(ဂ)-ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကိုအများပြည်သူ ဂါရဝပြုနိုင်ရန် အတွက်နေ့စဉ်ဖွင့်လှစ်ထားရန်နှင့် နိုင်ငံတော်အဆင့်ပြုပြင်ထိန်းသိမ်းမှုများရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ (၇.၃.၂၀၁၃)

 

(၁) ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်နေရာများကို အများပြည်သူများ ကျောင်းသား ကျောင်းသူများ၊ နိုင်ငံတကာ ဧည့်သည်များ လွတ်လပ်စွာ လာရောက် ဂါရဝပြုနိုင်ရန် ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားရန် အစီအစဉ်ရှိ၊ မရှိ။ (၂) အာဇာနည်ဂူဗိမာန်အား နိုင်ငံတော်အဆင့် အခမ်းအနားများကျင်းပနိုင်ရန် အဆင့်အတန်းညီမျှသည့် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်မှုများပြုလုပ်ရန် အစီအစဉ်ရှိ၊ မရှိ။ (၃) နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော နိုင်ငံတကာခေါင်းဆောင်ကြီးများ၏ ခရီးစဉ်တွင် လွတ်လပ်ရေးဗိသုကာကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်ဂူဗိမာန်အား လာရောက်ဂါရဝပြုမှု အစီအစဉ် များကို ချစ်ကြည်ရေးခရီးစဉ်များထည့်သွင်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်
အဖြေ

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို နိုင်ငံ့ဂုဏ်ဆောင်အဖြစ် နိုင်ငံတကာမှ လက်ခံထားသည့် အခြေအနေတွင် နိုင်ငံတော်အဆင့်ပြုပြင် ထိန်းသိမ်းမှုများရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဦးစွာဖြေကြားပါမယ်။ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော် အဆင့်နှင့်အညီ ပြန်လည်ပြင်ဆင်မွမ်းမံမှုများဆောင်ရွက်လျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်ရှင်။

      ကျဆုံးလေပြီးသော မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်များ၏ ဂူဗိမာန်ကို အများပြည်သူဂါရဝပြုနိုင်ရန်အတွက် နေ့စဉ်ဖွင့်လှစ်ထားရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ အာဇာနည်ဗိမာန်ကို နိုင်ငံတော်အဆင့်နှင့်အညီ ပြန်လည် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ပြီးပါက အများပြည်သူဂါရဝပြုနိုင်ရန်အတွက် တစ်ပတ်လျှင် ပိတ်ရက် တစ်ရက်သာထားရှိပြီး ဖွင့်လှစ်ရန်စီစဉ်ထားရှိပါကြောင်း ဖြေကြားအပ်ပါတယ်ရှင်။

          ဆက်လက်ပြီး နိုင်ငံတကာမှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံခြားဧည့်သည်များ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်အခါ သွားရောက်ဂါရဝပြုနိုင်ရန် နိုင်ငံတော်ခရီးစဉ်များတွင် ထည့်သွင်း ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ အကြီးအကဲများ လာရောက်သည့်အခါ Official Visit သည် နေပြည်တော်ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ ၎င်းတို့စိတ်ဝင်စားသည့်နေရာများကို လည်ပတ်သည့်အစီအစဉ်သည် အိမ်ရှင်နိုင်ငံက ကန့်သတ် ရေးဆွဲပေးခြင်းမဟုတ်ဘဲ ဧည့်သည်၏ သဘောဆန္ဒတောင်းဆိုမှုအရ စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါ တယ်။ ဧည့်သည်အဖွဲ့အနေဖြင့် သွားရောက်ဂါရဝပြုလိုပါက နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။