နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်မှာ အဓိကဆောင်ရွက်ရတဲ့ မြန်မာ့စီးပွားရေးဘဏ် မြို့နယ်ဘဏ်ခွဲများတွင် လွန်ခဲ့တဲ့အနှစ် ၃၀ ခန့်က ငွေသေတ္တာလက်ကျန်အမြဲတမ်းကန့်သတ်ချက် ၁၀ သန်းကနေ ၁၅ သန်းအထိကို ငွေကြေး တာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့် နောက်ပြီးတော့ ကျပ် ၁၅၀ သန်းကနေ သန်း ၂၀၀ အထိကိုငွေကြေးတာဝန်ခံဝန်ထမ်းငွေကိုင်(၁) နှင့် ငွေကိုင်(၂) ရာထူးအဆင့်များဖြင့် ခန့်ထား ဆောင်ရွက်တာကိုသိရပါတယ်။ ယခုအခါ မြို့နယ်ဘဏ်ခွဲများရဲ့ငွေကြေးသေတ္တာလက်ကျန် အမြဲတမ်း ကန့်သတ်ချက်ဟာ သန်း ၁၀၀၀ ကနေ သန်း ၁၅၀၀ အထိတိုးမြှင့်ထားရှိသော်လည်း ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၃) ရာထူးအဆင့်ဖြင့်သာခန့်ထားပြီးတော့ ခရိုင် ဘဏ်ခွဲများရဲ့ ငွေကြေးသေတ္တာလက်ကျန်အမြဲတမ်းကန့်သတ်ချက် ကျပ်သန်း ၁၅၀၀၀ ကနေ သန်း ၂၀၀၀၀ အထိ တိုးမြှင့်ထားပေမယ့် ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများကိုတော့ဖြင့် ငွေကိုင်(၂)၊ ငွေကိုင်(၁) ရာထူးအဆင့်ဖြင့်သာ ခန့်ထားဆဲဖြစ်တာကိုသိရပါတယ်။ သို့ပါ၍ မြို့နယ်ဘဏ်ခွဲများ၏ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား ငွေကိုင်(၂) သို့မဟုတ် ငွေကိုင်(၁) ရာထူးအဆင့်သို့ လည်းကောင်း၊ ခရိုင်ဘဏ်ခွဲများ၏ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများအား လက်ထောက်မန် နေဂျာ(ငွေကြေး)ရာထူးအဆင့်သို့လည်းကောင်း တိုးမြှင့်ခန့်ထားပေးပါမှ သင့်လျော်မည်ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ငွေကြေးတာဝန်ခံ၊ ငွေကြေးဝန်ထမ်းများ တာဝန်ယူရသည့်ငွေကြေးနဲ့ထိုက်တန်သော ရာထူးအဆင့်များတိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
မြန်မာ့စီးပွားရေးဘဏ်ဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဘဏ်ခွဲတွေဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာမှာ စီမံအုပ်ချုပ်ရေးအတွက် ရုံးချုပ်/ဌာနကြီး ၆ ခု၊ တိုင်းဒေသကြီး/ပြည်နယ်ရုံး ၁၄ ခုတို့အပြင် ခရိုင်အဆင့်ဘဏ်ခွဲ ၇၅ ခု၊ မြို့နယ်အဆင့်ဘဏ်ခွဲ ၂၀၉ ခုနှင့် ဘဏ်ငွေတိုက်ခွဲအဆင့် ၁၆ ခုနဲ့ ငွေစုဘဏ်ရုံးခွဲ ၁၀ ခု၊ စုစုပေါင်းဘဏ်ခွဲ ၃၁၀ ခု ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ရဲ့ ဖွဲ့စည်းပုံအရ မြို့နယ်ဘဏ်ခွဲများမှာရှိတဲ့ ငွေကြေးတာဝန်ကို ကြီးကြပ် ရေးမှူး၊ ငွေကြေးဝန်ထမ်းငွေကိုင်(၃) တို့နဲ့ဖွဲ့စည်းထားပြီး ခရိုင်ဘဏ်ခွဲများမှာရှိတဲ့ ငွေကြေးတာဝန်ခံ ကို လက်ထောက်မန်နေဂျာ(ငွေကြေး)၊ ငွေကိုင်(၁)၊ ငွေကိုင်(၂) တို့နဲ့ ဖွဲ့စည်းခန့်အပ်ဆောင်ရွက်လျက် ရှိပါတယ်။ မြို့နယ်ဘဏ်ခွဲများအနက် ငွေကြေးထိန်းသိမ်းလည်ပတ်တဲ့ ပမာဏများတဲ့ ဘဏ်ခွဲများ ဖြစ်တဲ့ ကျောက်ပန်းတောင်း၊ ပျဉ်းမနား၊ တွံတေး၊ လှည်းကူး၊ လပွတ္တာ၊ ကောလင်းနှင့် အောင်လံတို့မှာ ငွေကိုင်(၂) ရာထူးအဆင့်ကို တာဝန်ပေးအပ်ထားပါတယ်။ အလားတူ ခရိုင်ဘဏ်ခွဲ/ဘဏ်ခွဲကြီး ၇၅ ခု ရှိတဲ့အနက် ငွေကြေးထိန်းသိမ်းလည်ပတ်တဲ့ လုပ်ငန်းပမာဏများတဲ့ဘဏ်ခွဲ ၃၈ ခုရှိငွေကြေးခန်းများ မှာ ငွေကိုင်(၁)ရာထူးအဆင့်ကို တာဝန်ပေးအပ်ပြီးတော့ နေပြည်တော်ဘဏ်နှင့် ဘဏ်ခွဲ(၂)ရန်ကုန် တို့မှာ ငွေကြေးခန်းများမှာ လက်ထောက်မန်နေဂျာ (ငွေကြေး)ရာထူးအဆင့်ကို တာဝန်ပေးအပ် ဆောင်ရွက်လျက်ရှိပါတယ်။ ငွေကြေးထိန်းသိမ်းလည်ပတ်တဲ့ပမာဏများပြားမှုမရှိတဲ့ မြို့နယ်နှင့်ခရိုင် ဘဏ်ခွဲများမှာ ဖွဲ့စည်းပုံသတ်မှတ်ခွင့်ပြုချက်နှင့်အညီ စီစဉ်ဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အနေနဲ့ မိမိဘဏ်ခွဲများရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို အမြဲကြည့်ရှုလေ့လာ သုံးသပ်လျက်ရှိပြီးတော့မှ ပမာဏများပြားလာပြီးတော့ အမှန်တကယ်လိုအပ်လာပါက မြို့နယ်ဘဏ်ခွဲ များမှာ ငွေကိုင်(၂)ရာထူးထားရှိရေးနှင့်ခရိုင်ဘဏ်ခွဲများမှာ ငွေကိုင်(၁)ရာထူးထားရှိရေးသုံးသပ် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
