယ့်အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဒေသတွေကို နိုင်ငံတော်အစိုးရအနေနဲ့ ယခုခေတ်အခါမျိုးမှာ အိန္ဒိယနိုင်ငံအစိုးရနှင့် ကျွန်တော်တို့နဲ့ဆန္ဒတူတဲ့နိုင်ငံတွေနဲ့ ညှိနှိုင်းတောင်းဆိုပြီးတော့ ကျွန်တော်တို့ရဲ့ဒေသ သူတို့မှာရှိတဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမယ့်ဒေသတွေကို သူတို့နိုင်ငံရဲ့ ရှေးဟောင်းသုတေသနဦးစီးဌာနကို သိမ်းသွင်းပြီးတော့ ရှေးဟောင်းအမွေအနှစ်အနေနဲ့ ထိန်းသိမ်းပေးမယ်ဆိုရင် ရေရှည်မှာယဉ်ကျေးမှု အမွေအနှစ်တွေမပျောက်မပျက်ဘဲနဲ့ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့တင်ပြရရင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန်ယူခဲ့တဲ့ ဦးသန့် သူကသူ့ကာလလက်ထက်မှာ လုမ္မနီကို နီပေါနိုင်ငံမှာအခုလိုပဲကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ယနေ့ လုမ္မနီကိုသွားရောက်လေ့လာရင် ကျွန်တော်တို့နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေဟာ မပျောက်မပျက်ဘဲနဲ့ ထည်ထည်ဝါဝါနဲ့ ထိန်းသိမ်း ထားနိုင်တာကိုတွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တင်ပြလိုတာကတော့ ကျွန်တော်တို့ နိုင်ငံတော် အစိုးရအနေနဲ့ ယနေ့ ခေတ်သစ်စနစ်သစ်ပြောင်းလဲနေတဲ့အခါမှာ ထင်သာမြင်သာပွင့်ပွင့်လင်းလင်းနဲ့ ညှိနှိုင်းကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့တန်ဖိုးကြီးမားတဲ့အမွေအနှစ်တွေကို ထိန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ဥက္ကဋ္ဌကြီးကတစ်ဆင့် မေးမြန်းလိုတဲ့မေးခွန်းကတော့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဥတ္တရာပရာဒေ့ခ်ျပြည်နယ်၊ သင်္ဂသနဂိုရှိမှာရှိတဲ့ ယဉ်ကျေးမှုဒေသတွေအပါအဝင် အထိမ်းအမှတ်နေရာများကို ကျွန်တော်တို့နဲ့ ဆန္ဒတူတဲ့နိုင်ငံများနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းကြောင်း မေးမြန်းပါသည်။
ယဉ်ကျေးမှုဝန်ကြီးဌာနဟာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ်ထိန်းသိမ်းစောင့်ရှောက်ရေး ကို နှစ်တိုနှစ်ရှည်စီမံကိန်းများနဲ့ရေးဆွဲပြီးတော့ ကွင်းဆင်းလေ့လာခြင်းဖြစ်တဲ့ (Exploration)၊ တူးဖော်သုတေသနပြုခြင်း (Excavation and Research)၊ ပြုပြင်ထိန်းသိမ်းခြင်း (Conservation) တို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါဒေသများကို ကွင်းဆင်းလေ့လာခြင်း (Exploration) လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်-
(က) မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တကောင်းမြို့ဟောင်းနှင့် ပုဂံမြို့ဟောင်း အပါအဝင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသနေရာများနှင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှာ သမိုင်းမတင်မီခေတ်ဂူများ၊ ကျောက်ခေတ်၊ ကြေးခေတ်၊ ပျူခေတ်နေရာဒေသများ၊ မြို့ဟောင်းများ၊ ခံတပ်များ၊ သံချက်ဖိုများစသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာဒေသများ၊
(ခ) ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ပဲခူးခရိုင်အတွင်းရှိ ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ကိုလိုနီခေတ်အဆောက်အအုံများ၊
(ဂ) နေပြည်တော်ကောင်စီနယ်မြေနှင့် ပတ်ဝန်းကျင်ရှိ ကြေးခေတ်၊ သံခေတ်နေရာဒေသ များ၊
(ဃ) ပြင်သစ်နိုင်ငံမှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ပညာရှင်များပူးပေါင်းပြီးတော့ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် ဂန့်ဂေါမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်၊ မော်လိုက်မြို့နယ်၊ မင်းကင်းမြို့နယ်နှင့် ရေဦးမြို့နယ်များအတွင်းရှိ ပရိုင်းမိတ်နေရာဒေသများ၊
(င) ဂျပန်နိုင်ငံမှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှပညာရှင်များပူးပေါင်းပြီးတော့ မကွေးတိုင်း ဒေသကြီး ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ပရိုင်းမိတ်နေရာဒေသများ၊ ကရင်ပြည်နယ် သံတောင်မြို့နယ်ရှိ အထက်ခယင်းမြို့ဟောင်းနေရာ၊
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ အောက်ဖော်ပြပါနေရာဒေသများကိုလည်း ကွင်းဆင်းလေ့လာခြင်း (Exploration) လုပ်ငန်းများဆောင်ရွက်ဆဲဖြစ်ပါတယ်-
(က) ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ မြို့ဟောင်းများနှင့် ဧရာဝတီမြစ်အနောက်ဘက် ကမ်းရှိ ရှေးဟောင်းယဉ်ကျေးမှုနေရာဒေသများ၊
(ခ) မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရွှေစာရံဒေသတစ်ဝိုက်ရှိ ရှေးဟောင်း ယဉ်ကျေးမှုနေရာဒေသများ၊
(ဂ) နေပြည်တော်ပတ်ဝန်းကျင်ရှိ ရှေးဟောင်းယဉ်ကျေးမှုနေရာဒေသများ၊
(ဃ) မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ဆက်စပ်ဒေသတစ်ဝိုက်ရှိ ရှေးဟောင်း ယဉ်ကျေးမှုနေရာဒေသများ၊
(င) ဂျပန်နိုင်ငံမှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှပညာရှင်များပူးပေါင်းပြီး မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်နှင့် ပေါက်မြို့နယ်အတွင်းရှိ ပရိုင်းမိတ်နေရာဒေသများ၊
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါဒေသများကို တူးဖော်သုတေသန ပြုခြင်း (Excavation and Research)လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်-
(က) မန္တလေးတိုင်းဒေသကြီးရှိ ပုဂံ-ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ အနော်ရထာမင်း နန်းတော်ရာ၊
(ခ) ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ သရေခေတ္တရာမြို့ဟောင်း၊
(ဂ) မကွေးတိုင်းဒေသကြီး တောင်းတွင်းကြီးမြို့နယ်ရှိ ဗိဿနိုးမြို့ဟောင်း၊
(ဃ) စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်ရှိ ဟန်လင်းမြို့ဟောင်း၊
(င) ရှမ်းပြည်နယ် တောင်းကြီးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုန်းမြို့နယ် အတွင်းရှိ သမိုင်းမတင်မီခေတ်ထုံးကျောက်ဂူများ၊
(စ) မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပုတီးကုန်းကျေးရွာအနီးရှိ ကြေးခေတ်၊ သံခေတ်နေရာဒေသများ၊
နောက်တစ်ခါ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာပဲ အောက်ဖော်ပြပါမြို့ဟောင်းများကို တူးဖော်သုတေသနပြုခြင်း (Excavation and Research) လုပ်ငန်းများကိုဆောင်ရွက်ဆဲဖြစ်ပါ တယ်-
(က) ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ဓညဝတီမြို့ဟောင်း၊
(ခ) မန္တလေးတိုင်းဒေသကြီးရှိ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ဟောင်း၊
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း အောက်ဖော်ပြပါအဆောက်အအုံများကို ပြုပြင် ထိန်းသိမ်းခြင်း (Conservation)လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်-
(က) မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မြနန်းစံကျော်ရွှေနန်းတော်၊
(ခ) ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်များ၊
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ အောက်ဖော်ပြပါအဆောက်အအုံများ၊ နံရံဆေးရေး ပန်းချီများနှင့် အနုလက်ရာများကို ပြုပြင်ထိန်းသိမ်းခြင်း (Conservation) လုပ်ငန်းများ ဆောင်ရွက်ဆဲ ဖြစ်ပါတယ်-
(က) သရေခေတ္တရာမြို့ဟောင်း၊ ဗိဿနိုးမြို့ဟောင်း၊ မြောက်ဦး၊ စလေ၊ မြင်ကွန်း၊ ပုဂံ၊ ဟန်လင်းဒေသများရှိ ရှေးဟောင်းအဆောက်အအုံများ၊
(ခ) ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးများရှိ ရှေးဟောင်းအဆောက်အအုံများ၊ နံရံဆေးရေးပန်းချီများ နှင့် အနုလက်ရာများ၊
(ဂ) ရှေးဟောင်းသစ်သားကျောင်းတော်ကြီးများ၊
(ဃ) ရှေးဟောင်းအဆောက်အုံများနှင့် မှတ်တမ်းပြုစုခြင်းနှင့် နံရံဆေးရေးပန်းချီများအား Digital Format ဖြင့် မှတ်တမ်းပြုစုခြင်း၊
ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားများ၏ ဒြပ်မဲ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်(Intangible Cultural Heritage)များကို စာရင်းကောက်ယူလျက် အဆိုပါဒြပ်မဲ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားအဆင့်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက်လည်း လုပ်ငန်းစဉ်များရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။
ယဉ်ကျေးမှုဝန်ကြီးဌာနသည် နှစ်စဉ်ခွင့်ပြုနိုင်ငံတော်ရန်ပုံငွေဖြင့် မိမိနိုင်ငံအတွင်း၌ပင် ဆောင်ရွက်သင့်သည့်လုပ်ငန်းများအား ပြည့်စုံအောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့အပြင် ပြည်ပ တွင်လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်မှာ ရန်ပုံငွေများစွာလိုအပ်မည်ဖြစ်ပါသောကြောင့် အိန္ဒိယ နိုင်ငံရှိ ဥတ္တရာပရာဒေ့ခ်ျပြည်နယ် သင်္ဂသနဂိုရှိ ယဉ်ကျေးမှုဒေသများအပါအဝင် အထိမ်းအမှတ် နေရာများအား ဆန္ဒတူနိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းပြီး ပြန်လည်ဖော်ထုတ်ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးတင်မောင်ဦး(ရွှေပြည်သာမဲဆန္ဒနယ်)။ ။ ဝန်ကြီး ဌာနကနေပြီးတော့ ဝန်ကြီးဌာနရဲ့ပြည်တွင်းမှာလုပ်တဲ့လုပ်ငန်းတွေကို ရှင်းလင်းတင်ပြသွားတဲ့အတွက် သိရတဲ့အတွက်ကြောင့်လည်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လို့ ကျွန်တော်မေးတဲ့မေးခွန်းက ဒီမေးခွန်းမဟုတ်ပါဘူး။ ကျွန်တော်သိလိုတဲ့မေးခွန်းက ဘတ်ဂျက်နဲ့လည်းမပါပါဘူး။ ငွေကုန်ကြေးကျ လည်းမရှိပါဘူး။ ကျွန်တော်မေးတဲ့မေးခွန်းသည် အိန္ဒိယနိုင်ငံမှာရှိတဲ့အစိုးရနှင့် ကျွန်တော်တို့နဲ့ဆန္ဒ တူတဲ့နိုင်ငံတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီးတော့ မေတ္တာရပ်ခံပြီးတော့ သူတို့နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ် ဒေသအဖြစ်ထိန်းသိမ်းပေးထားရင် ပထမအဆင့်အနေနဲ့လုံလောက်ပြီဖြစ်ပါတယ်။ နောင်လာတဲ့ကာလ တွေကျမှ ရန်ပုံငွေနဲ့ဖြစ်စေ၊ ပြည်တွင်းအလှူရှင်နဲ့ဖြစ်စေ ပြင်မယ်ဆိုရင်လည်းပြင်လို့ရပါတယ်။ အခု ဝန်ကြီးဖြေတဲ့အဖြေသည် ကျွန်တော်တို့မေးတာနဲ့တခြားစီဖြစ်တဲ့အတွက်ကြောင့် ပြန်လည်ဖြေကြား ပေးဖို့တင်ပြအပ်ပါတယ်။
ဦးသန်းဆွေ(ဒုတိယဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာန)။ ။ ကျွန်တော်တို့ ယဉ်ကျေးမှုဝန်ကြီး ဌာနက ကိုယ့်ဟာကိုယ်ပဲလုပ်လုပ်၊ တခြားလူနဲ့ပဲတွဲပြီးလုပ်လုပ် လွှတ်တော်ကငွေချပေးမှပဲ ကျွန်တော် တို့လုပ်နိုင်တယ်။ အခု အဲ့လိုဖြတ်တောက်ခြင်းတွေခံနေရတော့ ကျွန်တော်တို့မှာ လုပ်ရမယ့်အလုပ်တွေ တောင်မလုပ်နိုင်သေးတဲ့အတွက် အဲ့ဒါကို ကျွန်တော်တို့မလုပ်နိုင်ဘူးလို့ပြောတာပါ။ အဲ့တော့ လွှတ်တော်ဥက္ကဋ္ဌကြီးကတစ်ဆင့် ပြောချင်တာကတော့ ကျွန်တော်တို့ ယဉ်ကျေးမှုဝန်ကြီးဌာနကို မဖြတ်တောက်ပါနဲ့ ပိုပေးပါလို့ ဖြေကြားပါသည်။
ဥက္ကဋ္ဌ ။ ။ ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး၊ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့လည်း မကြာသေး ခင်ကမှ ဒုတိယဝန်ကြီးဖြစ်ပြီးတော့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးတာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ လွှတ်တော်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ကစပြီးတော့ ပေါ်ပေါက်လာတဲ့ ခေတ်စနစ်နဲ့အညီ ပြည်ထောင်စုအစိုးရကတင်သွင်းတဲ့ စီမံကိန်း၊ ဘတ်ဂျက် သို့မဟုတ်ရင် ရသုံးမှန်းခြေ နောက်တစ်ခါ အခွန်ဥပဒေများကို ပြည်ထောင်စုလွှတ်တော်က အဆုံးအဖြတ်ပေး အတည်ပြုပေးရတာဖြစ်ပါတယ်။ အဲ့ဒီတုန်းကလည်း ဦးသန်းဆွေက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရှိတဲ့အခါမှာ လွှတ်တော်က ဘတ်ဂျက်ဖြတ်တယ်၊ မဖြတ်ဘူးဆိုတာ လည်း ဦးသန်းဆွေပြန်စဉ်းစားမယ်ဆိုရင် ပြန်သိနိုင်ပါတယ်။ ဒီနေရာမှာ ဦးတင်မောင်ဦးမေးတဲ့ မေးခွန်း နှင့်ပတ်သက်ပြီးတော့ ကျွန်တော်ဘက်ကပြန်ပြီးတော့ ထင်မြင်ယူဆတာလေး ဦးသန်းဆွေကိုယ်စား ပြန်ပြီးတော့ ဖြေပါမယ်။ ဒီကိစ္စတွေဟာ တခြားနိုင်ငံများနဲ့ဆက်စပ်ပြီးတော့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဝန်ကြီးဌာနတစ်ခုတည်းနဲ့ အဖြေပေးလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ သက်ဆိုင်ရာအစိုးရအနေနဲ့ စဉ်းစားပြီးအဖြေပေးရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လာရောက် ဖြေတဲ့နေရာမှာ အစိုးရရဲ့ကိုယ်စားလာရောက်ဖြေတယ်လို့ ယူဆတယ်ဆိုရင်တော့ ဒီအဖြေဟာ တစ်ခါတည်းပြီးပြတ်မှာပါ။ သို့ရာတွင် ဒီအဖြေသည်အစိုးရရဲ့ကိုယ်စားမဟုတ်ဘဲနဲ့ ဝန်ကြီးဌာနရဲ့ ကိုယ်စားလာဖြေတဲ့အတွက် ဒီလောက်ပဲအဖြေပေးနိုင်မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့လို့ ဦးတင်မောင်ဦးအနေနဲ့ သီးခြားဒီမေးခွန်းကို မိမိလွှတ်တော်ဥက္ကဋ္ဌထံတင်ပြပြီးတဲ့အခါမှာ ဥက္ကဋ္ဌက ဆက်လက်ပြီးတော့ သက်ဆိုင်ရာများနဲ့ညှိနှိုင်းဆောင်ရွက်ပေးပါ့မယ်။
