(စ)-တရားဝင်သုံးစွဲလျက်ရှိသော ငွေစက္ကူများ ဆိုဒ်တူ၊ အရွယ်တူဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၃)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေပုဒ်မ ၃၆ ပုဒ်မခွဲ(င)တွင် နိုင်ငံတော်သည် တရားဝင်ထုတ်ဝေ ထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဟုပြဋ္ဌာန်းပါရှိပါတယ်။ နိုင်ငံတော်ကတရားဝင် သုံးစွဲနေသော ငွေကြေးကို အာမခံချက်ပေးထားခြင်းကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်၊ သောကစိတ်မရှိဘဲ ကျေနပ်မှုများဖြင့် သုံးစွဲလျက်ရှိကြောင်း တွေ့မြင်ရပါတယ်။ နိုင်ငံတော်တွင် တရားဝင်သုံးစွဲလျက်ရှိသော ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ငွေစက္ကူများသည် အဟောင်းမှာ ဆိုဒ်ကြီးပြီး အသစ်မှာ ဆိုဒ်သေးများဖြစ်နေခြင်းကြောင့် အဟောင်း အသစ်ရောနှောနေရာတွင် ပုံသဏ္ဍာန်အရလည်းကောင်း၊ ရေတွက်ရာတွင်လည်းကောင်း၊ အခက်အခဲ များ ကြုံတွေ့နေကြရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တရားဝင်သုံးစွဲလျက်ရှိသော ၂၀၀ ကျပ် တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ငွေကြေးများကို အချို့မှာ ဟောင်းနွမ်းနေခြင်း၊ အချို့မှာ ဖြူလျော့လျော့ဖြင့် အရောင်ပျက်နေခြင်းတို့ကြောင့် ဈေးဝယ်ဈေးရောင်းကိစ္စများတွင် မယူဘူး၊ မရဘူးဆိုပြီး စကားများ ရန်ဖြစ်သည့်အခြေအနေမျိုးလည်း ပေါ်ပေါက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအလို့ငှာ အောက်ပါမေးခွန်းများအား မေးမြန်းရခြင်းဖြစ်ပါသည်။ မေးခွန်း(၁) တရားဝင် သုံးစွဲလျက်ရှိသော ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန် ငွေစက္ကူများကို ဆိုဒ်တူ၊ အရွယ်တူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ မေးခွန်း(၂) အဆိုပါဆိုဒ်ကြီးငွေစက္ကူ အဟောင်းများ အား ပြန်လည်သိမ်းဆည်းပြီး ဆိုဒ်တူ၊ အရွယ်တူငွေစက္ကူများ ထုတ်ပေးရန်အစီအစဉ်ရှိ/မရှိ၊ မေးခွန်း(၃) တရားဝင်သုံးစွဲလျက်ရှိသော အဆိုပါငွေစက္ကူများအား ဆိုဒ်တူ၊ အရွယ်တူသုံးစွဲနိုင်ရေးအတွက် မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
အဖြေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ပုံစံ   ွခ‌င်္သေ့မင်းရုပ်ပုံပါ CBM Lion အရွယ်အစားအကြီး ၂၀၀ ကျပ်၊ ၅၀၀ ကျပ်နှင့် ၁၀၀၀ ကျပ်တန်ငွေစက္ကူတွေကို ဖော်ပြပါအတိုင်း ထုတ်ဝေခဲ့ပါတယ်။ ၂၀၀ ကျပ်တန် ငွေစက္ကူကိုတော့ စတင်ထုတ်ဝေတာက ၂၇-၃-၁၉၉၀ မှာဖြစ်ပါတယ်။ ၅၀၀ ကျပ်တန်ငွေစက္ကူကိုတော့ ၂၇-၃-၁၉၉၄  ထုတ်ဝေပြီးတော့ ၁၀၀၀ ကျပ်တန်ငွေစက္ကူကို ၂၅-၁၁-၁၉၉၈ မှာ ထုတ်ဝေခဲ့ပါတယ်။ အရွယ်အစားအားဖြင့်တော့ ဆိုဒ်ကြီးဖြစ်ပြီးတော့ အလျား ၁၆၇ မီလီမီတာနှင့် အနံ ၈၀ မီလီမီတာ ဖြစ်ပါတယ်။ အထက်ပါ ငွေစက္ကူတွေဟာ နိုင်ငံတကာသုံး ငွေကြေးအရွယ်အစားထက်ကြီးနေတဲ့ အတွက် နိုင်ငံတကာသုံးငွေစက္ကူအရွယ်အစားဆိုဒ်နဲ့အညီ ကေသရာဇာ ွခ‌င်္သေ့မင်းရုပ်ပုံပါ CBM King Lion ငွေစက္ကူအသစ်တွေကို ၁၁-၁၀-၂၀၀၄ ရက်နေ့မှာ ဖော်ပြပါအရွယ်အစားအတိုင်း ထုတ်ဝေခဲ့ပါတယ်။ အရွယ်အစားအားဖြင့် အလျား ၁၅၀ မီလီမီတာနှင့် အနံ ၇၀ မီလီမီတာဖြစ်ပါတယ်။ ယင်းသို့ အရွယ်အစားသေးငွေစက္ကူများ ထုတ်ဝေပြီးတဲ့နောက်မှာ အရွယ်အစားကြီး ငွေစက္ကူတွေကို ဘဏ်များနဲ့ လူပုဂ္ဂိုလ်များကို ပြန်လည်ထုတ်ဝေခြင်းမပြုတော့ပဲ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကဘဏ်များ လက်ဝယ်မှာရှိတဲ့ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်တန် CBM Lion အရွယ်အစားကြီး ငွေစက္ကူတွေ ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းလာပါက လက်ခံပြီး ယင်းဘဏ်များသို့ CBM King Lion အရွယ်အစားသေး ငွေစက္ကူများကိုသာ ထုတ်ဝေဖြန့်ဖြူး လျက်ရှိပါတယ်။ အလားတူပင် ပြည်သူများက CBM King Lion အရွယ်အစားကြီး ငွေစက္ကူများကို လာရောက်လဲလှယ်ခဲ့ပါကလည်း CBM King Lion အရွယ်အစားသေး ငွေစက္ကူများနဲ့ ပြန်လည်လဲလှယ်ပေးလျက်ရှိပါတယ်။ သို့ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးနဲ့အရွယ်အစားတူ ငွေစက္ကူများကို သာ ၁၁-၁၀-၂၀၀၄ ရက်နေ့မှစ၍ယနေ့တိုင် ထုတ်ဝေလျက်ရှိပြီး လက်ခံရရှိတဲ့ ငွေစက္ကူအရွယ်အစား ကြီးများကို ပြန်လည်ထုတ်ဝေခြင်းမပြုတော့ဘဲ သိမ်းဆည်းလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။