(စ)-(၂၇) ကြိမ်မြောက် SEA Game ပြိုင်ပွဲနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ (၁.၈.၂၀၁၃)

 (၂၇) ကြိမ်မြောက် SEA Game နှင့် စပ်လျဉ်းပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးခွန်းများမေးမြန်း သွားမှာဖြစ်ပါတယ်။ ရိုသေလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ (၂၇) ကြိမ် မြောက် SEA Game ပြိုင်ပွဲကြီးကို ယခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံမှာကျင်းပတော့မှာဖြစ်ပါတယ်။ အဲဒီပွဲကြီးကို မြန်မာတစ်နိုင်ငံလုံးမှ ပြည်သူများက မျှော်လင့်စောင့်စားနေကြသလို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း မျှော်လင့်စောင့်စားစိတ်ဝင်စားလျက်ရှိကြပါတယ်။ ပြည်သူ လူထုရဲ့ အဓိကလိုအပ်ချက်ကတော့ ဆုတံဆိပ်များများရရှိဖို့နဲ့ နိုင်ငံအလိုက် အဆင့်တိုးတက်ရရှိ ဖို့ပဲဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များကလည်း ဒီပြိုင်ပွဲကြီးကို အသွင်သဏ္ဍာန်ရော အနှစ်သာရပါပြည့်စုံသော အားကစားပွဲကြီးအဖြစ် ကျင်းပနိုင်ဖို့အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်များမှာ SEA Game ပြိုင်ပွဲအတွက် တင်ပြ တောင်းခံခဲ့တဲ့ ဘဏ္ဍာငွေများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက တင်ပြတောင်းခံခဲ့တဲ့အတိုင်း အတည်ပြု ချမှတ်ပေးခဲ့ခြင်းဖြင့် လွှတ်တော်က တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးပေးခဲ့ကြောင်းကို တွေ့ရှိရမှာဖြစ် ပါတယ်။        

          ဥက္ကဋ္ဌကြီးခင်ဗျား။ ဆုတံဆိပ်ပေါင်း ရွှေ ၄၆၀၊ ငွေ ၄၆၀ ဆုနှင့် ကြေးတံဆိပ် ၆၃၇ ဆု ချီးမြှင့် ရာမှာ ကျွန်တော်တို့အားကစားသမားများ အများဆုံးဆုတံဆိပ်များ ရရှိစေလိုပါတယ်။ နိုင်ငံအလိုက် အဆင့်မှာလည်း အရင်ကထက် တိုးတက်ရရှိစေလိုပါတယ်။ အဲ့ဒီအတွက်ကြောင့် အားကစား ဝန်ကြီးဌာနက ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာ ပြည်သူလူထုက အလွန်ပဲသိချင်နေကြပါတယ်။ သို့ပါ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် အားကစားဝန်ကြီးဌာနသို့ SEA Game ပြိုင်ပွဲနှင့်စပ်လျဉ်း၍ အောက်ပါမေးခွန်းများကို လေးစားစွာတင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။ မေးခွန်း(၁) ယခုအချိန် SEA Game အကြိုကာလအတွင်းမှာ နိုင်ငံတကာစေလွှတ်ပြီးတော့ ယှဉ်ပြိုင် ခဲ့တဲ့ နိုင်ငံတကာမှာ အားကစားနည်းအလိုက် ပြိုင်ပွဲများရဲ့ အနိုင်အရှုံးရလဒ်များနှင့်တကွ ရှေ့အလား အလာသုံးသပ်ချက်များကို ကျွန်တော်များသိရှိလိုပါတယ်။ မေးခွန်း(၂) ပြည်တွင်းသို့ဖိတ်ခေါ်ယှဉ်ပြိုင် သော အားကစားနည်းအလိုက်ပြိုင်ပွဲများ တစ်နည်းအားဖြင့် Test Match များရဲ့ အနိုင်အရှုံး ရလဒ် များနဲ့ ရှေ့အလားအလာသုံးသပ်ချက်များကိုလည်း သိရှိလိုပါတယ်။ မေးခွန်း(၃) နိုင်ငံတကာသို့ စေလွှတ်၍ Joint Training ပူးတွဲလေ့ကျင့်နေသော အားကစားအမျိုးအစားအလိုက် တိုးတက်မှု အခြေအနေများနှင့် သုံးသပ်ချက်များကိုလည်း သိရှိလိုပါတယ်။ မေးခွန်း(၄) ယခု SEA Game အကြို Test Match များတွင် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှုကော်မတီဝင်များသို့ ကြည့်ရှုလေ့လာရန် ဖိတ်ကြားသဖြင့် အားကစားဝန်ကြီးဌာနကို အထူးကျေးဇူးတင်လျက်ရှိပါတယ်။ ထို့အတူ (၂၇)ကြိမ်မြောက် SEA Game ပြိုင်ပွဲကြီးရဲ့ ဖွင်‌့ပွဲ၊ ပိတ်ပွဲအပါအဝင် အားကစားပြိုင်ပွဲများသို့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ဖိတ်ကြားရန် အစီအစဉ်ရှိ/မရှိလည်းသိရှိလိုပါတယ်။ မေးခွန်း (၅) SEA Game ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲ၊ မြန်မာစစ်တုရင်ပြိုင်ပွဲတို့ ပါဝင်ကြောင်းသိရှိရပါတယ်။ ထို့အတူ မြန်မာ့ရိုးရာ လွန်ဆွဲပြိုင်ပွဲကို စင်ကာပူနိုင်ငံနှင့်ဆွေးနွေးညှိနှိုင်းသည်ဟုလည်း သိရှိရပါတယ်။ အဆိုပါလွန်ဆွဲ ပြိုင်ပွဲ၏ ဆွေးနွေးမှုအခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါတယ်။ မေးခွန်း (၆) ကျင်းပ ပြီးစီးခဲ့သော နိုင်ငံတကာပြိုင်ပွဲများ၊ အာရှအားကစားပြိုင်ပွဲများ၊ SEA Game ပြိုင်ပွဲများမှ မြန်မာ့ ဂုဏ်ဆောင်ခဲ့သော အောင်ပွဲရအားကစားသမားဟောင်းကြီးများကို သတင်းစာများက ဆက်သွယ် ခေါ်ယူခဲ့ပြီး ဂုဏ်ပြုခဲ့သည်ဟု သိရှိခဲ့ရပါတယ်။ ယခု ၄၄ နှစ်ခန့်ကြာမှ ပြန်လည် ကျင်းပခွင့်ရခဲ့သော (၂၇)ကြိမ်မြောက် SEA Game ပြိုင်ပွဲတွင် အဆိုပါနိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့်အားကစားဟောင်း ကြီးများအား ဂုဏ်ပြုသည့်အစီအစဉ်ထည့်သွင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ထည့်သွင်းပေးမည် ဆိုပါက မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုပါသည်။ မေးခွန်း (၇) (၂၇)ကြိမ်မြောက် SEA Game ပြိုင်ပွဲတွင် ပြည်ပကုမ္ပဏီ ၃ ခု၊ ပြည်တွင်းကုမ္ပဏီ ၉ ခုတို့ဖြင့် ဆက်သွယ်၍ ပူးပေါင်း ဆောင်ရွက်မည်ဟု သိရှိရပါသည်။ မည်သည့်ကုမ္ပဏီများနှင့် မည်သည့်ကိစ္စများ ပူးပေါင်းဆောင်ရွက် မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသောင်းထိုက်
အဖြေ

 (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြိုအဖြစ်နဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှစပြီး ယခု ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ နိုင်ငံတကာအားကစားပြိုင်ပွဲများကို မိမိနိုင်ငံမှအားကစားအဖွဲ့ ၃၃ ဖွဲ့ ၆၄ ကြိမ် စေလွှတ်ယှဉ်ပြိုင်ခဲ့ပြီးဖြစ်ပါတယ်။ မြားပစ်၊ လက်ဝှေ့၊ စစ်တုရင်၊ ပြေးခုန်ပစ်၊ လှေလှော်၊ တိုက်ကွမ်ဒို၊ ‌သေနတ်ပစ်၊ မွေ၊ ရေကူး/ဒိုင်ဗင်၊ ဝူရှူး၊ ကိုယ်ကာယကြံ့ခိုင်မှု၊ ကရာတေးဒို၊ သိုင်း၊ ကျွမ်းဘား၊ ရွက်လှေ၊ အလေးမ၊ ဗိုဗီနမ်၊ ကမ်ပို၊ ပန်ကြပ်ဆီလတ် အားကစားနည်း ၁၉ နည်းကို ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ် ၅၄ ခု၊ ငွေတံဆိပ် ၆၄ ခု၊ ကြေးတံဆိပ် ၅၇ ခု စုစုပေါင်း ဆုတံဆိပ် ၁၇၅ ခုရရှိခဲ့ပါတယ်။ ဒါ့ကြောင့်မို့လို့ အဆိုပါအားကစားနည်းများအား (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုများရယူပေးနိုင်မယ့် အလားအလာ ကောင်းများ ရရှိခဲ့ပြီဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ဘော်လီဘော၊ ဘိလိယက်/ စနူကာ၊ နပန်း၊ စက်ဘီး အားကစားနည်းများမှာတော့ ရွှေတံဆိပ်ရရှိမှု မရှိခဲ့သေးပါ။ သို့ဖြစ်ပါ၍ ၎င်းအားကစား နည်းများလည်း ရွှေတံဆိပ်ရရှိအောင်မြင်မှုရရှိရေးအတွက် ဆက်လက်ကြိုးစားလေ့ကျင့်လျက်ရှိပါ ကြောင်းဖြေကြားအပ်ပါတယ်ခင်ဗျား။

          ဆက်လက်၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းမှာ အားကစားနည်း  ၈ မျိုးကို (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအကြို ပြိုင်ပွဲ ၉ ကြိမ်ကျင်းပ ခဲ့ပါတယ်။ ဒီလိုကျင်းပခဲ့ရာမှာလည်း ရွှေတံဆိပ် ၂၈ ခု၊ ငွေတံဆိပ် ၃၆ ခု၊ ကြေးတံဆိပ် ၆၅ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၂၉ ခုရရှိခဲ့ပါတယ်။ ၎င်းတို့အနက်မှ  မြားပစ်၊ ရွက်လှေ၊ နားပန်း၊ ပန်ကြပ်ဆီလတ် အားကစားနည်းများမှာ ရွှေတံဆိပ်များရရှိခဲ့ပြီး အောင်မြင်မှုအလားအလာကောင်များလည်း ရရှိနေပြီ ဖြစ်ပါတယ်။ မြင်းစီး၊ စက်ဘီး၊ တိုက်ကွမ်ဒိုအားကစားနည်းများမှာ ရွှေတံဆိပ်ရရှိမှုမရှိခဲ့ပါ။ ထို အားကစားနည်းများမှာ အောင်မြင်မှုရရှိရေးအတွက်လည်း ဆက်လက်ကြိုးစားလေ့ကျင့်လျက်ရှိ ကြောင်းဖြေကြားအပ်ပါ တယ်။

          အထက်ပါကာလအတွင်းမှာ အားကစားနည်း ၁၂ မျိုးကို တူရကီ၊ ဟော်လန်၊ အီတလီ၊ ဂျပန်၊ ကူဝိတ်၊ အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် လာအိုနိုင်ငံများသို့ ၁၅ ကြိမ် အားကစားအဖွဲ့များစေလွှတ်ပြီးတော့ သွားရောက်ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။ အလားတူ မြန်မာ-တရုတ်အားကစားပူးပေါင်းအစီအစဉ်အရ အားကစားနည်း ၁၂ မျိုးမှ အားကစားသမားများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၁၂ ကြိမ် ပူးတွဲလေ့ကျင့်ရန်စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာအားကစားသမားများအနေနဲ့ပြည်ပနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ အားကစားနည်းစနစ်များကို ပြိုင်ဘက်ကောင်းများနှင့် ပူးတွဲလေ့ကျင့်ခွင့်ရရှိခဲ့သဖြင့် အားကစားသမားများရဲ့ ကြံ့ခိုင်မှု၊ သက်လုံ ကောင်းမွန်မှုနည်းစနစ်ပိုင်းနှင့် စံချိန်စံညွှန်းတိုးတက်မှုများ ရရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ အောင်မြင်မှုအလားအလာကောင်းများလည်း ရရှိနေပြီဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

          မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ စုစုပေါင်းရွှေတံဆိပ် ၄၆၀ ခု၊ ငွေတံဆိပ် ၄၆၀ ခု၊ ကြေးတံဆိပ် ၆၃၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၅၅၇ ခု ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာအားကစားအဖွဲ့အနေနဲ့ ဆုတံဆိပ် မည်မျှရရှိမည် နိုင်ငံအလိုက်အဆင့်မှာ အဆင့်မည်မျှရရှိမည်ကိုတော့ ယခုအချိန်မှာ တိကျစွာပြောပြရန် ခက်ခဲပါတယ်။ သို့ရာတွင် ယခင်ကျင်းပခဲ့သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲများမှာ မြန်မာအားကစားအဖွဲ့ရရှိခဲ့သော ရွှေတံဆိပ်၊ ဆုတံဆိပ်အရေအတွက်နှင့် လက်ရှိနိုင်ငံအလိုက်အဆင့် မှာ မြန်မာနိုင်ငံရှိနေတဲ့အဆင့်ထက် ပိုမိုမြင့်မားစွာရရှိနိုင်ရေးအတွက် နည်းစနစ်မှန်မှန်ပြင်းပြင်း ထန်ထန်နှင့် လေ့ကျင့်ပေးလျက်ရှိပါကြောင်းဖြေကြားအပ်ပါတယ်ခင်ဗျား။

          (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် အားကစားနည်း အလိုက်ပြိုင်ပွဲများကို တက်ရောက်ကြည့်ရှုအားပေးနိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီအသီးသီးမှဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ စိတ်ဝင်စား၍ တက်ရောက်အားပေးလိုသူများကို ဖိတ်ကြား သွားရန် စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ အချိန်မီဖိတ်ကြားစာများကို ပေးပို့သွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ အလားတူ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများကို ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်တော်ကြီးများကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ဖိတ်ခေါ်ရှင်းလင်းပြသခဲ့ ပြီးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကိုလည်း လာရောက်လေ့လာအားပေးကြပါ ရန်ဖိတ်ကြားအပ် ပါတယ်ခင်ဗျား။

          (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့ရိုးရာခြင်းလုံးအားကစား နည်းကို ပိုက်ကျော်ခြင်းအားကစားနည်းနှင့်တွဲဖက်၍လည်းကောင်း၊ မြန်မာ့ရိုးရာစစ်တုရင်ကို အပြည်ပြည်ဆိုင်ရာ စစ်တုရင်အားကစားနည်းနှင့် တွဲဖက်၍လည်းကောင်း ကျင်းပသွားမည်ဖြစ်ပါ တယ်။ ရိုးရာဗန်ဒိုသိုင်းနှင့်ဆင်တူသော ဗိုဗီနမ်သိုင်းအားကစားနည်း၊ ရိုးရာလက်သိုင်းနှင့်ဆင်တူသော ပန်ကြပ်ဆီလတ်သိုင်းအားကစားနည်း၊ ရိုးရာလက်ဝှေ့နှင့်ဆင်တူသော မွေလက်ဝှေ့အားကစားနည်း၊ ရိုးရာဒိုးပစ်အားကစားနည်းနှင့်ဆင်တူသော ပီတန်းအားကစားနည်းတို့ကိုလည်း ထည့်သွင်းကျင်းပရန် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ၂၉ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့(၂၇) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီအစည်းအဝေးပွဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှ အဆိုပြု ဆွေးနွေးခဲ့ရာ ပြိုင်ပွဲဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များမှ တညီတညွတ်တည်း သဘောတူပြီး ဖြစ်ပါတယ်။ အလားတူ မြန်မာ့ရိုးရာ လွန်ဆွဲအားကစားနည်းကိုလည်း သရုပ်ပြပြိုင်ပွဲအဖြစ် လာမယ့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှာ ထည့်သွင်းကျင်းပရန်စီစဉ်ထားရှိပြီးဖြစ်ပါ ကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။

          ကျင်းပပြီးစီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အဆင့်မြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးများမှာ နိုင်ငံအတွက် အောင်မြင်မှုဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ပေးခဲ့ကြသော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားဟောင်းကြီးများကိုလည်း အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ ရန်ကုန်မြို့ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) မှာဖိတ်ခေါ်၍ ဂုဏ်ပြုအမှတ်တရပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ သည့်အပြင် အားကစားနည်းအသီးသီးမှာ နိုင်ငံတော်အတွက် ရွှေတံဆိပ်အများဆုံးရယူပေးနိုင်ပြီး ကျန်းမာရေးကောင်းမွန်သော နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကြီးများကို ကိုယ်တိုင်ဆန္ဒပြုပါက အားကစားပြိုင်ပွဲဖွင့်ပွဲ မီးရှူးတိုင်သယ်ယူထွန်းညှိခြင်းအစီအစဉ်များမှာ ပါဝင်ဆင်နွှဲခွင့်နှင့် (၂၇) ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဖွင့်ပွဲနှင့် အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှု ခွင့်များကို ဖိတ်ကြား၍ ဂုဏ်ပြုသွားမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

          (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်မြန်မာအားကစားအဖွဲ့ အောင်နိုင် ရေးအတွက် ပြည်တွင်းပြည်ပမှ ကူညီသူ Sponsor များကို စနစ်တကျစိစစ်ဖိတ်ခေါ်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပကုမ္ပဏီများမှ အမေရိကန်ဒေါ်လာ ၃၀၃၃၆၄၄ နှင့် မြန်မာငွေကျပ်သိန်းပေါင်း ၁၉၇၅၀ တန်ဖိုးရှိတဲ့ အားကစားဝတ်စုံ၊ အားကစားပြိုင်ပွဲသုံးပစ္စည်းများ၊ အစားအသောက်ဆေးဝါး များ၊ အထိမ်းအမှတ်ပစ္စည်းများ လက်ခံရရှိခဲ့ပြီး စခန်းသွင်းလေ့ကျင့်လျက်ရှိတဲ့ မြန်မာအားကစား သမားများအတွက် စနစ်တကျအသုံးပြုလျက်ရှိပါတယ်။ ၎င်းအပြင် ငွေသားအဖြစ် လက်ခံရရှိတဲ့ အမေရိကန်ဒေါ်လာ ၇၀၀၀၀ မြန်မာငွေကျပ် သိန်း ၁၀၀ ကိုလည်း ဘဏ္ဍာငွေရှာဖွေရေးနဲ့ ဆုချီးမြှင့် ရေးကော်မတီကို လွှဲပြောင်းပေးသွင်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီ့အပြင် (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးနဲ့ဆုချီးမြှင့်ရေး ကော်မတီမှလည်း Sponsor များ တရားဝင်ခေါ်ယူခဲ့ပြီး ပြည်တွင်းပြည်ပကုမ္ပဏီများမှ ကူညီပံ့ပိုးငွေများ လက်ခံရရှိနေပြီ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။ (၂၇) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို အခြားသောနိုင်ငံများမှာ ကျင်းပခဲ့သည့်နည်းတူ နိုင်ငံတကာအဆင်‌့မီ အောင်မြင်စွာ လက်ခံကျင်းပ နိုင်ရေးနဲ့ မြန်မာအားကစားသမားများ ထိုက်တန်သော အောင်မြင်မှုများရရှိစေရေးအတွက် (၂၇) ကြိမ် မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲဦးစီးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူပြီး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနဲ့ ကိုယ်စားလှယ်တော်ကြီးများအနေနဲ့လည်း သင်‌့တော်ကောင်း မွန်သော အကြံဉာဏ်ကောင်းများပေးကြပါရန် ဖြေကြားပါသည်။