(ဆ)-အဆင့်မီသော မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဝယ်ယူရရှိရေးနှင့် အဆင်‌့မမီသော မြွေဆိပ်ဖြေဆေးများ ဝယ်ယူမသုံးစွဲမိအောင် မည်ကဲ့သို့ ကာကွယ်တားဆီးသင်‌့သည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃)

‌မြွေဆိပ်ဖြေဆေးနဲ့ ပတ်သက်လို့ဖြစ်ပါတယ်။ တောင်သူများ မြွေဆိပ်ဖြေဆေးလုံလောက်စွာ ဝယ်ယူ၍ မရနိုင်ခြင်းနှင့် တချို့မြွေဆိပ်ဖြေဆေးများသည် အဆင့်မမီ၍သေဆုံးမှုများရှိနေခြင်းနှင့်ပတ်သက်၍ မေးခွန်းမေးမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ တောင်သူများသည် အဆင့်မီသော မြွေဆိပ်ဖြေဆေးများကို ယခုတိုင်လုံလောက်စွာဝယ်ယူ၍ မရရှိသေးသည့်ပြဿနာများကို တင်ပြ နေခြင်းဖြစ်ပါတယ်။ ထို့အပြင် ဝယ်ယူရရှိသော တချို့မြွေဆိပ်ဖြေဆေးများသည် ၎င်းဆေးများကို သတ်မှတ်ချက်အတိုင်းထိုး၍ ချက်ချင်းမသေဆုံးသော်လည်း တစ်လလောက်ကြာတဲ့အခါမှာ ကျောက်ကပ်များပျက်စီး၍ သေဆုံးမှုရှိနေကြောင်းကိုလည်း ကြားသိရပါတယ်။၎င်းအဆင့်မမီသော မြွေဆိပ်ဖြေဆေးများကြောင့် ငွေလည်းကုန်၊ လူလည်းပန်းဖြစ်သည်သာမက နောက်ဆုံး အသက်ပင် ဆုံးရသည်အထိ အဖြစ်ဆိုးကိုကြုံတွေ့ရနေသည်ဟုကြားသိရပါတယ်။ ဒါ့ကြောင့် အဆင့်မီသော မြွေဆိပ်ဖြေဆေးလုံလောက်စွာဝယ်ယူရရှိရေးနှင့် အဆင့်မမီသော မြွေဆိပ်ဖြေဆေးများ ဝယ်ယူ မသုံးစွဲမိအောင် မည်ကဲ့သို့ကာကွယ်တားဆီးပေးမည်ကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖြေကြားပေးပါရန် မေးမြန်းပါသည်။


 

ဖြေကြားသူ
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိန်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ အဆိပ်ရှိတဲ့ သတ္တဝါ အကိုက်ခံရတဲ့ ဖြစ်စဉ်ဟာ ၁၅၀၀၀ ခန့်ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦးခန့် သေဆုံးကြောင်း နှင့် ၂၀၁၁ ခုနှစ်မှာ ဖြစ်စဉ် ၁၁၅၄၇ ခုရှိပြီးတော့ သေဆုံးသူ ၂၅၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက် များအရသိရှိရပါတယ်။ အဆိုပါကိန်းဂဏန်းများအရဆိုလို့ရှိရင် ‌မြွေကိုက်ခံရမှုကြောင့် သေဆုံးမှု များလည်း လျော့နည်းသွားကြောင်းလည်း လေ့လာတွေ့ရှိရပါတယ်။ ထိုသို့သေဆုံးမှုမှာလည်း  ဆေးရုံ၊ ဆေးခန်းတွေကို အချိန်မီမရောက်ခြင်း၊ ကိုက်တဲ့မြွေအမျိုးအစား ခွဲခြားမသိခြင်းတို့ကြောင့်လည်း ပါဝင်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းချက်အရ တစ်နှစ် မြွေပွေး အဆိပ်ဖြေဆေး ၅၀၀၀၀ ခန့်နှင့် ‌မြွေဟောက်အဆိပ်ဖြေဆေး ၅၀၀၀ ခန့်လိုအပ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ မြွေဟောက်အဆိပ်ဖြေဆေးကိုတော့ လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်သော် လည်း မြွေပွေးအဆိပ်ဖြေဆေးကိုတော့၂၀၀၀၀ ခန့်သာ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယ နိုင်ငံမှ ‌မြွေပွေးအဆိပ်ဖြေဆေးများကို ဝယ်ယူတင်သွင်းပြီး သုံးစွဲနေရသော်လည်း ဒေသမြွေများရဲ့ အဆိပ်မှထုတ်တဲ့ အဆိပ်ဖြေဆေးမဟုတ်တဲ့အတွက်ကြောင့် အမှတ်(၁) ဆေးဝါးစက်ရုံ (ရန်ကုန်)မှ ထုတ်လုပ်သော ဆေးဝါးများထက် အာနိသင်နည်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် များအရ သိရပါတယ်။ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌခင်ဗျား။ စက်မှုဝန်ကြီးဌာနအနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ မြွေပွေးအဆိပ်ဖြေဆေး ၂၅၀၀၀ နှင့် မြွေဟောက်အဆိပ်ဖြေဆေး ၅၀၀၀  စုစုပေါင်း  ၃၀၀၀၀ လုံး တိုးမြှင့်ထုတ်လုပ်ရန် လျာထားခဲ့တဲ့အခါမှာ မြွေပွေး အဆိပ်ဖြေဆေးကိုတော့ ၂၈၁၈၈ လုံးနှင့် မြွေဟောက်ကိုတော့ ၁၈၁၂ လုံး စုစုပေါင်း ၃၀၀၀၀ လုံး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်တဲ့လိုအပ်ချက်တွေကို ပြည်ပမှာ တင်သွင်းပြီးတော့ ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်မှာ မြွေဆိပ်ဖြေဆေး ၈၀၀၀၀ ခန့်တင်သွင်းပြီးတော့ မြွေကိုက်အများဆုံးဖြစ်တဲ့ ဒေသ တွေရဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ပို့ထားကြောင်းလည်း သိရှိရပါတယ်။ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်တဲ့ ‌မြွေဆိပ်ဖြေဆေးဟာ မြန်မာနိုင်ငံအတွင်း အသုံးပြုရန် မလုံလောက်တဲ့အတွက်ကြောင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ကျန်းမာရေးဝန်ကြီးဌာန အထူးသဖြင့် အိန္ဒိယ နိုင်ငံကနေပြီးတော့ ‌မြွေဆိပ်ဖြေဆေး ကုမ္ပဏီနှစ်ခုမှ ‌မြွေဆိပ်‌ွဖေဆေးများကို တင်သွင်းလျက်ရှိပြီး မတင်သွင်းမီမှာလည်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှ စမ်းသပ်မှုများပြုလုပ်ပြီးတော့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ အသိအမှတ်ပြုလက်မှတ်ဖြင့်သာ တင်သွင်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ အိန္ဒိယနိုင်ငံမှ ထုတ်လုပ်တဲ့ ‌မြွေဆိပ်‌ွဖေဆေးများဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြွေရဲ့အဆိပ်‌ကို အသုံးပြုပြီး ထုတ်လုပ်ရတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့မြွေဆိပ်ဖြေဆေးနှင့် လုံးဝထပ်တူထပ်မျှမတူညီဘဲနဲ့ ၎င်းတို့ကုသတဲ့အခါမှာလည်း ‌မြွေဆိပ်ဖြေဆေးပမာဏကို နှစ်ဆခန့်ပိုပြီးတော့ အသုံးပြုရကြောင်း ကိုလည်း လေ့လာတွေ့ရှိရပါတယ်။ မြွေဆိပ်‌ွဖေဆေးထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ‌မြွေဆိပ်များနှင့် အကိုက်ခံရတဲ့ မြွေဆိပ်ကမတူညီလို့ရှိရင်လုံလောက်တဲ့ ‌မြွေဆိပ်ဖြေဆေးပမာဏ အချိန်မီထိုးနိုင် သော်လည်း မြွေဆိပ်မတူညီမှုကြောင့် အဆိပ်ဓာတ်သတ္တုများ ကြွင်းကျန်တတ်တဲ့အတွက်ကြောင့် လူနာ ရဲ့ ကျောက်ကပ်များကလည်း ပျက်စီးနိုင်သဖြင့် ဆက်လက်ပြီးတော့ ကျောက်ကပ်ဆေးကြောခြင်းကို လည်း ဆောင်ရွက်ရန်လိုအပ်ပါတယ်။ ဥပမာအားဖြင့်ပြောမယ်ဆိုရင် မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာ အုပ်စု၊ အိုင့်ကျေးရွာမှာရှိတဲ့ ဦးဘိုးရှင်၊ အသက် ၃၈ နှစ်က ၈-၈-၂၀၁၂ ရက်နေ့မှာ ‌မြွေကိုက်ခံရတဲ့ အတွက်ကြောင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးကို တက်ရောက်ပြီးတော့ ကုသခဲ့ပါတယ်။ ဒီအခါမှာ အမှတ်(၁) ဆေးဝါး စက်ရုံ (ရန်ကုန်)က ထုတ်တဲ့ မြွေဆိပ်ဖြေဆေး ၄ လုံးထိုးပါတယ်။  အဲဒီ့နောက်မှာ အိန္ဒိယနိုင်ငံမှထုတ်တဲ့ မြွေဆိပ်ဖြေဆေး ၈ လုံး ဆက်လက်ထိုး သော်လည်း မပြီးပြတ်သေးတဲ့အတွက် ကြောင့် ၁၇-၈-၂၀၁၂ ရက်နေ့မှာ ဆေးရုံကနေပြီးတော့ ကျောက်ကပ်ဆေးကြောပြီးမှသာလျှင် ရောဂါ သက်သာပျောက်ကင်းသွားကြောင်း လေ့လာတွေ့ရှိရတဲ့အတွက်ကြောင့် မြွေဆိပ်ဖြေဆေးများ ထိုးနှံ ပေးသော်လည်း လိုအပ်လို့ရှိရင်တော့ ကျောက်ကပ်ပါ ဆေးကြောမှသာ အသက်အန္တရာယ် ကင်းရှင်း နိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့ မြွေဆိပ်ဖြေဆေးများကို တစ်နိုင်ငံလုံး အတိုင်းအတာနှင့် လိုအပ်ချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးတော့ ‌မြွေဆိပ်ဖြေဆေး ထုတ်လုပ်တဲ့အခါမှာလည်း အဓိကကုန်ကြမ်းဖြစ်တဲ့ မြင်းတွေ သိုးတွေကို သွေးရည်ကြည်လုံလောက်စွာ ရရှိစေရန်အတွက် အမှတ်(၁)ဆေးဝါး စက်ရုံ (ရန်ကုန်)၊ မြင်းနှင့် သိုးမွေးမြူရေး စခန်း(ရန်ပယ်)၊ မြင်းမွေးမြူရေးစခန်း(ဟဲဟိုး)နှင့် သိုးမွေးမြူရေး စခန်း(ပွင့်ဖြူ)တို့မှာ ကျွန်တော်တို့  မြင်းအကောင်ရေ ၈၂၃ ကောင်နှင့် သိုးအကောင်ရေ ၂၈၆၀ ကောင် မွေးမြူထားရှိပါတယ်။

အဆိုပါစခန်းတွေမှာ မြင်းများ မွေးမြူထားတဲ့အပြင် နယ်‌ွမေဒေသအသီးသီးမှာရှိတဲ့ မြင်းများ ကိုလည်းဝယ်ယူပြီးတော့ ‌မြွေဆိပ်ဖြေဆေးများထုတ်လုပ်လျက်ရှိပါတယ်။ ချင်းပြည်နယ်မှာရှိတဲ့ မြင်းများဝယ်ယူရရှိရေးအတွက်လည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ချင်းပြည်နယ် ဝန်ကြီးချုပ်တို့ ညှိနှိုင်းပြီးတော့ ဝယ်ယူရေးလည်း ဆောင်ရွက်ခဲ့ပါတယ်။ ချင်းပြည်နယ်က မြင်းတွေ ကတော့ အခြားမြင်းတွေထက်အရပ်ပုသော်လည်း မြွေဆိပ်ဒဏ် ပိုပြီးတော့ခံနိုင်ပါတယ်။ သွေးအောင် နှုန်းလည်းပိုပြီးကောင်းပါတယ်။ ဒါ့ကြောင့် မြင်းမွေးမြူရေးစခန်း(ဟဲဟိုး)မှာ ဝယ်ယူရေး ဆောင်ရွက် သွားဖို့လည်းစီမံဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ ရှမ်းပြည်နယ် ကနေပြီးတော့ မြင်းအကောင် ၃၀၊ ချင်းပြည်နယ်က အကောင်၅၀ ကောင်နှင့် မြေပြန့်ဒေသက ၃၉ ကောင်၊ စုစုပေါင်း ဒီနှစ်ထဲမှာ ၁၁၉ ကောင်ကိုလည်း ထပ်မံဝယ်ယူစုဆောင်းထားရှိပြီးဖြစ်ပါတယ်။ အဆိုပါစခန်းတွေမှာ မြင်းဇောင်းတွေ တိုးချဲ့ပြီးတော့ အဆိပ်ထိုး၊ သွေးဖောက် အဆောက်အဦများ တည်ဆောက်၍ သွေးဖောက်ပြီး သွေးရည်ကြည်များ စုဆောင်းပြီးတော့ အအေးခန်းကားများနဲ့ ‌မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရန် အမှတ်(၁)ဆေးဝါးစက်ရုံ(ရန်ကုန်) သို့ ပို့ဆောင်ထုတ်လုပ်နိုင်ရေး အတွက်လည်း ဘဏ္ဍာရေးနှစ်အလိုက် Budget ငွေများတောင်းခံဆောင်ရွက်လျက်ရှိပါတယ်။ မြွေဆိပ်ဖြေဆေး ထုတ်လုပ်တဲ့အခါမှာ နည်းစဉ်နှစ်ခု ဆောင်ရွက်နိုင်ပြီးတော့ လက်ရှိ အသုံးပြုနေတဲ့ Ammonium Sulphate Precipitation အစား အရည်အသွေးပိုမိုကောင်းမွန်တဲ့ မြွေဆိပ်ဖြေဆေးများကို အရေအတွက် ပိုမိုထွက်ရှိတဲ့ Caprylic Acid Precipitation နည်းစဉ်များနဲ့ ထုတ်လုပ်နိုင်ရေး အတွက်လည်း စက်အသစ်များကို ဝယ်ယူတပ်ဆင်ဆောင်ရွက်လျက်ရှိပါတယ်။ အမှတ်(၁) ဆေးဝါး စက်ရုံ(ရန်ကုန်)အနေနဲ့ မြွေဆိပ်‌ွဖေဆေးထုတ်လုပ်တဲ့ဌာနခွဲကိုလည်း တိုးချဲ့တည်ဆောက်ပြီးတော့ WHO GMP သို့မဟုတ် Pharmaceutical Inspection Co-operation Scheme(PIC/S) နှင့်အညီ မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လတ်တလောအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ အိန္ဒိယဆေးများကို ဝယ်ယူပြီးတော့ ပြည်တွင်း လိုအပ်ချက်ကို ဖြည့်တင်းနေရပြီး အရည်အသွေးပိုင်းမှာ အမှတ်(၁)ဆေးဝါးစက်ရုံ(ရန်ကုန်)မှ ထုတ်လုပ်တဲ့ ‌ဆေးဝါးရဲ့အာနိသင်ကိုမမီသော်လည်း အထောက်အကူအနေဖြင့် အသုံးပြုနေရခြင်း ဖြစ်ပါတယ်။ ပြည်သူများအနေဖြင့် ‌မြွေကိုက်ခံရတဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ လယ်ယာ လုပ်ငန်းခွင်တွင်ဝင်တဲ့အခါမှာလည်း လည်ရှည်ဖိနပ်တွေစီးခြင်း၊ လက်အိတ်များ ဝတ်ဆင်ခြင်းတို့ကို ဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများမှ ပညာပေးဆောင်ရွက်၍ မြွေကိုက်ခံရမှုနှုန်း လျှော့ချပြီးတော့ မြွေကိုက်ခံ ရခြင်းကြောင့် အသက်ဆုံးရှုံးမှုနည်းစေရေးလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ နိဂုံးချုပ်အနေနဲ့တင်ပြရရင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ၂ နှစ်မှာ တော့ မြွေဆိပ်ဖြေဆေး ၅၀၀၀၀ လုံးထိထုတ်လုပ်ဖို့အတွက် စက်မှုဝန်ကြီးဌာနအနေနဲ့ ရည်ရွယ်ပြီး ဆောင်ရွက်ထားသလို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာတော့ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ပြည်ပကနေဝယ်ယူရန်မလိုဘဲနဲ့ ပြည်တွင်းထုတ်လုပ်မှုနဲ့တင် ဖြည့်တင်းဆောင်ရွက်ရန် လိုအပ်တဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ၊ စက်ပစ္စည်းဝယ်ယူတပ်ဆင်ခြင်း လုပ်ငန်းတွေကိုလည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဖြည့်စွက်ရန်ပုံငွေမှာ ငွေလုံးငွေရင်း အသုံးစရိတ်အနေနဲ့ တင်ပြဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။