(ဂ)-မော်ကွန်းရုပ်ရှင်မှ နိုင်ငံ၏နေရာအနှံ့သို့ သတင်းစဉ်များကို လှည့်လည်ပြသသည့် လုပ်ငန်းပြန်လည် ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ (၈.၃.၂၀၁၃)

 

နိုင်ငံတော်ရဲ့ ခေတ်စနစ်ပြောင်းလဲမှုအခြေအနေမှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူလူထု အားလုံးသိရှိနိုင်ဖို့အတွက် သတင်းမီဒီယာကဏ္ဍဟာ အရေးကြီးတယ်လို့ ယူဆပါတယ်။ သတင်း မီဒီယာတွေခေတ်စနစ်နှင့်အညီ အများကြီးပေါ်ထွက်လာပါတယ်။ သတင်းစာတွေ၊ ဂျာနယ်တွေ၊ စာစောင်တွေ၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်တဲ့လိုင်းများစွာ၊ ရေဒီယိုအသံလွှင့်တဲ့ လိုင်းများစွာလည်း ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေ ပြည်သူလူထုဟာ အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှု အခြေ အနေတွေ တိုးတက်လာတဲ့အခြေအနေတွေကို မှန်မှန်ကန်ကန်သိနိုင်ဖို့အတွက် လက်လှမ်းမမီနိုင်သေး တဲ့ အနေအထားကို ရှိပါတယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်း လက်အောက်မှာရှိတဲ့ သတင်းမော်ကွန်း ရုပ်ရှင်ဌာနကနေပြီးတော့ ဟိုးအရင်နှစ်ပေါင်းများစွာတုန်းက နိုင်ငံအနှံ့မှာရှိတဲ့ ကျေးလက်ပြည်သူ တွေကို သတင်းရုပ်ရှင်မော်ကွန်းကားများ လှည်‌့လည်ပြသခြင်းဟာ ကျေးလက်နေပြည်သူတွေအတွက် ဆွဲဆောင်နိုင်မှုရှိပြီး စိတ်ဝင်စားမှုရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ဒီလုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်သင့်တယ်လို့ယူဆပြီး ဒီမေးခွန်းကို မေးရခြင်းဖြစ်ပါတယ်ခင်ဗျား။

နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေးစနစ် ပြောင်းလဲဖြစ်ပေါ်တိုးတက်မှုများအား ပြည်သူလူထုအကြား သိရှိနိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်သည့် မော်ကွန်းရုပ်ရှင်မှ နိုင်ငံ၏နေရာအနှံ့အပြားသို့ သတင်းစဉ်များ လှည့်လည်ပြသသည့် လုပ်ငန်းများပြန်လည် ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါတယ်။ အစီအစဉ်ရှိပါကလည်း နိုင်ငံတော်ရဲ့တိုးတက်ပြောင်းလဲနေမှု ပကတိအခြေအနေတွေကို နိုင်ငံတော်အတွင်းမှာရှိတဲ့ အခြေခံအကျဆုံး ပြည်သူလူထုသိရှိနိုင်ဖို့ မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းရဲ့ လုပ်ငန်းတာဝန်များ အနက်မှ သတင်းရုပ်ရှင်ကားများ၊ မော်ကွန်းသတင်းကားများနဲ့ ပတ်သက်ပြီး ရိုက်ကူးထုတ်လုပ်ခြင်းကို မော်ကွန်းရုပ်ရှင်ရုံးခွဲမှ ဆောင်ရွက်လျက်ရှိပါတယ်။ တင်ပြပါ ရိုက်ကူးထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်တဲ့အခြေအနေများကတော့ နိုင်ငံတော်အကြီးအကဲများရဲ့ နိုင်ငံတကာချစ်ကြည်ရေး ခရီးစဉ် များနှင့် မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ အကြီးအကဲများ၊ ဧည့်သည်တော်များ လာရောက်လည်ပတ် တဲ့ခရီးစဉ်များ၊ နိုင်ငံတော်အကြီးအကဲများ၏ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည် ကြည့်ရှုတဲ့ခရီးစဉ်များ၊ လွှတ်တော်အစည်းအဝေးများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကိစ္စရပ် အစီအစဉ်များ၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းကိစ္စရပ် အစီအစဉ်များ၊ မြန်မာ တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြင့်တဲ့ အခမ်းအနားများ၊ နိုင်ငံတော်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ အမျိုးသားနေ့နှင့် တပ်မတော်နေ့အခမ်းအနားစတဲ့ အခမ်းအနားတွေမှာ အစီအစဉ်များ ရိုက်ကူးလျက် ရှိပါတယ်။

          ရိုက်ကူးထုတ်လုပ်တဲ့ သတင်းကား၊ မော်ကွန်းကားများကို ပြည်သူလူထု ဗဟုသုတရရှိရေး၊ အသိပညာတိုးပွားရေး၊ အပန်းဖြေစေရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရုပ်ရှင်ရုံတွေမှာ ပြသခြင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့များ၏ စီစဉ်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မော်ကွန်းပြသမှုဌာနစုများက ဖျော်ဖြေရေး ရုပ်ရှင်ဇာတ်ကား များနှင့် ပူးတွဲပြီး နယ်မြေဒေသအတွင်းမှာ လှည့်လည်ပြသပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မြန်မာ့ရုပ်ရှင် လုပ်ငန်း၊ မော်ကွန်းရုပ်ရှင်ရုံးခွဲရဲ့ မော်ကွန်းပြသမှုဌာနစုများကို ရှမ်းပြည်နယ် လာရှိုးမြို့၊ ကျိုင်းတုံ မြို့များအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့တော်များမှာ ပြသမှုဌာနစု ၁၆ ခုကို ပြသရေးဝန်ထမ်း ၅၃ ဦး၊ ရုပ်ရှင်ပြဇာတ်အစုံ ၁၈ စုံဖြင့်ဖွဲ့စည်းဖြန့်ကြက်ထားရှိပါကြောင်း တင်ပြအပ် ပါတယ်။ အထက်ကတင်ပြခဲ့တဲ့ မော်ကွန်းရုပ်ရှင်ပြသမှုဌာနစု ၁၆ ခုဟာ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ သတင်းနဲ့မော်ကွန်းမှတ်တမ်းများ၊ ဖျော်ဖြေရေးရုပ်ရှင်ဇာတ်ကားများနဲ့ တွဲဖက်ပြီး ပြသမှုအနေနဲ့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း၂၂၄ ပွဲ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ စုစုပေါင်း ၂၈၅ ပွဲ ပြသနိုင်ခဲ့ပါတယ်။ အထက်ဖော်ပြပါ ပြသမှုများအနက် မွန်ပြည်နယ်အတွင်းမှာ ပြသနိုင်မှုကတော့ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ ၁၈ ပွဲနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်းမှာ ၃၁-၁-၂၀၁၃ ရက်နေ့အထိ ၇၀ ပွဲ ကို သက်ဆိုင်ရာပြည်နယ်အစိုးရရဲ့ စီစဉ်ဆောင်ရွက် မှုဖြင့်ပြသနိုင်ခဲ့ပါတယ်။

          နိုင်ငံတကာမှာ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုအခြေအနေဟာ ဖလင်စနစ်မှ Digital စနစ်ကို ပြောင်းလဲဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၅ ခုနှစ် ဝန်းကျင်မှာ ဖလင်အသုံးပြုပြီး ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ခြင်းကို နိုင်ငံတကာမှာ ရပ်ဆိုင်းပြီး Digital စနစ်ဖြင့်ရိုက်ကူးထုတ်လုပ်တော့မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်း မော်ကွန်းရုပ်ရှင်ရုံးခွဲဟာ ဖလင်ကိုအခြေခံသော ရိုက်ကူးထုတ်လုပ်မှု ပြသမှု စနစ်များကို ဆောင်ရွက်နေသဖြင့် အဆိုပါကာလသို့ ရောက်ရှိပါက ဖလင်ဖြင့်ရိုက်ကူးခြင်း၊ ပြသခြင်း စနစ်ကို ရပ်ဆိုင်းပြီး Digital စနစ်သို့ ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ သို့ရာတွင် ဖလင် စနစ်နဲ့ရိုက်ကူးထုတ်လုပ်ပြသမှုများကို ဖလင်ရရှိနေသောကာလအတွင်း ဆက်လက်ထုတ်လုပ် ပြသခြင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဖလင်အစားထိုးပေါ်ပေါက်လာတဲ့ Digital စနစ်နဲ့ ရိုက်ကူး ထုတ်လုပ်ပြသခြင်းကိုလည်း ခေတ်နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ရိုက်ကူးပြသနိုင်ရေးအတွက် လိုအပ်တဲ့စက်များကို ဝယ်ယူပြီး သတင်းနှင့်မော်ကွန်းမှတ်တမ်းများ ရိုက်ကူးထုတ်လုပ်၍ ပြည်သူလူထု အတွင်း လှည့်လည်ပြသခြင်းများကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။