(ဇ)-မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ရပ်ဖြစ်သည့် ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းအား မည်သို့ ဆောင်ရွက်နေသည်နှင့်စပ်လျဉ်းသည်‌့မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၅.၇.၂၀၁၃)

မြန်မာနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတစ်ရပ်ဖြစ် တဲ့ ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းအား မည်သို့ဆောင်ရွက်သည်ကို သိရှိလို၍ မေးမြန်းသွားမှာ ဖြစ်ပါ တယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံ ကျန်းမာရေး စောင်‌့ရှောက်မှုလုပ်ငန်း လိုအပ်ချက်အမြောက်အမြားထဲမှာ အလွန်အရေးကြီးပြီးတော့ ဆောင်ရွက်သင့် တဲ့ကိစ္စတစ်ရပ်ကို တင်ပြလိုပါတယ်။ အနောက်တိုင်းဆေးပညာကို အသုံးပြုကြတဲ့ နိုင်ငံအများစုမှာ ထိုးဆေးအသုံးပြုမှုမှာ အလွန်နည်းပါးကြောင်းလေ့လာတွေ့ရှိရပါတယ်။ သို့ပါသော်လည်း မြန်မာနိုင်ငံ မှာ နေ့စဉ်ဆေးထိုးချက်ပေါင်း ၁၆၅၀၀၀၀ ခန့်ရှိနေတဲ့အတွက် မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ညီမျှတဲ့ ဆေးထိုးချက်ကို ရက်ပေါင်း ၄၀ မတိုင်မီမှာပဲ ဆေးထိုးပြီးသားဖြစ်နေမှာကို လေ့လာရပါတယ်။ အဲ့ဒီလို မလိုလားအပ်ဘဲ ဆေးထိုးမှုကြောင့် ဘေးထွက်ဆိုးကျိုးမခံသင့်ဘဲ ခံနေရခြင်း၊ ဆေးထိုးအပ်မှ ကူးစက်နိုင်သော ရောဂါများ မတရားခံရခြင်း၊ ပြည်သူ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်ခြင်းစသည် တို့အပြင် သောက်ဆေးများကိုလည်း ဝယ်ချင်သလို ဝယ်သောက်နေရတာ အရည်အသွေးကောင်း/ မကောင်း၊ ဆေးမျိုးမှန်/မမှန် မသိခြင်းကြောင့် အန္တရာယ်များစွာ ရှိနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ရန် ပထမအဆင့်အနေနဲ့ ဆေးဝါးထိန်းချုပ်ရေးဟာ ငွေကုန်ကြေးကျမရှိဘဲ မဖြစ်မနေဆောင်ရွက်သင့်တဲ့လုပ်ငန်းဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဆရာဝန်လက်မှတ်ဖြင့်သာ ဆေးဝါးရောင်းချခြင်းသည် ဆေးဝါးထိန်းချုပ်ရေးအတွက် အဓိကကျသော အဆင့်တစ်ဆင့် ဖြစ်သော ကြောင့် အဆိုပါလုပ်ငန်းအတွက် ဆောင်ရွက်နေခြင်းရှိ/မရှိနှင့် ဆေးဝါးထိန်းချုပ်မှုအတွက် အခြား မည်သည့်နည်းလမ်းမှ ဆောင်ရွက်နေသည်ကို သိရှိလိုပါ၍ မေးမြန်းပါသည်။


 

ဖြေကြားသူ
‌ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

 ကျန်းမာရေးဝန်ကြီးဌာနဟာ တည်ဆဲအမျိုးသားဆေးဝါး ဥပဒေပြဋ္ဌာန်းချက်အပေါ်မှာ အခြေခံပြီးတော့ ၁၁-၁-၂၀၀၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၀၂) ဖြင့် ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဆင်‌့မှာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ရာမှာ တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ် ထားရှိပြီးဖြစ်ပါတယ်။ ဒီကော်မတီရဲ့အဖွဲ့ဝင်များမှာ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်လည်း ဖွဲ့စည်းထားရှိပြီး ဖြစ်ပါတယ်။ ဒီဖွဲ့စည်းထားရှိသော အဆိုပါ ကော်မတီများအနက်ကနေ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီရဲ့ တာဝန်နှင့်လုပ်ပိုင်ခွင့်အချို့ကို ဖော်ပြရမယ်ဆိုရင်-

(က) ဆေးဝါးရောင်းခွင့်လိုင်စင်လျှောက်ထားတဲ့ကိစ္စရပ်ကို စိစစ်၍ လိုင်စင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊

(ခ)     အစားအသောက်နှင့် ဆေးဝါးစစ်ဆေးခြင်းဆိုင်ရာ ကိစ္စအဝဝကို ကြီးကြပ်ခြင်း၊ လိုအပ် ပါက ကိုယ်တိုင်ဆောင်ရွက်ခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူခြင်း၊

(ဂ) လိုင်စင်ပါစည်းကမ်းချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာန သို့မဟုတ် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသော အစားအသောက် နှင့် ဆေးဝါးဆိုင်ရာစည်းကမ်းများကို လိုက်နာရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကြီးကြပ် ခြင်း၊ စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူခြင်း၊

(ဃ) အထက်အဆင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီများရဲ့ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရယ်လို့ ရှိပါတယ်။

အမျိုးသားဆေးဝါးဥပဒေအရ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာများတွင် ဆေးဝါးမှတ်ပုံ တင်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ ဆေးဝါးတင်သွင်းခြင်း၊ ဆေးဝါးရောင်းချခြင်း၊ ဆေးဝါးမှတ်ပုံတင် တံဆိပ်ကပ်ခြင်းနှင့် ဆေးဝါးကြော်ငြာခြင်းတို့နှင့်ပတ်သက်ပြီးတော့ ဆောင်ရွက်ရမည့်အချက်၊ လိုင်စင်ရရှိသူ လိုက်နာရမည့်အချက်များကို သတ်မှတ်ထားပါတယ်။ ထို့အပြင် ကျန်းမာရေးဝန်ကြီး ဌာန၏ ၇-၃-၂၀၁၃ ရက်စွဲပါအမိန့်အမှတ် (၁/၂၀၀၃)ဟာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများထိန်းချုပ်ရေးဆိုင်ရာအမိန့်မှာ ထိန်းချုပ်ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် စနစ်တကျတိကျစွာ ရောင်းချရန် သတ်မှတ်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဆေးဝါးများ ရောင်းချခြင်းနှင့်စပ်လျဉ်းပြီးတော့ ၅-၈-၁၉၉၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၉၃)၏ အပိုဒ် ၁၈ မှာ ဆေးဝါးရောင်းချရာမှာ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲရမည့်ဆေးဝါးများကို မှတ်ပုံတင် ရရှိပြီးသော ဆရာဝန်၊ သွားဘက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ဦးဦးရဲ့ ဆေးညွှန်းစာဖြင့် ဝယ်ယူခြင်းမှတစ်ပါး မည်သူ့ကိုမှရောင်းချခြင်းမပြုရလို့ အတိအလင်းသတ်မှတ် ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ် ကျန်းမာရေးဦးစီးဌာနများသို့လည်း  ဆေးဆိုင်များသို့ ပုံမှန်ကွင်းဆင်း စစ်ဆေးရန်နှင့် ဆေးဆိုင်များမှ စပ်ဆေးရောင်းချခြင်းမပြုရန်၊ ဆရာဝန်ညွှန်ကြားချက်ဖြင့် ဆေးဝါး ရောင်းချမှုများကို လိုက်နာမှုရှိ/မရှိ ကြီးကြပ်စစ်ဆေးပြီးတော့ ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ပါ ကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဆိုင်ရာကိစ္စများ ကို ကွင်းဆင်း စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းလည်း တင်ပြလိုပါတယ်။

ကိုယ်စားလှယ်တော်ကြီးတင်ပြတဲ့အတိုင်း ယခုအခါ ဆေးဝါးကုသရာမှာ ဆေးထိုးတာဟာ အရင်ကလောက်တော့ မများတော့ပါဘူး။ အထူးသဖြင့်မလိုအပ်ဘဲ ဆေးမထိုးပါနှင့်ဆိုတဲ့ ပညာပေး လုပ်ငန်းများကိုလည်း သုံးလာတဲ့အတွက် နယ်တွေမှာတော့ အနည်းအကျဉ်းကျန်သေးပေမယ့် အခု အခါမှာ တစ်ခါသုံးဆေးထိုးအပ်များကိုသာ အသုံးပြုရမယ်လို့ သတ်မှတ်ထားတဲ့အတွက်ကြောင့်မို့ ဆေးထိုးအပ်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါများကို အထိုက်အလျောက်ကာကွယ်နိုင်မှာဖြစ်ပါ တယ်။ ဆေးမတည်‌့တဲ့အတွက် ရှော့ဖြစ်တာ၊ အနာဖြစ်တာ၊ အသားမာလုံးများဖြစ်ခြင်း၊ သောက်ဆေး များကို အလွယ်တကူဝယ်ပြီးသောက်နေရခြင်းကြောင့် အန္တရာယ်များစွာရှိနေတဲ့အတွက် တရားမဝင် ဆေးဝါးများနှင့်ပတ်သက်၍ အများပြည်သူသိရှိနားလည်ဖို့ ပုံမှန်ပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တရားမဝင်ဆေးဝါးကိစ္စမှာ ကျန်းမာရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီးတော့ စစ်ဆေးဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာမှာ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုအရေးယူခဲ့တဲ့ အမှုပေါင်းမှာ ၂၀၁၁ ခုနှစ်မှာ ၃၈ မှုနှင့် ၂၀၁၂ ခုနှစ်မှာ ၁၁ မှုနှင့် ဒီနှစ်မှာ တော့ အားစိုက်ပြီး လုပ်လာတဲ့အခါမှာ ပထမလေးလအတွင်းမှာ အမှု ၅၀ အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန အဓိကဆေးဝါးစီမံချက်အနေနဲ့ လည်း အကြောင်းအကျိုးညီညွတ်စွာဆေးဝါးအသုံးပြုခြင်း (Rational Use of Medicine)နှင့် ပတ်သက်ပြီးတော့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးမှူး၊ အခြားအဆင့်ကျန်းမာရေးဝန်ထမ်း များကို သင်တန်းများ ပုံမှန်ပို့ချခြင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် စံညွှန်းကုထုံးလက်စွဲ စာအုပ် (Standard Treatment Guideline) များကိုလည်း ပြုစုပြီးတော့ ဆေးညွှန်ခြင်း၊ ထိုးဆေး သုံးစွဲခြင်းများအတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေရာမှာ ဖြည်‌့စွက်ပြောကြားလိုတာကတော့ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ များလည်း ထုတ်ပေးပါတယ်။ ဒါပေမယ့် အားနည်းနေတာကတော့ Enforcement ပဲ ဖြစ်ပါတယ်။ ဒါတွေရှိပေမယ့် ကျွန်တော်တို့က Enforce လုပ်တဲ့အခါမှာ အားနည်းချက်ရှိနေတဲ့အတွက် အခု လူကြီးမင်းပြောသလိုပဲ ဆေးဆိုင်တွေမှာ စပ်ဆေးတွေ သုံးနေတယ်၊ စပ်ဆေးတွေသုံးနေတာကို ထိရောက်စွာစစ်ဆေးတာ၊ အခါအားလျော်စွာ စစ်ဆေးတာတွေဟာ အားနည်းချက်ရှိနေသေးတယ် ဆိုတာရှိပါတယ်။ ဒါကြောင့်မို့လို့ ခုနပြောတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ တိုးတက်ပြီးတော့ ဒီဟာကို ပိုမိုအားစိုက်ပြီးတော့ လုပ်ဆောင်သွားရမှာဖြစ်သလို ဒီဒေသမှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်း တွေနဲ့ ရပ်မိ/ရပ်ဖများအပါအဝင် လူမှုရေးအသင်းအဖွဲ့များကလည်း ဒီကိစ္စကိုကူညီသင့်ပါတယ်။ နောက်တစ်ခုကတော့ ကိုယ့်ဘာသာကိုယ် ဆေးဝယ်သောက်တာ အန္တရာယ်ရှိသလို ကျွန်တော့်အနေနဲ့ ဥပမာလေးပြောပြရရင် ကျွန်တော်ဟာ ဒီတာဝန် မယူခင်အထိ ကလေးဆရာဝန်ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော့်ဆီ လူနာတစ်ယောက်လာတဲ့ အခါမှာ ကျွန်တော်တို့ အင်မတန်လေးစားရတဲ့၊ အင်မတန်တော် တဲ့၊ အင်မတန်တတ်တဲ့၊ အင်မတန်စေတနာကောင်းတဲ့ ဆရာဝန်ကြီးတစ်ယောက်ရဲ့ ဆေးကိုသောက်ပြီး တော့ ကလေးဒီလိုဖြစ်ပါတယ်။ ကလေးနှိုးလို့မရဘူးဆိုပြီး တစ်ခါလာပါတယ်။ ကျွန်တော်ကတော့ မဖြစ်လောက်ဘူး။ ကျွန်တော် တို့ဆရာကြီးဟာ အဲ့လောက်တော့မဖြစ်လောက်ဘူးဆိုပြီး ကြည်‌့လိုက်တဲ့ အခါမှာ ဆေးစာအုပ်လေးရှိပါတယ်။ ဒါက ရန်ကုန်မှာပါခင်ဗျား။ အင်မတန်လည်းတတ်နိုင်ပါတယ်။ ပညာလည်းတတ်ပါတယ်။ ကလေးပြပြီးလို့ရှိရင် ရေးထားတာကြည့်လိုက်တော့ ပထမတစ်မျက်နှာမှာ ဆရာကြီးရဲ့ ချောင်းဆိုး၍ ပြဆိုပြီး ရေးထားပါတယ်။ နောက်တစ်ခါ နေမကောင်း၍ သွားပြတော့ ဝမ်းလျှော၍ ပြဆိုပြီးတော့ ရေးထားတယ်။ အဲ့ နောက်သုံး၊ လေး၊ ငါးရွက်လှန်လိုက်တော့ အန်၍ ပြဆိုပြီးတော့ရေးထားတယ်။ ဒါပေမယ့် Treatment တွေက အကုန်လုံးအမှန်ပါပဲ။ Standard Guideline နဲ့ အကိုက်ပါပဲ။ သို့သော် ဒီတစ်ခါမှာ ဘယ်လိုဖြစ်တာလဲဆိုတော့ ချောင်းလည်းဆိုးပြီး တော့၊ အန်လည်းအန်ပြီးတော့ ဝမ်းလည်းလျှောတဲ့အတွက် အဲ့ဒီသုံးမျိုးကို ပေါင်းတိုက်ပါတယ်ခင်ဗျား။ ဆရာကြီးဆီသွားဖို့လည်း အချိန်မရှိတာနဲ့ ဆရာကြီးဆီမသွားခင်ဆိုပြီးတော့ အိမ်မှာတိုက်လိုက်တယ်။ ချောင်းဆိုး၍ပြတဲ့ Treatment တစ်မျက်နှာ၊ ဝမ်းလျှော၍ ပြတဲ့ Treatment တစ်မျက်နှာ၊ အန်၍ ပြတဲ့ Treatment တစ်မျက်နှာပေါင်း၍ တိုက်လိုက်တဲ့အခါမှာ ကလေးကမနိုးတော့ပါဘူး။ ကျွန်တော် တို့ အနေနဲ့က ဒါကို မနည်းကယ်လိုက်ရတဲ့အတွက် ကလေးကတော့ အသက်ရှင်သွားပါတယ်။ ပညာ လည်းပေးပါတယ်။ ဆရာဝန်ကြီးများပေးထားသော ဆေးဖြစ်သော်လည်း အဲ့ဒီလိုပေါင်းတော့သောက် လို့ မရဘူး။ ဆေးတစ်ခုနဲ့ တစ်ခုမတည့်တာတွေရှိတဲ့အတွက်ကြောင့် အဓိကက Enforcement နှင့် Education ပါခင်ဗျား။ ကျွန်တော်တို့ Sub-Madication ကိစ္စကို ပြည်သူလူထုကိုရော၊ ဆေးရောင်း တဲ့ လူတွေကိုရော၊ ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေးဝန်ထမ်းတွေအားလုံးကို ပညာပေးဖို့ လိုပါတယ်။ ကျွန်တော်တို့အားလုံးက ဆရာဝန်တော်တော်များများလည်းဒီလိုပါပဲ။ ဆေးညွှန်းလည်း ပြည့်အောင် မသောက်ဘဲ နည်းနည်းသက်သာရင် ရပ်လိုက်ကြတဲ့လူတွေများပါတယ်။ ဒီဆေးနဲ့ ဟိုဆေး တည့်မတည့်မသိဘဲနှင့် တိုင်းရင်းဆေးနှင့် နိုင်ငံခြားဆေးလည်း တွဲသောက်ကြတာတွေ တွေ့တယ်။ ပညာပေးလုပ်ငန်းအများကြီးလုပ်ဖို့လိုပါတယ်။ Enforcement လည်းအများကြီးလုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့တော့ အဲ့ဒီထဲက လုပ်နည်းကိုင်နည်းတစ်ခုအနေနဲ့တော့ FDA ဟာ အားနည်းချက်တွေရှိတယ်။ ဝန်ထမ်းအင်အားဖွဲ့စည်းပုံလည်းနည်းတယ်။ အားနည်းတဲ့ အတွက် အရင်တုန်းက FDA ဟာ Drug ကိုပဲ စစ်နိုင်ပါတယ်။ Food ကို စစ်နိုင်တာမရှိပါဘူး။ ဒီနေ့ ဒီခေတ်မှာ FDA ရဲ့ Row ဟာ Food, Drug အပြင် Cosmetic ကိုစစ်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့လူမျိုးများဟာ ယောက်ျားရော၊ မိန်းမရော အလှပြင်ပစ္စည်းတွေ သုံးလာပါတယ်။ ကောင်းမကောင်းတော့မသိဘူး။ လိမ်းလိုက်ကြတာအများကြီးပါ။ Cosmetic ကိုစစ်ရတဲ့အပြင် နောက်ပိုင်းအခုသုံးနေတဲ့ Medical Devide ဆိုတာ လူတွေကို ထိခိုက်နိုင်မှုရှိ/မရှိ။ ကျွန်တော်တို့ ဌာန အနေနဲ့ကတော့ Food နဲ့ Drugကို မနည်းစစ်နေရတဲ့အတွက် Cosmetic အဆင့်ကို မလိုက်နိုင်သေး ပါဘူး။ Medical Devide ကိုလည်းစစ်ဖို့ ကျွမ်းကျင်တဲ့လူတွေ အခုအချိန်မှာ Training စပို့နေတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် FDA ဟာဖွဲ့စည်းပုံအသစ်လိုတဲ့အတွက် တိုးချဲ့ဖွဲ့စည်းဖို့လိုတဲ့ အတွက် ယခင် ကျန်းမာရေးဦးစီးဌာနအောက်မှာရှိတဲ့ Section လေးတစ်ခုဖြစ်တဲ့ Food and Drug and Administration ကို အခုချိန်ခါမှာ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်ကို တင်ပြပြီးတော့ သီးခြားအဖွဲ့အစည်းဌာန တစ်ခုအဖြစ်နဲ့ ဖွဲ့စည်းပုံကျလာပြီဖြစ်ပါတယ်။ ညွှန်ကြားရေးမှူးချုပ်တစ်ဦး ဦးဆောင်ပြီးတော့ ပြည်နယ်နှင့်တိုင်းများမှာပါ အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ဖို့အတွက် ရရှိပြီးဖြစ်ပါ တယ်။ ရရှိလာတဲ့ဖွဲ့စည်းပုံကိုလည်း လွှတ်တော်ကို တင်ပြထားပြီးဖြစ်ပါတယ်။ မကြာခင်မှာ ဘတ်ဂျက် ခွဲဝေပေးပြီးလို့ရှိရင် ခန့်ထားပြီးတော့ FDA ရဲ့ လုပ်ငန်းဆောင်တာများကို တိုးတက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အဲ့ဒီမှာ Training Capacity ကိုလည်း ကျွန်တော်တို့က တိုးရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံချဲ့လိုက်တဲ့အခါမှာ Training Capacity မှာ Internal Training Capacity ဆိုတော့ ကျွန်တော်တို့ ဌာနအတွင်းက သင်နိုင်တဲ့၊ လေ့ကျင့်ပေးနိုင်တဲ့ အတိုင်းအတာ အပြင် External Training Capacity လည်းလိုတဲ့အတွက် တတ်နိုင်သမျှ ကြိုးစားသွားမည်ဖြစ်ကြောင်းဖြေကြားပါသည်။