မန္တလေးမြို့ သီရိဟေမာအရှေ့ရပ်ကွက်ရှိ လုပ်အားရတနာဖိနပ်ချုပ်သမဝါယမအသင်းသားများပိုင် မြေနှင့်အဆောက်အဦကို မတန်တဆဈေးနှိမ်လေလံပစ်ရောင်းချလိုက်ပြီးရောင်းချငွေကို အသင်းသား များအားခွဲဝေမပေးခဲ့တဲ့ကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ကိုယ်စားမေးမြန်းသွားဖို့ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်မေးမြန်းမယ့် ယခုမေးခွန်းဟာ ဇာတ်ရည်လည်အောင်ရှင်းပြမှ သင့်တော်မှာဖြစ်တဲ့ အတွက် နောက်ခံအခြေအနေနှင့်အတူ တင်ပြမေးမြန်းခွင့်ပြုစေလိုပါတယ်။ လုပ်အားရတနာဖိနပ်ချုပ် သမဝါယမအသင်းသားဟောင်းများရဲ့တိုင်ကြားစာအရ ၎င်းတို့ရဲ့ သမဝါယမအသင်းကို ၁၉၆၄ ခုနှစ် မှာလုပ်သား ၅ ဦးက အစုငွေ ၅၀ ကျပ်စီထည့်ဝင်ကာ စုဆောင်းမတည်ပြီး စုပေါင်းဖိနပ်ချုပ်လုပ်ငန်း ကိုစတင်ထူထောင်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ အသင်းသား ၁၀၀ ခန့် တိုးတက်လာပြီး အသင်းသား တစ်ဦးကို အစုငွေ ၅၀၀ ကျပ်စီထည့်ဝင်ကာ သမဝါယမဥပဒေနှင့်အညီ လုပ်အားတံဆိပ်ဖိနပ် ကုန်ထုတ်သမဝါယမအသင်းကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အသင်းကြီးတိုးတက်အောင်မြင်လာ ခဲ့တဲ့အတွက် မန္တလေးမြို့ သီရိဟေမာအရှေ့ရပ်ကွက် အကွက်အမှတ် ၁၉၆ ဦးပိုင်အမှတ် ၂၅၊ ၂၆ ဂရန် မြေကွက်နှင့် မြေပေါ်ပါအဆောက်အဦများကို မူလပိုင်ရှင်ဦးမူရာလီဒါးလ်ထံမှ ၁၉၈၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့စွဲနဲ့ စာချုပ်ချုပ်ဆိုဝယ်ယူနိုင်ခဲ့တယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ဈေးကွက်စီးပွားရေး အခြေအနေများအရ အသင်းရဲ့အခြေအနေချိနဲ့လာမှုနှင့် အသင်းသားများရဲ့ အသင်းလုပ်ငန်းအပေါ် မှီခိုနိုင်မှုအားနည်းလာခြင်းအပေါ် အခွင့်ကောင်းယူပြီး တာဝန်ရှိသမဝါယမဦးစီးအရာရှိက အသင်းသားများနှင့်အလုပ်အမှုဆောင်အဖွဲ့တို့အကြား သဘောကွဲ အောင်လုပ်ဆောင်ပြီး သမဝါယမဥပဒေ၊ နည်းဥပဒေများကိုပစ်ပယ်ကာ အသင်းပြိုကွဲရေးဆောင်ရွက် ခဲ့တယ်လို့ဆိုပါတယ်။ အသင်းပြိုကွဲမှာကို မလိုလားတဲ့အသင်းသားများက အရပ်ရပ်ဆိုင်ရာ အစည်း အဝေးခေါ်ယူပေးဖို့ သက်ဆိုင်ရာမြို့နယ်သမဝါယမအရာရှိထံ ၂ ကြိမ်တိုင်တိုင်တောင်းဆိုခဲ့ပေမယ့် လက်မခံခဲ့ဘဲ အသင်းပြိုကွဲရေးလမ်းကြောင်းကိုသာ ဦးတည်လုပ်ဆောင်ခဲ့တဲ့အတွက် အသင်းပြို ကွဲသည်ဟူသော အကြောင်းပြချက်နဲ့ အသင်းကိုစာရင်းရှင်းလင်းဖျက်သိမ်းရန် ၁၄-၁-၂၀၀၉ ရက်နေ့စွဲ ပါအမိန့်အမှတ် (၈၅) ကိုထုတ်ပြန်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ၃-၂-၂၀၀၉ ရက်နေ့မှာ စာရင်း ရှင်းလင်းဖျက်သိမ်းရေးတာဝန်ခံအရာရှိက အသင်းသားများရဲ့စုဆောင်းငွေ ၃၅၄၉၂၉ ကျပ် ၅၀ ပြား အပါအဝင် ကုန်ချောများ၊ ကုန်ကြမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂများ၊ ရုံးသုံးပစ္စည်းများနှင့် အသင်းပိုင်မြေဂရန်အပါအဝင် အခြားပိုင်ဆိုင်မှုစာရွက်စာတမ်းအထောက်အထားများကို သက်သေအ ဖြစ်ဆောင်ရွက်တဲ့ ရယကများရဲ့ရုံးတံဆိပ်တုံးနှင့်လက်မှတ်များမပါရှိဘဲ အတင်းအဓမ္မသိမ်းယူသွားခဲ့ တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်မှာ ကာလပေါက်ဈေးကျပ်သိန်း ၆၀၀၀ လောက်တန်တဲ့ မြေနှင့် အဆောက်အဦကို ဝယ်လက်နဲ့နားလည်မှုယူပြီး ကျပ်သိန်း ၃၀၀၀ နဲ့သာ မတန်တဆဈေးနှိမ် လေလံ ပစ်ရောင်းချခဲ့ကာ အဲ့ဒီရောင်းချငွေတွေကိုလည်း အသင်းသားတွေကို ပြန်လည်ခွဲဝေပေးခြင်း မရှိတဲ့အ တွက် အသင်းသားများကမကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီလို မတရားလုပ်ဆောင်ခံရမှုနှင့် ပတ်သက် ပြီး ၂၃-၄-၂၀၀၉ ရက်နေ့က အသင်းသားများစုပေါင်းလက်မှတ်ရေးထိုးကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံတစ်ကြိမ်၊ ၄-၉-၂၀၁၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံထပ်မံပြီးတစ်ကြိမ် အသနားခံစာတင်ပြခဲ့ပေမယ့် စာမရောက်လို့လားမသိ အကြောင်းထူးမလာခဲ့ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသို့လည်း ၁၄-၁၂-၂၀၁၂ ရက်နေ့ကတစ်ကြိမ် စာရေးသားတိုင်ကြားခဲ့ပါသော်လည်း ယနေ့တိုင်မည်သို့မျှ အကြောင်းမထူးခဲ့ဘူးလို့ဆိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလိုကိစ္စရပ်များ ကျွန်တော်တို့တစ်နိုင်ငံလုံးမှာ အများ အပြားရှိနိုင်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ Clean Government, Good Governance ဖြစ်ရေးနှင့်တရားဥပဒေစိုးမိုးရေးကို အမှန်တကယ်အကောင်အထည်ဖော်သည့်အနေဖြင့် ယခင် အစိုးရဟောင်းလက်ထက်က ဖြစ်ပွားခဲ့တဲ့မတော်မတရားမှုများကိုဖော်ထုတ်ပြီး တရားနည်းလမ်းတကျ ဖြစ်စေ ရန်ဆောင်ရွက်ပေးနိုင်မှသာ ပြည်သူလူထုရဲ့ယုံကြည်အားကိုးမှုကို အစိုးရသစ်ကပြန်လည် ရရှိနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ထိုစဉ်က တာဝန်ရှိခဲ့သူများကိုအရေးယူအပြစ်ပေးရန် မဟုတ်ဘဲ ထိုစဉ်ကငွေကြေးအရ ပစ္စည်းဥစ္စာအရဆုံးရှုံးနစ်နာရသူများကို ပြန်လည်ခံစားရရှိစေရန်သာ ရည်ရွယ် ပြီးကျွန်တော့်အနေနဲ့ အောက်ပါမေးခွန်းများကိုမေးမြန်းလိုပါတယ်-
(၁) ပြဿနာစတင်ဖြစ်ပွားစကပင် ၎င်းတို့တင်ပြတိုင်တန်းခဲ့သောကိစ္စကို သက်ဆိုင်ရာ အထက်အဖွဲ့အစည်းက ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးခဲ့ပါသလား။
(၂) ထိုစဉ်က ပွင့်လင်းမြင်သာစွာစုံစမ်းစစ်ဆေးမှုများမပြုလုပ်ခဲ့ပါဟုဆိုလျှင် တစ်နိုင်ငံလုံးရှိ အလားတူကိစ္စရပ်များကို ယခုအချိန်တွင် ပြန်လည်စုံစမ်းစစ်ဆေးရန်အစီအစဉ်မျိုး ပြည်ထောင်စုအစိုးရတွင် ပေါ်လစီတစ်ရပ်ချမှတ်ထားရှိပါသလား။
(၃) ၎င်းတို့တင်ပြပြောဆိုသည့်အတိုင်း မူလပေါက်ဈေးအောက် များစွာလျော့နည်းသော တန်ဖိုးဖြင့် ဈေးနှိမ်လေလံပစ်ခဲ့ခြင်းမှန်ကန်သည်ဟုဆိုပါလျှင် ယခုကာလပေါက်ဈေးဖြင့် ထပ်မံလေလံပစ်ပြီး ရရှိလာသည့်ရောင်းရငွေမှ အရင်းငွေသိန်း ၃၀၀၀ နှင့် ကုန်ကျစရိတ် များကို မူလလေလံဆွဲဝယ်သူကိုပြန်အမ်းပေးလျက် ပိုမိုရရှိလာသည့်ငွေကြေးကို မူလ ပိုင်ရှင်များသို့ခွဲဝေပေးရန် အစီအစဉ်များချမှတ်သင့်ပါသလား။
(၄) ထိုသို့သောအစီအစဉ်မရှိဟုဆိုပါလျှင် လေလံတင်ရောင်းချရငွေသိန်း ၃၀၀၀ ကို မူလ အသင်းသားများအား အဘယ်ကြောင့်ခွဲဝေမပေးပါသနည်းဆိုတဲ့ မေးခွန်းများ ကိုမေးမြန်းပါသည်။
ဦးရဲထွန်း(သီပေါမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းဖြစ်ပါသည်
သမဝါယမဝန်ကြီးဖြေသွားတဲ့အတွက် သမဝါယမအသင်းတွေနှင့် ပတ်သက်တဲ့ဥပဒေကိုတော့ တစ်စုံတစ်ရာနားလည်လိုက်မိပါတယ်။ ဒါပေမယ့်ဒီအသင်းက သူတို့တင်ပြထားချက်အရရော ဝန်ကြီးရဲ့ဖြေကြားချက်မှာရော အသင်းသား တွေရဲ့ ကိုယ်ပိုင်ချွေးနှဲစာနဲ့ဝယ်ထားတဲ့အဆောက်အဦနှင့်မြေဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဟာကို နိုင်ငံတော်ရဲ့ဘဏ္ဍာတော်ထဲမှာ ထည့်သွင်းပြီးတော့မခွဲပေးတော့ဘူးဆိုတာဟာ တရားမျှတမှုရှိနိုင်ရဲ့လားလို့ မေးမြန်းပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ လုပ်အားရတနာဖိနပ်ချုပ် ကုန်ထုတ်သမဝါယမအသင်းသည် ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းခဲ့သောအသင်း ဟောင်းအား ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ အသင်းသား ၅၀ ဦးဖြင့် ၁၀-၉-၁၉၉၃ ရက်နေ့တွင်ပြန်လည်ဖွဲ့စည်းခဲ့တဲ့အသင်းဖြစ်ပါတယ်။ အသင်းအနေဖြင့် ၁၉၉၉ ခုနှစ်နောက်ပိုင်း အသင်းဥက္ကဋ္ဌ ဦးထွန်းတင်လက်ထက်တွင် အသင်းလုပ်ငန်းများ လုံးဝဆောင်ရွက်နိုင်ခြင်းမရှိသည့် အပြင် အသင်းသားများသိရှိခြင်းမရှိဘဲ အသင်းပိုင်မြေနှင့် အဆောက်အဦများငှားရမ်းခြင်း၊ တယ်လီဖုန်း အမှတ် ၀၂-၂၂၄၇၃ အားရောင်းစားခဲ့ခြင်း၊ အပ်ချုပ်စက် ၃ လုံး၊ မီးအားမြှင့်စက်၊ ရေစုပ်စက်နှင့် ဓာတ်ဆီပန့်တို့အားရောင်းချခဲ့ခြင်း၊ ရရှိသည့်ဝင်ငွေအား အသင်းစာရင်းသို့ပေးသွင်းမှုမရှိဘဲ မိမိ ကိုယ်ကျိုးအတွက်သုံးစွဲခဲ့ခြင်းများပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် ယခင်ဥက္ကဋ္ဌလက်ထက်မှာ အသင်းသား အဖြစ်မှ အရပ်ရပ်ဆိုင်ရာအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခဲ့သောအသင်းသားများအား မိမိ တစ်ဦးတည်း၏သဘောဖြင့် အသင်းသားများအဖြစ် ပြန်လည်လက်ခံ၍ ယင်းအသင်းသားများဖြင့်ပင် သက်ဆိုင်ရာသမဝါယမဦးစီးဌာနအဆင့်ဆင့်သို့ တင်ပြခြင်းမရှိဘဲ၊ အသင်းပိုင်မြေအား ရောင်းချရန် စီစဉ်ခြင်း၊ အသင်းပိုင်မြေပေါ်တွင် အကျိုးတူအဆောက်အဦ ဆောက်လုပ်ရန်စီစဉ်ခြင်း၊ ရရှိသည့် ငွေအားခွဲဝေယူရန်စီစဉ်ဆောင်ရွက်ခြင်းစသည့် မမျှတတဲ့ စီမံခန့်ခွဲမှုတို့ကြောင့် ဦးဇော်ဝိတ်ပါ အသင်း သား ၂၆ ဦးမှ ၃၀-၆-၂၀၀၈ ရက်စွဲပါစာဖြင့် လုပ်အားရတနာ ဖိနပ်ချုပ်ကုန်ထုတ်သမဝါယမအသင်း အလုပ်အမှုဆောင်အဖွဲ့အား ပြန်လည်ဖွဲ့စည်းပေးပါရန် တင်ပြတောင်းခံခြင်းနှင့် အသင်းငွေကြေးအား အလွဲသုံးစားပြုလုပ်ခြင်းအပေါ် အရေးယူပေးပါရန် ကိစ္စဟူသောခေါင်းစဉ်ဖြင့် အောင်မြေသာစံ မြို့နယ် သမဝါယမဦးစီးဌာနသို့အသင်းသားများကိုယ်တိုင် လာရောက်တိုင်ကြားခဲ့ပါတယ်။
ယင်းတိုင်ကြားစာနှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ဒေါ်တင်တင် ဦးစီးမှူးခေါင်းဆောင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍စစ်ဆေးခဲ့ရာမှာ အထူးစုံစမ်းစစ်ဆေး ရေးအဖွဲ့၏စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအရ အသင်းဥက္ကဋ္ဌ ဦးထွန်းတင်မှာ ဦးဇော်ဝိတ်၏ တင်ပြ စာပါအတိုင်း အသင်းပိုင်ပစ္စည်းများဖြစ်သော အပ်ချုပ်စက် ၃ လုံး ၆၀၀၀၀ိ/- ၊ မီးအားမြှင့်စက် ၂၅၀၀၀ိ/- ၊ ရေစုပ်စက်(မော်တာပန့်) ၃၅၀၀၀ိ/- နှင့် ဓာတ်ဆီပန့် ၁၅၀၀၀ိ/- ၊ စုစုပေါင်း ၁၃၅၀၀၀ိ/- ဖြင့်ရောင်းချထားခြင်း၊ အသင်းဆိုင်၏မျက်နှာစာလက်ဝဲဘက်ခြမ်းအား ဆိုင်ခန်း ၃ ခန်းဆောက်လုပ်၍ တစ်ခန်းကို အောင်ပါရမီဆေးဆိုင်သို့လည်းကောင်း၊ ကျန်နှစ်ခန်းအား ကုန်မျိုးစုံဆိုင်သို့လည်းကောင်း၊ ၂ နှစ်စာချုပ်ချုပ်ဆို၍ တစ်လလျှင် တစ်ခန်းအတွက် ၄၀၀၀၀ိ/- နှုန်းဖြင့် ၃ ခန်းအတွက် ၆ လစာ ၇၂၀၀၀၀ိ/- ၊ အသင်းဆိုင်လက်ယာဘက်ခြမ်းအား တစ်လလျှင် ၉၀၀၀၀ိ/- နှုန်းဖြင့် ၆ လစာ ကြိုတင် ရယူငွေ ၅၄၀၀၀၀ိ/- ၊ စုစုပေါင်းအသင်းဆိုင်ငှားရမ်းခ ၁၂၆၀၀၀၀ိ/- အားကြိုတင်ရယူထားခြင်းနှင့် တယ်လီဖုန်းအမှတ် ၀၂-၂၂၄၇၃ အား အောင်ပါရမီဆေးဆိုင်သို့ပေးထားခြင်းတို့အား အမှန်တကယ် ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုထားကြောင်းစစ်ဆေးတွေ့ရှိရပါတယ်။ သမဝါယမဦးစီးဌာနမှ ပြန်လည်ပေးသွင်းဖြေရှင်းဆောင်ရွက်ရန် အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းခြင်းမပြုခဲ့တဲ့အပြင် တိမ်းရှောင်နေတဲ့အတွက်ကြောင့် ဥက္ကဋ္ဌဦးထွန်းတင်အား အသင်းသားအဖြစ်မှ ရပ်စဲရန်နှင့် ကျန် အမှုဆောင်များမှအသင်းအား လွှဲပြောင်းလက်ခံရယူရန် သမဝါယမအသင်းဥပဒေ ပုဒ်မ၂၅(ဆ)အရ အကြောင်းကြားခဲ့ပါတယ်။ အသင်းအမှုဆောင်သို့ အသင်းပိုင်ပစ္စည်းအားစနစ်တကျ လွှဲပြောင်းပေး အပ်ရန် မြို့နယ်သမဝါယမဦးစီးဌာနက ၈-၈-၂၀၀၈ ရက်စွဲပါစာဖြင့် အသင်းဆိုင်သို့လာရောက် ရှင်းလင်းရန် အသင်းဥက္ကဋ္ဌ ဦးထွန်းတင်သို့ထပ်မံအကြောင်းကြားခဲ့သော်လည်း လာရောက်ခြင်းမရှိခဲ့ ပါ။ အသင်းအနေဖြင့်လည်း ဦးဇော်ဝိတ်ပါ အသင်းသားဟောင်း ၂၆ ဦး၊ ဥက္ကဋ္ဌဦးထွန်းတင် ပြန်လည် ခန့်အပ်ခဲ့သော ဦးသာဌေးပါ အသင်းသား ၂၀ ဦးနှင့် ကျန်အသင်းသားများအချင်းချင်း စည်းလုံး ညီညွတ်မှုမရှိဘဲ အသင်းအတွင်းအုပ်စု ၃ စုကွဲနေပြီး အပြန်အလှန်တိုင်ကြားကာ စည်းလုံးညီညွတ်မှု ပျက်ပြားမှုများဖြစ်ပေါ်ခဲ့ပါတယ်။
အသင်းဥက္ကဋ္ဌ ဦးထွန်းတင်အား အသင်းသားများမှတိုင်ကြားချက်အရ စုံစမ်းစစ်ဆေးခဲ့ရာမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များဖြစ်သော အသင်းပိုင်ပစ္စည်းများအားရောင်း ချသုံးစွဲခြင်း၊ ဌားရမ်းခများကြိုတင်ရယူသုံးစွဲထားခြင်းစသည့် အလွဲသုံးစားပြုလုပ်ထားခြင်းအား လာရောက်ရှင်းလင်းရန် အကြောင်းကြားသော်လည်း လာရောက်ရှင်းလင်းမှု မရှိခြင်းတို့ကြောင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ၁၂-၈-၂၀၀၈ ရက်စွဲပါစာအမှတ်၊ ဇ-၂-၂/၀၈(၀၂၂၃) ဖြင့် အောင်မြေသာစံမြို့နယ် အမှတ်(၅) ရဲစခန်းတွင်အမှုဖွင့်ခဲ့ပါတယ်။ ယင်းရဲစခန်းမှ FIR အမှတ် ၃၁၉/၂၀၀၈(၂၉-၈-၂၀၀၈)၊ ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရုံးသို့ ဥပဒေအကြံဉာဏ်များတောင်းခံခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ဥပဒေရုံးမှ ဦးထွန်းတင်၏ အလွဲသုံးစားမှုပေါ်ပေါက်သဖြင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ အရ တရားစွဲဆိုတင်ပို့ သင့်ကြောင်း ၂၀-၂-၂၀၀၉ ရက်စွဲပါစာအမှတ်၊ ၉(၂)၁/၄(၃၂၁)ဖြင့် အကြံပြုပြန်ကြားခဲ့ပါတယ်။ ၎င်းအကြံပြုချက်အရ အသင်းဥက္ကဋ္ဌ ဦးထွန်းတင်အား ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါတယ်။ ဥက္ကဋ္ဌဦးထွန်းတင်မှာ အမှုဖွင့်အရေးယူခြင်းခံရသဖြင့် သာသနာ့ဘောင်ဝင်ရောြက်ပီး ထွက်ပြေးတိမ်း ရှောင်သွားခဲ့ပါတယ်။ ဦးထွန်းတင် အလွဲသုံးစားပြုလုပ်ထားသည့်ပေးလျော်ရန် တာဝန်ရှိငွေများအား ဦးထွန်းတင်၏ မိသားစုမှပေးလျော်ခဲ့ပြီး ဦးထွန်းတင်အနေဖြင့် အသက်အရွယ်ကြီးရင့်နေခြင်း၊ သာသနာ့ဘောင်သို့ အပြီးဝင်ရောက်လိုခြင်းနှင့် အသင်းကိစ္စများမှာ ပါဝင်စွက်ဖက်ခြင်းများမပြုတော့ ကြောင်းဝန်ခံချက်ဖြင့် အမှုပိတ်သိမ်းပေးရန် အသနားခံတင်ပြလာသဖြင့် အသင်းမှဥပဒေနှင့်အညီ အမှုပိတ်သိမ်းပေးခဲ့ပါတယ်။
ထို့အပြင် အသင်းအားဆက်လက်ထားရှိပါက အသင်းသားများ စည်းလုံးညီညွတ်မှုပျက်ပြား နေခြင်းနှင့် သမဝါယမဂုဏ်သိက္ခာ၊ သမဝါယမပုံရိပ်ညှိုးနွမ်းမှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း တို့ကြောင့် မြို့နယ်သမဝါယမဦးစီးဌာနနှင့် တိုင်းဒေသကြီးသမဝါယမဦးစီးဌာနတို့မှ စာရင်းရှင်းလင်း ဖျက်သိမ်းရန်ထောက်ခံတင်ပြခဲ့သဖြင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ သမဝါယမ အသင်းဥပဒေ ပုဒ်မ ၂၅ အရ အသင်းအား ၁၄-၁-၂၀၀၉ ရက်စွဲပါစာရင်းရှင်းအမိန့်အမှတ် (၈၅) ဖြင့် စာရင်းရှင်းလင်းဖျက်သိမ်းမိန့်ထုတ်ပြန်ခဲ့ပြီး အောင်မြေသာစံမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာ ရှိအား စာရင်းရှင်းတာဝန်ခံအဖြစ် တာဝန်ပေးခန့်အပ်ခဲ့ပါတယ်။
အသင်း၏ဥက္ကဋ္ဌနှင့် အမှုဆောင်များသည် အများဆန္ဒရယူခြင်းမရှိဘဲ အသင်းပိုင်ရင်းနှီးပစ္စည်း များအား ငှားရမ်းခြင်း၊ ရောင်းချခြင်းများပြုလုပ်ပြီး ငွေကြေးအလွဲသုံးစားမှုပြုလုပ်ခြင်းနှင့် အသင်းသား အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဘဲ အပြန်အလှန်တိုင်ကြားနေခြင်းတို့ကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီးပွင့်လင်းမြင်သာစွာ စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ စာရင်းရှင်းတာဝန်ခံသည် စာရင်း ရှင်းလင်းရန် စာရင်းရှင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အမိန့်စာရရှိသည့် ၂-၂-၂၀၀၉ ရက်နေ့မှစ၍ အသင်းအမှုဆောင်များထံမှ အသင်း၏လက်ဝယ်ရှိငွေ၊ မှတ်တမ်းစာအုပ်၊ ပစ္စည်းများ၊ စာရင်းများ၊ စာရွက်စာတမ်းများအား လက်ခံရယူ၍ စာရင်းရှင်းအမှုတွဲဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ အသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းမည့်အစား ဥပဒေနှင့်အညီ အရပ်ရပ်ဆိုင်ရာအစည်းအဝေးခေါ်ယူဖွဲ့စည်း ပေးနိုင်ပါရန် အသင်းဒုတိယဥက္ကဋ္ဌ ဦးသာဌေးပါ အသင်းသားများမှ သမဝါယမဝန်ကြီးဌာန ဝန်ကြီးထံအယူခံလွှာတင်ပြလာခြင်းအပေါ် ၁၉-၃-၂၀၀၉ ရက်နေ့ သမဝါယမဝန်ကြီးဌာန၏ စီမံခန့်ခွဲ ရေးကော်မတီအစည်းအဝေး ၆/၂၀၀၉ တွင် သက်ဆိုင်ရာအမှုတွဲများ၊ စစ်ဆေးချက်အစီရင်ခံစာများကို အသေးစိတ်လေ့လာသုံးသပ်ဆွေးနွေးပြီး အသင်းအားစာရင်း ရှင်းလင်းဖျက်သိမ်းသင့်သည့် ဖြစ်ရပ် များဖြစ်ပေါ်နေခြင်းမှာ မှန်ကန်ပါသဖြင့် သမဝါယမဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီမှ သမဝါယမ အသင်းဥပဒေပုဒ်မ ၂၇ အရ အသင်းအားစာရင်းရှင်းလင်း ဖျက်သိမ်းရန်အမိန့်ချမှတ်ထားသည့် သမဝါယမဦးစီးဌာန၏စာရင်းရှင်းအမိန့်ကို အတည်ပြုခဲ့ကြောင်း ဆုံးွဖတ်ခဲ့ပါသဖြင့် စာရင်းရှင်း တာဝန်ခံမှ စာရင်းရှင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ သမဝါယမအသင်းဥပဒေပုဒ်မ ၂၇ တွင် စာရင်းရှင်းလင်းဖျက်သိမ်းရန်ချမှတ်သည့် ညွှန်ကြားရေးမှူးချုပ်၏အမိန့်ကိုမကျေနပ်ပါက ရက်ပေါင်း ၆၀ အတွင်း ဝန်ကြီးထံအယူခံဝင်နိုင်သည်။ ဝန်ကြီး၏အဆုံးအဖြတ်သည် အပြီးအပြတ် ဖြစ်စေရမည်ဟုပြဋ္ဌာန်းထားသဖြင့် ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ စာရင်းရှင်းလင်းသည့် မြေ၊ အဆောက်အဦနှင့်လုပ်ငန်းသုံး ပရိဘောဂပစ္စည်းများအား စာရင်းရှင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ ထုခွဲရောင်းချနိုင်ရေး သမဝါယမဦးစီးဌာနအဆင့်ဆင့်သို့ တင်ပြခဲ့ရာ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၏ ၃၀-၃-၂၀၀၉ ရက်စွဲပါစာအမှတ်၊ င-ဖ-၇(၂၂၉)၂၀၀၉ အရ ခွင့်ပြုခဲ့ပြီး လေလံတင်ရောင်းချရေးအဖွဲ့အား မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်အဖွဲ့ခေါင်းဆောင်သော ကြီးကြပ်ရေး အဖွဲ့ဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် အကြောင်းကြားခဲ့ပါတယ်။ ၂-၄-၂၀၀၉ ရက်နေ့တွင် လုပ်အားရတနာ ဖိနပ်ချုပ်ကုန်ထုတ် သမဝါယမအသင်းပိုင် သီရိမာလာအရှေ့ကွင်း အမှတ် ၁၉၆ ဦးပိုင်အမှတ် ၂၅၊ ၂၆(က)နှင့် မြေပေါ်ရှိအဆောက်အဦ ၂ လုံး၊ လုပ်ငန်းသုံးပစ္စည်းများ၊ ပရိဘောဂများ၊ လျှပ်စစ်မီတာ စသည့်ပစ္စည်းများကို ဈေးပြိုင်စနစ်ဖြင့် ၂၈-၄-၂၀၀၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အသင်းပိုင် နေရာ၌ လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ၇-၄-၂၀၀၉ ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာနှင့် ၂၁-၄-၂၀၀၉ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာတို့တွင် ကြေညာခြင်း၊ ရယကရုံး နှင့် သက်ဆိုင်ရာတို့တွင် ကြော်ငြာကပ်၍ အများပြည်သူသိရှိရန် ပွင့်လင်းမြင်သာစွာဆောင်ရွက် ခဲ့ပါတယ်။ လေလံပွဲကျင်းပသည့်နေ့၌ လုပ်အားရတနာဖိနပ်ချုပ်ကုန်ထုတ် သမဝါယမအသင်းဆိုင်တွင် မြို့နယ်လေလံတင်ရောင်းချရေးအဖွဲ့၊ တိုင်းသမဝါယမဦးစီးဌာန လေလံကြီးကြပ်ရေးအဖွဲ့များဖြင့် ကြမ်းခင်းဈေးကျပ်သိန်း ၂၅၀၀ စတင်သတ်မှတ်၍ ဈေးပြိုင်လေလံတင် စနစ်ဖြင့်လေလံတင်ထုခွဲ ရောင်းချခဲ့ရာ လေလံဝင်ရောက်ယှဉ်ပြိုင်သူများအနေဖြင့် ဦးဝင်းမိုးအောင် မှတ်ပုံတင်အမှတ်၊ ၉/မတန(နိုင်)၀၅၉၉၁၈၊ ဒေါ်သင်းသင်းစိုး မှတ်ပုံတင်အမှတ်၊ ၅/ဗမန(နိုင်)၀၀၃၀၀၉၊ ဦးထွန်းဝေ မှတ်ပုံတင်အမှတ်၊ ၅/ရကန(နိုင်)၀၃၃၃၉၆ နှင့် ဦးဟန်စော မှတ်ပုံတင်အမှတ်၊ ၉/မနတ (နိုင်)၀၇၁၄၄၈ ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လေလံဆွဲဝယ်ယူသူများမှ အပြိုင်အဆိုင် ဈေးနှုန်း တိုးမြှင့်ပေးကြရာတွင် တတိယအကြိမ်၌ ဦးထွန်းဝေမှ ကျပ်သိန်း ၂၉၀၀၊ ဦးဟန်စောမှ ကျပ်သိန်း ၂၉၅၀၊ ဒေါ်သင်းသင်းစိုးမှ ကျပ်သိန်း ၂၉၅၀၊ ဦးဝင်းမိုးအောင်မှ ကျပ်သိန်း ၂၇၅၀ အသီးသီး တင်သွင်းခဲ့ကြပါတယ်။ စတုတ္တအကြိမ်တွင် ဦးထွန်းဝေ၊ ဒေါ်သင်းသင်းစိုးနှင့် ဦးဝင်းမိုးအောင်တို့မှ ဈေးပြိုင်ပေးနိုင်ခြင်းမရှိတော့ဘဲ ဦးဟန်စောမှ အမြင့်ဆုံးဈေးကျပ်သိန်း ၃၀၀၀ သို့ဈေးနှုန်းတိုးမြှင့် ပေးခဲ့ပါသဖြင့် ဦးဟန်စောမှလေလံအောင်မြင်ခဲ့ပါတယ်။ ၃-၂-၂၀၀၉ ရက်နေ့တွင် မန္တလေးနေ့စဉ် သတင်းစာ၌ စာရင်းရှင်းဆဲ လုပ်အားရတနာဖိနပ်ချုပ်ကုန်ထုတ်အသင်းမှ စာရင်းရှင်းလုပ်ထုံး လုပ်နည်းများနှင့်အညီ ထုတ်ပေးနိုင်ရန်အတွက် ရရန်ရှိသူမြီရှင်များက မိမိတို့ရရန်ရှိသည် များကို ၅-၉-၂၀၀၉ ရက်နေ့ထက် နောက်မကျဘဲတင်ပြတောင်းခံရန် ပွင့်လင်းမြင်သာစွာကြေညာခဲ့ပြီး ၂၉-၄-၂၀၀၉ ရက်နေ့မှာ အသင်းသား ၅၄ ဦးအားပေးရန်ရှိသော အစုငွေများနှင့် အသင်းသားတစ်ဦးလျှင် ပံ့ပိုးငွေ ၁၀၀၀၀ ကျပ်အား ငွေပေးပြေစာတွင် တံဆိပ်ခေါင်းကပ်၍ လက်မှတ်ရေးထိုးပြီးထုတ်ပေးခြင်း၊ ရရန်ရှိသည်များကိုတောင်းခံခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ စာရင်းရှင်းတာဝန်ခံမှ လေလံတင် ရောင်းချရငွေကျပ်သိန်း ၃၀၀၀ မှ ဝင်ငွေခွန်ကျပ်သိန်း ၃၀၀ ကိုပေးဆပ်ပြီးနောက် အသင်း၏ လက်ကျန်ရှင်းတမ်းပါပေးရန်၊ ရရန်များကို သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီရှင်းလင်း၍ စာရင်းရှင်းပိုလျှံငွေကျပ်သိန်းပေါင်း ၂၆၉၂.၅ သိန်းအား CRF ရန်ပုံငွေများထိန်းသိမ်းကြီးကြပ်ရေးလုပ်ငန်းစဉ်အရ CRF ရန်ပုံငွေစာရင်းသို့ပေးသွင်းခဲ့ပြီး အသင်း အားမှတ်ပုံတင်စာရင်းမှပယ်ဖျက်ရန် ညွှန်ကြားရေးမှူးချုပ်သို့တင်ပြခဲ့သဖြင့် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ သမဝါယမအသင်းဥပဒေပုဒ်မ ၃၁ အရ သမဝါယမအသင်းများ မှတ်ပုံတင် စာရင်းမှပယ်ဖျက်သည့် အမိန့်အမှတ် (၄၀) ဖြင့်မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့ပါတယ်။ သမဝါယမ အသင်းဥပဒေပုဒ်မ ၂၈(က)(ခ)တွင် အသင်းအား စာရင်းရှင်းလင်းဖျက်သိမ်းရန် အမိန့်ချမှတ် ပြီးနောက်အသင်း၏စာရင်း ရှင်းလင်းဖျက်သိမ်းသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ မည်သည့်တရားရုံး ကမျှအရေးယူပိုင်ခွင့်မရှိစေရ။ စာရင်းရှင်းတာဝန်ခံခန့်အပ်ထားပြီးဖြစ်သော သမဝါယမအသင်းအား ညွှန်ကြားရေးမှူးချုပ်၏ခွင့်ပြုချက်မရရှိဘဲ တရားစွဲဆိုခြင်း၊ အခြားနည်းဖြင့်အရေးယူခြင်းမပြုရဟု ပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်ပါ၍ လုပ်အားရတနာဖိနပ်ချုပ်ကုန်ထုတ်သမဝါယမအသင်း၏ မြေနှင့် အဆောက်အဦ၊ ရုံးသုံးပရိဘောဂ ပစ္စည်းများလေလံတင်ထုခွဲရောင်းချရာတွင် မြို့နယ်လေလံတင် ရောင်းချရေးအဖွဲ့နှင့် တိုင်းသမဝါယမ ဦးစီးဌာနလေလံကြီးကြပ်ရေးအဖွဲ့များအနေဖြင့် အများမြင်သာ အောင်ကျယ်ကျယ် ပြန့်ပြန့်ကြော်ငြာ၍ စာရင်းရှင်းလုပ်ထုံးလုပ်နည်းများနှင့် သတ်မှတ်လေလံ စည်းကမ်းချက်များနှင့်အညီပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းအချိန်ကာလ၏ သင့်လျော်သည့် ဒေသပေါက်ဈေးနှုန်းဖြင့်လည်း ရရှိခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ (၉/၉၂) ဖြင့် ထုတ်ပြန်တဲ့ သမဝါယမအသင်းဥပဒေအရ ၁၉၇၀ ပြည့်နှစ် သမဝါယမအသင်းဥပဒေဖြင့် တည်ထောင်ခဲ့သော သမဝါယမအသင်းများအား စည်းကမ်း အသစ်များဖြင့် ပြန်လည်ဖွဲ့စည်းရာတွင်အသင်း၏ ရပိုင်ခွင့်နှင့်ပေးရန်တာဝန်များကို ရှင်းလင်းဆောင် ရွက်ရာမှ နောက်ဆုံးကျန်ရှိတဲ့ အသားတင်ပိုလျှံငွေကို သမဝါယမအသင်းများနဲ့ဆိုင်သော ပြန်လည်ဖွဲ့ စည်းရေးရန်ပုံငွေ Common Restructuring Fund အဖြစ်သတ်မှတ်၍ ဖြစ်ပေါ်လာသော သမဝါယမအသင်းများသို့ ရပိုင်ခွင့်များ အားလုံးကို အရင်းမပျောက်မတည်ငွေအဖြစ် လွှဲပြောင်းပေး အပ်ခဲ့ပြီး ဖွဲ့စည်းရေးကော်မရှင် အဆင့်ဆင့်၏ထိန်းသိမ်းကြီးကြပ်မှုဖြင့်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ် သမဝါယမဥပဒေဖြင့်စတင်ဖွဲ့စည်းပြီး ၁၉၉၂ ခုနှစ် ဥပဒေဖြင့်ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော အသင်းများနှင့်ပတ်သက်၍ အသင်း၏ရင်းနှီးပစ္စည်းများသည် အသင်းသားပိုင်မဟုတ်ဘဲ အသင်းပိုင် ပစ္စည်းများသာဖြစ်တဲ့အတွက် စာရင်းရှင်းလင်းလုပ်ထုံးလုပ်နည်းများအရ စာရင်းရှင်းလင်းဖျက်သိမ်း ရာတွင် အသင်း၏ပေးရန်၊ ရရန်များကို ရှင်းလင်းပြီးနောက် ပိုလျှံသည့်ငွေများကို ပြည်ထောင်စုတစ်လုံး တစ်စုတည်းသောရန်ပုံငွေ UCF နှင့် သမဝါယမအသင်းများနဲ့ဆိုင်သော ပြန်လည်ဖွဲ့စည်းရေးရန်ပုံငွေ CRF စာရင်းသို့ပေးပို့ရပါတယ်။ လုပ်အားရတနာဖိနပ်ချုပ်ကုန်ထုတ် သမဝါယမအသင်းရှိ မြေ၊ အဆောက်အဦနှင့် ရင်းနှီးပစ္စည်းများမှာ သမဝါယမအသင်းများနဲ့ဆိုင်သော ပြန်လည်ဖွဲ့စည်းရေး ရန်ပုံငွေ CRF ပိုင်ပစ္စည်းများဖြစ်ပါသဖြင့် အသင်းသားပိုင်ပစ္စည်းများမဟုတ်သောကြောင့် အသင်းသား များ၏အစုငွေ၊ စုဆောင်းငွေနှင့် ၎င်းတို့အပေါ်မှရရှိမည့်အကျိုးအမြတ်များကိုသာ ထုတ်ပေးခဲ့ပြီး CRF ပစ္စည်းများလေလံတင် ရောင်းချရရှိငွေများအား သမဝါယမအသင်းများ ပြန်လည်ဖွဲ့စည်းရေးရန်ပုံငွေ သို့ ပြန်လည်ပေးသွင်းခဲ့ခြင်းဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေ၊ ၁၉၉၈ ခုနှစ် သမဝါယမအသင်းနည်းဥပဒေ စာရင်းရှင်းလုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ဖြေကြားပါသည်။
သမဝါယမဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးသန်းထွန်း
ဒီအသင်းဟာ ၁၉၇၀ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ မြန်မာ့ဆိုရှယ်လစ်ခေတ်မှာဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ အသင်း ဖွဲ့စည်းစဉ်က အသင်းသားတစ်ဦးလျှင် အစုငွေ ၅၀ ကျပ်ထည့်ဝင်ခဲ့ပြီးတော့ အသင်း၏လိုအပ်ချက်၊ မြေနှင့်အဆောက်အဦ၊ ကုန်ကြမ်းပစ္စည်းများကို နိုင်ငံတော်ပံ့ပိုးကူညီမှုဖြင့်စတင်ဆောင်ရွက်ခဲ့ပါတယ်။ ထိုစဉ်က အသင်းပိုင်မြေ၊ အဆောက်အဦနှင့် လုပ်ငန်းသုံးပစ္စည်းများသည် အသင်းသားများ၏ ရင်းနှီးပစ္စည်းမဟုတ်ဘဲနဲ့ အစိုးရ၏အထောက်အပံ့ရယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် (၉/၉၂) ဖြင့် ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေကိုပြဋ္ဌာန်းခဲ့ ပါတယ်။ ၎င်းအသင်းများကို ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီပြန်လည်ဖွဲ့စည်းရာမှာ နိုင်ငံတော်မှမတည်ပေးထားတဲ့ အသင်းပိုင်ပစ္စည်းများမပျောက်ပျက်စေရေးအတွက် အသင်းသား များကိုထိန်းသိမ်းဆောင်ရွက်စေခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ သမဝါယမ အသင်းများကို စာရင်းရှင်းလင်းဖျက်သိမ်းရာမှာ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေနှင့်အညီ ပြန်လည်ဖွဲ့စည်းတဲ့ အသင်းဟောင်းများ၏စာရင်းရှင်းပိုလျှံငွေများကို သမဝါယမအသင်းများပြန်လည် ဖွဲ့စည်းရေးရန်ပုံငွေ CRF သို့ပေးသွင်းစေပြီး ခေတ္တထိန်းသိမ်းထားပါတယ်။ ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိတဲ့ အသင်းဟောင်းများ၏စာရင်းရှင်းပိုလျှံငွေများကို ပြည်ထောင်စုရဲ့တစ်လုံးတစ်ခဲတည်းရန်ပုံငွေ UCF သို့ပေးသွင်းရပါတယ်။ အသင်းကိုစာရင်းရှင်းလင်းဖျက်သိမ်းရာမှာ သမဝါယမအသင်းဥပဒေနှင့် အညီ အသင်းသားများရဲ့အစုရှယ်ယာကို ပြန်လည်ထုတ်ပေးပြီးတော့ ပိုလျှံငွေကို ပြည်ထောင်စုရဲ့ တစ်လုံးတစ်ခဲတည်းရန်ပုံငွေသို့ပေးသွင်းရပါတယ်။ ပြည်ထောင်စုရဲ့တစ်လုံးတစ်ခဲတည်းရန်ပုံငွေ UCF ဟာ သမဝါယမအသင်းများအကျိုးအတွက် အသင်းကလိုအပ်လာတဲ့အခါမှာ နိုင်ငံတော်မှခွင့်ပြုချက် ရယူပြီး အသင်းရဲ့အကျိုးအတွက်သုံးစွဲခဲ့ရပါတယ်။ ဥပမာအားဖြင့် မြန်မာ့စီးပွားရေးဘဏ်ချေးငွေများ ပြန်လည်ပေးဆပ်ရာတွင် ပြန်လည်ပေးဆပ်ရန်အခြေအနေမရှိတော့တဲ့ သမဝါယမအသင်းအတွက် ချေးငွေကျပ်သန်း ၄၆၃.၅၆ သန်းအားလည်း ပြည်ထောင်စုတစ်လုံးတစ်ခဲတည်းရန်ပုံငွေမှထုတ်ပေး ခဲ့ရတာဖြစ်ပါ ဖြေကြားပါသည်။
