(ဈ)-လွှတ်တော်များအနေဖြင့် နှစ်စဉ်ဘဏ္ဍာရေး အသုံးစရိတ်များအထဲမှလိုအပ်ချက် များကိုဆောင်ရွက်ပေးလျက်ရှိရာဆောင်ရွက် ပြီးစီးမှုအခြေအနေများကို လွှတ်တော်မှတစ်ဆင့် ပြည်သူသို့ပြောကြားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၃ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲ(ခ)တွင်ပါသော အသုံးစရိတ် ၄ မျိုးကလွဲ၍ လွှတ်တော်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်အရ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊   လျော့၍ခွင့်ပြုခြင်း တို့ကို အများဆန္ဒနှင့် အညီဆောင်ရွက်နိုင်သည်ဟု ပါရှိကြောင်း၊ ယနေ့ ဒီမိုကရေစီစနစ် ကိုဖော်ဆောင်သည့်အခါ လွှတ်တော်များ ခိုင်ခိုင်မာမာ ရှိရန်အတွက် အင်အားပြည့်ဝနေဖို့လိုပါကြောင်း၊ လွှတ်တော်၏စေတနာနှင့် ဆောင်ရွက်ချက်ကို ပြည်သူများသိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် ၂ နှစ်တာကာလ ဆောင်ရွက်မှုများနှင့်၊ နောင်လာမည့်ဘတ်ဂျက်များတွင် လွှတ်တော်က ဆောင်ရွက်ပေးမည့် ကိစ္စများကို ပြည်သူသိအောင်မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။ သက်ဆိုင်ရာ ဝန်ကြီးဌာနများက မည်သို့ိုပံ့ပိုးပေးမည်နည်း ဆိုသည့်မေးခွန်းများဖြစ်ပါကြောင်း၊လွှတ်တော်များအနေဖြင့် ပြည်သူလူထု အကျိုးစီးပွား အတွက်ရည်ရွယ်ပြီး ပြည်သူများလက်ငင်းတွေ့ကြုံနေရသော အခက်အခဲတွေပြေလည်စေရန် ပြည်သူ့ဆန္ဒ အရ ဖော်ဆောင်စီမံ ဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပါကြောင်း၊ လွှတ်တော်၏စေတနာကို ပြည်သူများသိစေ ရန် ဆောင်ရွက်ပြီးစီးသော အခြေအနေများ၊ အနာဂတ်တွင်ဆောင်ရွက်မည့်အခြေအနေများကို လွှတ်တော်ကမည် သို့ ဆောင်ရွက်မည်ဆိုတာကို မေးမြန်းသွားခဲ့ပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

လွှတ်တော်များအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရရဲ့ နှစ်စဉ်ဘဏ္ဍာရေးအသုံးစရိတ်များတင်ပြသည့်အထဲမှ ပြည်သူလူထု လက်ငင်းကြုံတွေ့နေရသော အခက်အခဲများပြေလည်စေရန် မဖြစ်မနေဦးစားပေးဆောင်ရွက်ရန် လိုအပ်တဲ့ လိုအပ်ချက်များကို ပြည်သူလူထုဆန္ဒအရ ဖော်ဆောင်စီမံဆောင်ရွက်ပေးလျက်ရှိရာမှာ လွှတ်တော်ရဲ့စေတနာကို ပြည်သူလူထုသိရှိစေရေးဆောင်ရွက်ပြီးစီးခဲ့မှု အခြေအနေများကို လွှတ်တော် မှတစ်ဆင်‌့ ပြည်သူသို့ပြောကြားပေးရန် အစီအစဉ်ရှိ။မရှိနှင့်စပ်လျဉ်းတဲ့ မေးခွန်းနှင့်ပတ်သက်ပြီး ဖြေကြားသွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၃ ပုဒ်မခွဲ(က)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေများပုဒ်မ ၈၆(က)တို့အရ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကိုလည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၀၃ (င)နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၂ (က) တို့ အရ ပြည်ထောင်စုရဲ့နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကိုလည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတ သို့မဟုတ် ယင်းကတာဝန်ပေးအပ်တဲ့ပုဂ္ဂိုလ်က ပြည်ထောင်စု လွှတ်တော်ကို တင်သွင်းရပါတယ်။ ဒီဥပဒေကြမ်းတွေတင်သွင်းတဲ့အခါမှာ နိုင်ငံတော်သမ္မတကိုယ်စား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကနေပြီးတော့ နိုင်ငံတော်ရဲ့အရအသုံး လျာထားမှုစာရင်းများကို ရှင်းလင်းပြောကြားရာမှာ အရေးကြီးတဲ့အသုံးစရိတ်များကိုထည်‌့သွင်း ပြောကြားလျက်ရှိပါတယ်။ နောင်ရှင်းလင်းပြောကြားရာမှာလည်း ဆက်လက်ပြီးတော့ ထည်‌့သွင်း ပြောကြားသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုလက်ငင်းကြုံတွေ့နေရတဲ့အခက်အခဲတွေ ပြေလည်စေဖို့ မဖြစ်မနေဦးစားပေးဆောင်ရွက်ရန်လိုအပ်ချက်တွေကို ပြည်သူလူထုဆန္ဒအရ လွှတ်တော်များက ဖော်ဆောင်စီမံဆောင်ရွက်ပေးမှုအခြေအနေများကိုလည်း လွှတ်တော်မှတစ်ဆင့် ပြည်သူများသိရှိအောင် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက လွှတ်တော်မှာတက်ရောက်ဖြေ ကြားခြင်းဖြင့်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နှစ်စဉ်ဘတ်ဂျက်မှာလည်း ပြည်ထောင်စုဝန်ကြီးဌာန များအနေနဲ့ လွှတ်တော်ကိုပေးအပ်ထားတဲ့ ကတိကဝတ်နှင့်ပတ်သက်ပြီးတော့လည်း ဦးစားပေးထည်‌့ သွင်းပြီးတော့ လျာထားတာတွေရှိပါတယ်။ နောက် ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့လည်း ကတိကဝတ်နှင့်ပတ်သက်တဲ့ အကောင်အထည်ဖော်မှု အခြေအနေတွေကိုလည်း လွှတ်တော်ရဲ့ ကတိကဝတ်ကော်မတီနဲ့အမြဲမပြတ်ထိတွေ့ပြီးတော့ တင်ပြလျက်ရှိပါတယ်။ လွှတ်တော်ကိုလည်း နှစ်စဉ်ပေါ့။ ပြည်ထောင်စုဝန်ကြီးဌာနများအနေနဲ့က ဘတ်ဂျက်အကောင်အထည်ဖော်မှု အခြေအနေ တွေပေါ့။ ၆ လပတ်အစီရင်ခံစာကိုလည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေနဲ့ စုစည်းပြီးတော့မှ တင်ပြအစီရင်ခံလျက်ရှိပါတယ်။ လိုအပ်ပါက လွှတ်တော်မှာ ထပ်မံပြီးတော့မှ ပြည်သူများသိရှိအောင် အကောင်အထည်ဖော်စီမံဆောင်ရွက်ပေးမှုအခြေအနေတွေကို တင်ပြနိုင်ဖို့ကိစ္စကိုလည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများကို ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုအသုံးစရိတ်များနှင့် အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ရန်ကျန်ရှိတဲ့ အခြေအနေစာရင်းတွေကို မှတ်တမ်းပြုစုထားရှိဖို့ဆိုပြီးတော့ အစိုးရအဖွဲ့ရုံးအနေနဲ့လည်းညွှန်ကြားထားပြီးဖြစ်ပါတယ်။ ကျွန်တော် လိုအပ်လို့ရှိရင် စာရင်းဇယားတွေကို လွှတ်တော်ကို ပံ့ပိုးပေးနိုင်ပါကြောင်းရှင်းလင်းဖြေကြား ပါသည်။