(င)-မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်သည့်ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှ ရှိသည်၊ ကျပ် ၅၀၀၀ တန်အတုများ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးတွင် လည်ပတ်မှုရှိနေပါက မည်ကဲ့သို့ ထိန်းချုပ်မည်နှင့် စပ်လျည်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၃)

 

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ပြင်ဦးလွင်ဘဏ်မှ မိမိ၏မိတ်‌ဆွေ ပြည်သူ့ဝန်ထမ်းပါပဲ။ အင်းဝဘဏ်မှငွေထုတ်ပြီး ကမ္ဘောဇဘဏ်သို့ ငွေလွှဲရာတွင် ကမ္ဘောဇဘဏ်ကနေပြီးတော့မှ ကျပ် ၅၀၀၀ တန်တစ်ရွက်ကို ဆွဲထုတ်လာပြီး ဒါအတုပါ ဆိုပြီး အင်းဝဘဏ်တံဆိပ်တောင်မဖြုတ်သေးဘဲ ပြောကြားလာပါတယ်။ ပြီးတော့ ၎င်းကျပ် ၅၀၀၀ တန် အတုကို လုပ်ထုံးလုပ်နည်းအရမလုပ်ဘဲ ကျပ် ၅၀၀၀ တန်အား ကျပ် ၂၅၀၀ ဖြင့် လဲလှယ်မယ်ဆိုပြီး ၎င်းကမ္ဘောဇဘဏ်က ပြောလာသည်ကိုပဲ သက်ဆိုင်ရာကာယကံရှင်မှ ဖုန်းဖြင့် အကြောင်းကြားလာ ပါတယ်။ လုပ်ထုံးလုပ်နည်းအရပြောရမယ်ဆိုရင် ကျပ် ၅၀၀၀ ငွေအတုကို တွေ့ရှိပါက ကိုင်ဆောင် လာသူကို စုံစမ်းစစ်ဆေးခြင်း၊ ကျပ်ငွေကို Marker လုပ်ခြင်း၊ ဆုတ်ဖြဲခြင်း စသည်တို့ကို ပြုလုပ်ရမယ် ဆိုတာ သိရှိရပါတယ်။ ကျပ် ၅၀၀၀ တန်အတုကို ၂၅၀၀ နဲ့လဲမယ်ဆိုတော့ ဒါဟာမဖြစ်သင်‌့ဘူးလို့ ယုံကြည်တဲ့အတွက် စိတ်ထဲမှာ ကသိကအောင့်ဖြစ်မိပါတယ်။ မိမိ၏မိတ်ဆွေကလည်း ပြည်သူ့ဝန်ထမ်း တစ်ဦးဆိုတော့ ၎င်းကျပ် ၅၀၀၀ တန်အတုအား ပြန်ယူလာပြီး အင်းဝဘဏ်သို့ ပြန်လာပြီးတော့      ကျပ် ၅၀၀၀ တန်အတုကိုပြန်လာလဲပါတယ်။ အဲဒီအချိန်မှာ အင်းဝဘဏ်ကလည်း မလဲပေးပါဘူး။ မလဲပေးတဲ့ အနေအထားမှာ သူကနေပြီးတော့ အင်တာနက်ပေါ်မှာတင်မယ်ဆိုတဲ့ စကားပြန်ပြောလိုက် တဲ့အခါမှာမှ ၅၀၀၀ တန်ကို ချက်ချင်းပြန်လဲပေးပါတယ်။ အဲဒီဟာဆိုလို့ရှိရင် သုံးသပ်ရရှိမိတာက ဘာဖြစ်လို့လဲဆိုတော့ ဘဏ်တွေအချင်းချင်းတောင် ၅၀၀၀ တန်အတုတွေ လည်ပတ်နေပြီးလားဆိုပြီး တော့ ဘဏ်မှာတောင် တကယ်လို့ ဒါမျိုးဖြစ်နေပြီးဆိုလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေမှာရော ဘယ်လောက်ထိဖြစ်နေပြီလဲ။ ကျွန်တော်တို့ ပြည်သူဆိုလို့ရှိရင် ကျွန်တော့်ဆီကို ရောက်လာတယ် ဆိုလို့ရှိရင် ၅၀၀၀ တန်ရောက်လာတယ်ဆိုလို့ရှိရင် တခြားနေရာမှာ သွားသုံးလို့ရတယ်ဆိုလို့ရှိရင် အစစ်လို့ပဲ ကျွန်တော်တို့အနေနဲ့ ယုံကြည်မိပါတယ်။ ဒါကြောင့်မို့လို့ အချက်နှစ်အနေနဲ့ ဒီလွန်ခဲ့တဲ့ လကပဲ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျွန်တော်တို့ ဗန်းမော်မြို့နယ်မှာပေါ့နော်။ ရွှေဆိုင်တစ်ခုကနေပြီးတော့မှ ကျပ် ၅၀၀၀ တန်အတုကို ၂၈ ရွက်ဖမ်းမိပါတယ်။ ၎င်းကိစ္စကို စုံစမ်းစစ်ဆေးရာတွင် မံစီမြို့နယ်၊ စီအူကျေးရွာ သစ်ခိုးထုတ်တဲ့နေရာကနေရရှိလာကြောင်း သိရှိရပါ တယ်။ ထို့အတွက်ကြောင့်လည်း ကျွန်တော်တို့ ဗန်းမော်မြို့နယ်နှင့် အခြားဆက်စပ်နေတဲ့ မြို့နယ်မှာ ၎င်းကျပ် ၅၀၀၀ တန်ကို ဈေးရောင်းဈေးဝယ်ပဲဖြစ်ဖြစ်၊ တခြားကိစ္စပဲဖြစ်ဖြစ်ယူရမှာကို အင်မတန်မှ ကြောက်ရွံနေကြပါပြီ။ ထို့အတွက်ကြောင့်မို့ ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းသုံးခုအား ဖြေကြားပေး နိုင်ပါရန် မေးမြန်းအပ်ပါတယ်။ (၁) ယခုနေ့ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်လုပ်သည့် ကျပ် ၅၀၀၀ တန်များ ရွက်ရေမည်မျှရှိသည်ကို သိရှိလိုပါသည်။ (၂) ကျပ် ၅၀၀၀ တန် အတုများ မြန်မာနိုင်ငံအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးတွင် လည်ပတ်မှုရှိနေနိုင် ပါသလား။ (၃) အကယ်၍ အဆိုပါကျပ် ၅၀၀၀ တန်အတုများကိုလည်ပတ်နေပါက မည်ကဲ့သို့ ထိန်းချုပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာလင်းအောင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ယခုနေ့ရက်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်သည့် ကျပ် ၅၀၀၀ တန်ရွက်ရေ မည်မျှရှိသည်။ ကျပ် ၅၀၀၀ တန်အတုများ မြန်မာနိုင်ငံတော် အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးတွင် လည်ပတ်မှုရှိနေနိုင်ပါသလား။ အကယ်၍ အဆိုပါကျပ် ၅၀၀၀ တန်အတုများလည်ပတ်နေပါက မည်ကဲ့သို့ထိန်းချုပ်ရန်အစီအစဉ် ရှိပါသနည်းစသည့်မေးခွန်းများနှင့်ပတ်သက်၍ ရှင်းလင်းဖြေကြားမှာဖြစ်ပါတယ်။ ပထမဦးဆုံး မေးခွန်းဖြစ်တဲ့ ယခုနှစ်ရဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထုတ်ဝေတဲ့ ကျပ် ၅၀၀၀ တန်ရွက်ရေမည်မျှရှိ သည်ဆိုတဲ့မေးခွန်းကို ဖြေကြားသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၃၁-၁-၂၀၁၃ ရက်နေ့အထိ ထုတ်ဝေထားတဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူအရေအတွက် တန်ဖိုးပမာဏမှာ ကျပ် ၂၈၀၀ ဘီလီယံကျော်ရှိကြောင်းတင်ပြလိုပါတယ်။ ဆက်လက်ပြီး ဒုတိယမေးခွန်းဖြစ်တဲ့ ကျပ် ၅၀၀၀ တန် အတုများ မြန်မာနိုင်ငံတော်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အသီးသီးမှာ လည်ပတ်မှုရှိနေနိုင်ပါသလားဆိုတဲ့ မေးခွန်းကို ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ကျပ် ၅၀၀၀ တန်အတုများဟာ မြန်မာနိုင်ငံတော်အတွင်းရှိ ဘဏ်များမှာ မလည်ပတ်နိုင်စေဖို့အတွက် ငွေကြေး ဆိုင်ရာစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနဲ့ ငွေစက္ကူအတုအစစ်ခွဲခြားတဲ့ စက်များဖြင့်ပါ ကြပ်ကြပ် မတ်မတ်ဆောင်ရွက်လျက်ရှိနေပေမယ့်လည်း ဘဏ်များမှာ လည်ပတ်နေတဲ့ ငွေကြေးပမာဏအရ ဘဏ်များမှာ ငွေစက္ကူအတုတွေ လက်ခံရရှိနိုင်မှု ရှိနိုင်ပါတယ်။ သို့သော်လည်းပဲ လည်ပတ်သုံးစွဲနိုင် လောက်တဲ့ အရည်အတွက်တော့ မရှိနိုင်ပါဘူး။ ကျပ် ၅၀၀၀ တန်ငွေစက္ကူစတင် ထုတ်ဝေတဲ့ ၁-၁၀-၂၀၀၉ ရက်နေ့မှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်းမှာ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတု ၃၇၅၈ ရွက် တန်ဖိုးအားဖြင့် ကျပ် ၁၈၇၉၀၀၀၀ ကို စစ်ဆေးလက်ခံရရှိခဲ့တဲ့ အတွက် လုပ်ထုံးလုပ်နည်း နဲ့အညီ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှုခင်းတပ်ဖွဲ့မှူးရုံးကို ပေးပို့အပ်နှံခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့မှ တတိယမေးခွန်းဖြစ်တဲ့ အကယ်၍ အဆိုပါကျပ် ၅၀၀၀ တန်အတုများ လည်ပတ်နေပါက မည်ကဲ့သို့ ထိန်းချုပ်ရန် အစီအစဉ်ရှိပါသနည်းမေးခွန်းကို ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။ ကျပ် ၅၀၀၀ တန်အတုများဟာ အထက်မှာတင်ပြသလိုပဲ ဘဏ်များမှာမလည်ပတ်နိုင်ပေမယ့်လည်း စီးပွားရေး လောကမှာ လည်ပတ်နေနိုင်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးလုပ်ငန်း စီမံခန့်ခွဲမှုဌာနရဲ့ ငွေကြေးဆိုင်ရာစည်းမျဉ်းများနဲ့ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၄၁ ပါ ပြဋ္ဌာန်းချက်များ အတိုင်း ကျွန်တော်တို့ အတုအစစ်တွေခွဲခြားနိုင်အောင် ပညာပေးခြင်း၊ တွေ့ရှိပါက အမှုဖွင့်တိုင်ကြား အရေးယူခြင်း၊ အတုအစစ်ခွဲခြားတဲ့ စက်များအသုံးပြုခြင်းစသည်ဖြင့် ထိန်းချုပ်နိုင်ရန်ဆောင်ရွက် လျက်ရှိနေပါကြောင်း ရှင်းလင်းဖြေကြားပါသည်။