လွိုင်လင်-နမ့်စန်-မိုးနဲ-လင်းခေး၊ မိုင်းပန်လမ်းမကြီးရှိ မိုးနဲနှင့် လင်းခေးအကြား မိုးနဲမှ ၃ မိုင်ခွဲခန့်ရှိသော သံဘောင်ဘေလီတံတားသည် ပြိုကျသွားမည်ကို စိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပါကြောင်း၊ တံတားအရှည်သည် Span ၈၅ ပေ၊ အကျယ် ၁၂ ပေရှိပြီး တံတားအလယ်၌ သစ်သားတိုင် ၄ တိုင် ၂ တန်းဖြင့် ထောက်ထားပါကြောင်း၊ နမ့်တွန် ချောင်းပေါ်တွင်တည်ဆောက်ထားရာ မိုးရာသီတွင် နမ့်တွန်ရေစီးအားနှင့်အတူ မျောပါလာသော သစ်ကိုင်း သစ်ခက်များ သည် တံတားကိုထောက်ထားသော အလယ်တိုင်နှင့်ထစ်ခံနေပြီး တံတား အထက်ပိုင်းတစ်လျှောက် စိုက်ပျိုးလယ်မြေများ ရေနစ်မြုပ်စေသောကြောင့် ၎င်းတံတားကို အသစ်ပြန်လည်တည်ဆောက်ပေးနိုင်မည့် အစီအစဉ်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်ရှိ မိုင်တိုင် (၃၄/၇)နှင့် (၃၅/ဝ) ကြား မိုးနဲမြို့မှ ၃ မိုင်ခွဲခန့်ရှိ နမ့်တွန်ချောင်း တံတား သည် အောက်ထည် သစ်သားတိုင်၊ အပေါ်ထည် တစ်လွှာ တစ်ထပ် ဘေလီ သံပေါင်နှင့် သစ်သား ကြမ်းခင်းဖြစ်ပြီး အရှည် ပေ ၁၀၀ ၊ အကျယ် ၁၂ ပေရှိ ပါကြောင်း၊ ယင်းတံတားပေါ်တွင် နေ့စဉ်ဖြတ်သန်းသွားလာသော ယာဉ်စီးရေ ၂၀ ခန့်ရှိပြီး တံတားအမှတ် (၁/၃၅) နမ့်တွန်ချောင်းတံတားကို ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်တွင် အထူးပြင်ဆင် ထိန်းသိမ်းခြင်းရန်ပုံငွေ ၇.၅၄ သန်း၊ သစ်သား ကြမ်းခင်း၊ ဘီးလမ်းအားလုံးနှင့် တိုင်စင်များကြံ့ခိုင်မှု အားနည်းနေသော ယက္မနှင့် ချုပ်တန်းများကို အသစ်လဲလှယ်ပြုပြင်ထားရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် တံတားကြံ့ခိုင်ကောင်းမွန်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တံတား တိုင်စင်နှင့် ချုပ်တန်းများကိုလည်း ထည့်၍ ပုံမှန်ထိန်း သိမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ၎င်းတံတားကို သံကူကွန်ဂရစ်တံတား အသစ်ဆောက် လုပ်နိုင်ရန်အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံထားပါကြောင်း ဖြေကြားပါသည်။
