(စ)-အုတ်တွင်းမြို့နယ် ညောင်ခြေထောက် ကျေးရွာရှိ ကြောင်ပိန်ချောင်း ရထားကူးလမ်းတံတားအား ရေကြီး နစ်မြုပ်မှုမှ ကာကွယ်ရန် ပြုပြင်ပေးရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၅) ရက်မြောက်နေ့ (၆.၂.၂၀၁၃)

ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာဆိုလို့ရှိရင် ကျွန်တော်တို့ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကနေပြီးတော့ တည်ဆောက်ထားတဲ့ ရထားလမ်းကူးတံတားအမှတ် ၂၂၀ ဟာဆိုလို့ရှိရင် ကြောင်ပိန်ချောင်းကိုဖြတ်ပြီးတော့ ဆောက်လုပ်ထားပါတယ်။ အဲ့ဒီတံတားဟာဆိုလို့ရှိရင် ကျွန်တော်တို့ မြေပြင်ကနေအထက် ၄ ပေ ၆ လက်မပဲရှိပြီးတော့ တံတားရဲ့အကျယ်ဟာဆိုလို့ရှိရင် ပေ ၃၀ ခန့် ရှိပါ တယ်။ အဲ့ဒီတံတားကို ကျွန်တော်တို့အုတ်တိုင်ကြီး ၂ တိုင်နဲ့ ထောက်ပြီးတော့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီတံတားတွေရဲ့ ခန်းဝင်အကျယ်ကတော့ ၁၀ ပေနီးပါးခန့်ရှိပါတယ်။ အဲ့ဒီကြောင်ပိန် ချောင်းဟာဆိုလို့ရှိရင် မိုးရွာတဲ့အခါမှာ တောင်ကျချောင်းရေတွေကျလာပြီးတော့ အဲ့ဒီတောင်ကျ ချောင်းမှာဆိုလို့ရှိရင် အတူပါလာတဲ့သစ်တုံးကြီးတွေ၊ အကိုင်းအခက်တွေ၊ အမှိုက်သရိုက်တွေဟာ ဆိုလို့ရှိရင် စောစောကတင်ပြထားတဲ့ တံတားကြီးရဲ့အုတ်တိုင်တွေမှာသွားပြီးတော့ ငြိပြီးတော့ ရေစီး ရေလာအတွက်အနှောင့်အယှက်ဖြစ်ကာ ကျွန်တော်တို့ အဲ့ဒီရေတွေဟာဆိုလို့ရှိရင် ချောင်းတွင်းကရေ တွေဟာ မြို့တွင်းကိုဖြတ်ပြီးတော့ မြို့မှာရှိတဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေမှာသွားပြီးတော့ကြီး ပါတယ်။ ရေကြီးတဲ့အပြင်ကျွန်တော်တို့ အိမ်ခြေ ၄၀၀ကျော်ရှိပါတယ်။ လူဦးရေအားဖြင့် ၂၀၀၀ ကျော် ရှိတဲ့ အဲ့ဒီအိမ်တွေအထိပါ ရေကဝင်ရောက်တဲ့အတွက် ကျွန်တော်တို့ အသက်အိုးအိမ်လည်း ထိခိုက်စရာအကြောင်းရှိပါတယ်။ နောက်လမ်းတွေပျက်တယ်။ စာသင်ကျောင်းတွေပျက်တယ်။ ဒါ့အပြင် ကျွန်တော်တို့ရထားလမ်းတွေ ရေကျော်တဲ့အတွက်ကြောင့်မို့လို့ ရထားဟာဆိုလို့ရှိရင် အဲ့ဒီတံတားမှာရေကြီးပြီဆိုတာနဲ့ ရထားတွေခဏခဏရပ်ပြီးတော့ ခရီးသွားပြည်သူတွေအတွက် စိတ်အနှောင့်အယှက်များစွာဖြစ်ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို မြို့ခံ၊ ဒေသခံပြည်သူ တွေကနေပြီးတော့ တောင်းဆိုချက်အရ ကျွန်တော်တို့ အဲ့ဒီတံတားကြီးကို အမြန်ဆုံးပြုပြင်စေလိုပါ တယ်။ တံတားရဲ့အုတ်တိုင်တွေကို ကျွန်တော်တို့ ဖြောင့်ဝင်သော်လည်းကောင်း၊ အခြေက ၄ ပေ ၆ လက်မပဲအမြင့်ရှိတဲ့အတွက်ကြောင့် အင်မတန်မှကျဉ်းတဲ့အတွက်ကြောင့်မို့လို့ အဲ့ဒီဥစ္စာကို အမြင့်ပဲ ထားထား သို့မဟုတ် အခြားနည်းပညာနဲ့ပဲဖြစ်ဖြစ် အကူအညီပေးစေလိုကြောင်း ဒေသခံပြည်သူတွေရဲ့ လိုလားချက်အရ ကျွန်တော်အောက်ပါမေးခွန်းကို မေးမြန်းသွားမှာဖြစ်ပါတယ်။ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ ဒီရထားလမ်းကူးတံတားအမှတ် ၂၂၀ အား ပြုပြင်ပေးရန် အခြေအနေရှိ၊ မရှိ သိရှိလိုပါကြောင်းနှင့် ပြုပြင်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ပြုပြင်မယ် ဆိုတာကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးချန်မောင်
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညီညီမြင့်မှ ကြယ်ပွင့်ပြမေးခွန်းအဖြစ် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာမှာရှိတဲ့ ကြောင်ပိန်ချောင်းတံတား ရထားလမ်းကူးတံတားကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန် ပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းပြီးတော့ သိလို‌‌တဲ့အ‌ကြောင်း မေးမြန်းလာပါတယ်။ ကြောင်ပိန်ချောင်းတံတားဟာ ရန်ကုန်-မန္တလေးရထားလမ်း၊ ညောင်ခြေထောက်နှင့် ‌ဇေယျဝတီကြား မိုင်(၁၄၃/၁-၂) မှာတည်ရှိပြီးတော့ ပေ ၃၀ အကျယ်ရှိ ၁၀ပေ ၃ခန်း သံပေါင်တံတားဖြစ်ပါတယ်။ မိုးကာလ တောင်ကျရေလာတဲ့အခါမှာ ရထားလမ်းမျက်နှာပြင်အထက် ၆လက်မ မှ ၈လက်မ ခန့်ထိ ရေကျော်လေ့ရှိပါတယ်။ သံပေါင်နှင့် ချောင်းကြမ်းပြင်(Bed level) အကွာအဝေးကတော့ ၅ပေ ခန့်သာရှိပါတယ်။ ရေကျော်တဲ့အခါမှာ အင်ဂျင်နီယာအချက်ပြနဲ့ ရထားစေလွှတ်ရပါတယ်။ ရံဖန်ရံခါ ရေကျော်မှုများလို့ရှိရင် ရထားကို အချိန်အနည်းငယ်ရပ်တန့်စောင့်ဆိုင်းပြီးမှ စေလွှတ်ရလေ့ရှိပါတယ်။

အဆိုပါရထားတံတား ပြုပြင်ဆောင်ရွက်ရေးတွင် လတ်တလောအားဖြင့် ဘူတာရဲ့အဝင်ပွိုင့်နဲ့ ပေ ၅၀ သာကွာဝေးတဲ့အတွက်ကြောင့် တံတားကိုမြှင့်တင်လိုက်မယ်ဆိုပါက ဘူတာယာဒ်ဝင်း တစ်ခုလုံးကိုပါ ပြန်လည်မြှင့်တင်ပြီးတော့ပြုပြင်ရမှာ ဖြစ်တဲ့အပြင် ဘူတာကိုဝင်တဲ့ အစုန်/အဆန် ရထားလမ်းများကိုပါ ပြုပြင်ရမှာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းပမာဏ ကြီးမားတဲ့အတွက်ကြောင့် စီမံကိန်းအသစ်တစ်ရပ်အနေနဲ့ ဆောင်ရွက်ရမှာဖြစ်ခြင်းကိုတွေ့ရပါတယ်။ နောက်တစ်ခုကတော့ ရေလမ်းကြောင်းရဲ့ကမ်းတစ်ဖက်တစ်ချက်မှာ လူနေအိမ်တွေ နီးကပ်စွာ တည်ရှိနေတဲ့အတွက်ကြောင့် ချောင်းရဲ့အကျယ်ကို Water Way ကိုချဲ့ပြီးတော့ တံတားအကျယ်ကို တိုးချဲ့ဆောက်လုပ်မယ် ဆိုရင်လည်း အဆိုပါလူနေအိမ်များ ရွှေ့ပြောင်းပေးရမှာဖြစ်ခြင်း၊ ရေလမ်းကြောင်းကောင်းဖို့အတွက် လက်ရှိတည်ဆောက်ထားတဲ့ ရေလည်တိုင်တွေကို ဖျက်သိမ်းမယ်ဆိုရင်လည်း ယခင်က ၁၀ ပေ သံပေါင်အမြင့်က ၁ ပေ နဲ့ ၆ လက်မသာရှိပါတယ်။ အကယ်၍ ဖျက်ပြီးတော့ ပေ ၄၀ သံပေါင်ကို ကျွန်တော်တို့အကျယ်အနေနဲ့အသုံးပြုမယ်ဆိုရင် အဲ့ဒီသံပေါင်ရဲ့အမြင့်ဟာ ၄ ပေရှိတဲ့အတွက် ကြောင့် နဂိုကနည်းနေတဲ့ ရေလမ်းလွတ်ကင်းမှုဟာလည်းပိုပြီးတော့ နည်းသွားနိုင်တာတွေ့တဲ့ အတွက်ကြောင့် ရေလည်တိုင်များကို ဖျက်သိမ်းမှုပြုရန်လည်းမဖြစ်နိုင်ကြောင်း တွေ့ရှိရခြင်းစသည့် ကန့်သတ်ချက် များရှိနေကြောင်း တွေ့ရှိရပါတယ်။

ယခုအခါ မြို့ရွာများတိုးတက်ဖွံ့ဖြိုးစည်ပင်လာတဲ့အလျောက် အဆိုပါတံတားကို ရေစီးဝင် ရောက်မှုလမ်းကြောင်းအနေအထားများ ပြောင်းလဲနိုင်ခြင်းကြောင့်လည်းကောင်း၊ အစောက ကျွန်တော်တင်ပြခဲ့တဲ့ ကန့်သတ်ချက်များကြောင့်လည်းကောင်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန တစ်ခုတည်းအနေနဲ့ လတ်တလောဆောင်ရွက်၍မရနိုင်တဲ့အတွက်ကြောင့် သက်ဆိုင်ရာပဲခူးတိုင်း ဒေသကြီး အစိုးရရဲ့အကူအညီနဲ့ ဆည်မြောင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရေအရင်းမြစ်ဦးစီးဌာနတို့ရဲ့ ကျွမ်းကျင်တဲ့ ပညာရှင်များပါဝင်တဲ့အဖွဲ့ ဖွဲ့စည်းပြီးတော့ အချိန်ယူ လေ့လာပြီး အဖြေရှာရန် လိုအပ်လျက်ရှိပါတယ်။ အဲ့ဒီကိစ္စကိုလည်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ကျွန်တော်တို့ဝန်ကြီးဌာန ညှိနှိုင်းလျက်ရှိပါတယ်။ အဲ့ဒီအဖွဲ့မှာ မြန်မာ့မီးရထားကတာဝန်ရှိသူများကို ကိုယ်စားလှယ်အဖြစ် ပါဝင်ပြီးတော့ သက်ဆိုင်ရာအပိုင်းအလိုက် ပြုပြင်ပေးရမယ့် ဖော်ထုတ်တွေ့ရှိ ချက်များအရ ယခုနှစ်မိုးမကျမီဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အကြောင်း ဖြေကြားပါသည်။