(ဂ)-တာချီလိတ် မဲဆန္ဒနယ်၏ သီပေါမြို့ စည်ပင်သာယာရေး အဖွဲ့ပိုင် စမ်းမာလာ ဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော ကလေး ကစားကွင်း အတွင်း အဖမ်းခံရခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအေ၀ (၁၄) ရက်မြောက်နေ့ (၅.၂.၂၀၁၃)

သီပေါမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စမ်းမာလာဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားသော ကလေးကစားကွင်းအတွင်းသို့လာရောက် ဖမ်းဆီးသောရဲတပ်ဖွဲ့မှာ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ပေးစေလွှတ်လိုက်သူများဖြစ်ကြောင်းသိရှိရပါ သည်။ အထက်ပါဖြစ်ပွားသွားသည်မှာ လုပ်ထုံးလုပ်နည်းအရမဖြစ်သင့်ဟု ကျွန်တော့်အနေဖြင့် ယူဆပါသည်။ အကြောင်းမှာ အဆိုပါအားကစားကွင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုင်စင်ချထားပေးပြီး တရားဝင်ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်သဖြင့် ပြည်သူလူထု၏စိတ်တွင် ထိုအားကစားကွင်းသို့သွားရောက်ကစားခြင်းမှာ မည်သည့်ဥပဒေချိုးဖောက်မှုမျှမဟုတ်ဟုယူဆကြပါ သည်။ အကယ်၍အဆိုပါအားကစားကွင်းမှာ တည်ဆဲဥပဒေကိုချိုးဖောက်သည့်ပြစ်မှုကျုးလွန်နေ ကြောင်းတွေ့ရှိရလျှင် အထက်မှဖွင့်ခွင့်မပေးဘဲပိတ်ခိုင်းခြင်းကို အရင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထိုသို့အထက်မှညွှန်ကြားခြင်းကို မလိုက်နာပါမှသာ လိုအပ်သလိုအရေးယူသင့်ပါသည်။ ယခုကဲ့သို့ ပိတ်ပင်ရန်အကြောင်းကြားခြင်းမရှိဘဲ အလစ်တွင်ဝင်ရောက်ဖမ်းဆီးခြင်းကြောင့် အစိုးရဌာနတစ်ခု အပေါ်တွင်လည်းကောင်း၊ တရားဥပဒေအပေါ်တွင်လည်းကောင်း ပြည်သူလူထု၏ယုံကြည်မှုကို များစွာထိခိုက်စေပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ယုံကြည်ကိုးစားမှုကိုပြန်လည်ရရှိရန်နှင့် အပြစ် မဲ့ပြည်သူအချို့နစ်နာမှုမရှိစေရန် မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်းမေးမြန်းပါသည်။

(သီပေါမဲဆန္ဒနယ်က ဦးရဲထွန်းရဲ့ကိုယ်စား တာချီလိတ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်က မေးခွန်းမေးမြန်းပါသည်။)


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရှမ်းပြည်နယ်၊ သီပေါမြို့ စမ်းမာလာဥယျာဉ်အတွင်း တရားဝင်ဖွင့်လှစ်ထားတဲ့ ကလေးကစားကွင်းအတွင်းမှာ ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်တဲ့ ခေတ်မီကစားနည်း (Game) စက်များတွင် အကြွေစေ့များကို ငွေကြေးဖြင့်လဲလှယ်သောစနစ်နဲ့ လောင်းကစားဆန်တဲ့ ကစားနည်းများရှိနေကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းရရှိတဲ့အတွက် ဆောင်ရွက်ခြင်းမပြုဖို့ ကစားကွင်းဂိမ်းဆိုင်အတွင်းနေထိုင်သူ ဂိမ်းဆိုင်တာဝန်ခံ ဦးထွန်းရီ(၃၂)နှစ်(ဘ) ဦးရန်ရှင်းလှိုင်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာတစ်ကြိမ်နှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာတစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်ခေါ်ယူသတိပေးခဲ့သလို ဝန်ခံကတိလက်မှတ်များရေးထိုးစေခဲ့ပြီး သတိပေးတားမြစ်စေခဲ့ပါ တယ်။ သို့သော်လည်း ခေါ်ယူသတိပေးတားမြစ်တဲ့အချိန်မှာသာ ခေတ္တရပ်နားထားခဲ့ပြီး နောက်ပိုင်းမှာဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းစိစစ်တွေ့ရှိရပါတယ်။ အဲ့ဒီကာလအတွင်း သီပေါမြို့ စည်ပင်သာယာပန်းခြံအတွင်းမှာရှိတဲ့ ကလေးကစားကွင်းမှာ လောင်းကြေးငွေများ အသုံးပြုပြီး Game ဆိုင်များဖွင့်လှစ်နေကြောင်း၊ ကျောင်းချိန်မှာ အချို့ကျောင်းသားများက စာသင်ခန်းကိုမရောက်ရှိဘဲ Game ဆိုင်သို့ရောက်ရှိနေကြောင်း၊ ဝန်ထမ်းအချို့မှာလည်း လစာထုတ်ပြီးချိန်မှာ မိသားစုဆီကိုလစာမရောက်ရှိဘဲ Game ဆိုင်မှာကုန်ဆုံးခဲ့ရကြောင်း၊ သို့ဖြစ်၍ သီပေါမြို့ပန်းခြံအတွင်းမှာရှိတဲ့ Game ဆိုင်ကိုဖမ်းဆီးပိတ်ပင်သွားရန် သီပေါမြို့နေမိဘပြည်သူ တစ်ဦးက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးဆီကို သတင်းပေးပို့တိုင်ကြားလာခဲ့ပါတယ်။ တိုင်ကြားစာမှာပါရှိတဲ့ အကြောင်းအရာတွေမှန်ကန်မှုရှိ၊ မရှိ သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရဲ့စိစစ်ချက်အရ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင်တဲ့ ပန်းဥယျာဉ်အတွင်း လောင်းကစားဆန်တဲ့ကလေးကစားဝိုင်း Game ဆိုင်တွေ ဖွင့်လှစ်ထားကြောင်းသိရှိရပါတယ်။ ဒါကြောင့် အခြားမလိုလားအပ်တဲ့ အုပ်ချုပ်မှုပြဿနာများ မဖြစ်ပေါ်လာစေဖို့အတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရဲ့အစီအစဉ်နဲ့ အထူးအဖွဲ့စေလွှတ်ပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာသွားရောက်ဖမ်းဆီးခဲ့ရပါတယ်။ အဲ့ဒီလိုဖမ်းဆီးရာမှာ ခေတ်မီကစားကွင်း အတွင်းမှာရှိတဲ့ ဂိမ်းစက်ပေါင်း ၂၁ လုံးအနက် အကြွေစေ့အလဲအလှယ်ပြုလုပ်ပြီး လောင်းကစား ဥပဒေနဲ့ငြိစွန်းနေတဲ့ ဂိမ်းစက် ၆ လုံးတို့ကို လောင်းကစားပြုလုပ်နေသူ ၈ ဦး၊ လောင်းကစားပြုလုပ် ရာမှာ တာဝန်ခံငွေကြေးလဲလှယ်ပေးနေသူ မန်နေဂျာ ၁ ဦး နှင့် ဂိမ်းကစားရာမှာလဲလှယ်အသုံးပြုတဲ့ ငွေ ၂၁၀၈၀၀ ကျပ်၊ အကြွေစေ့များ၊ ငွေကြေးလဲလှယ်တဲ့ဖြတ်ပိုင်းပြေစာများစတဲ့ သက်သေခံ အထောက်အထားပြည့်စုံစွာနဲ့ လောင်းကစားပြုလုပ်ရာမှာပါဝင်ပတ်သက်သူများကို ဖမ်းဆီးအရေးယူ ခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီလို ဖမ်းဆီးအရေးယူခံရသူအားလုံးက ဂိမ်းဆိုင်မှာလောင်းကစားမှုနဲ့ပါဝင် ပတ်သက်သူများသာဖြစ်လို့ အပြစ်မဲ့ပြည်သူတစ်ဦးတစ်ယောက်မှပါဝင်ခဲ့ခြင်းမရှိပါ။ ဖြစ်စဉ်နှင့် ပတ်သက်လို့ ဖမ်းဆီးရမိသူတရားခံ ထွန်းရီပါ ၉ ဦးကို သီပေါ ရဲစခန်း(ပ)၁၇၂/၁၂၊ လောင်းကစား ဥပဒေပုဒ်မ ၁၃(က)/၁၄(က)နဲ့ အမှုဖွင့်အရေးယူစစ်ဆေးပြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဥပဒေအကြံပြုချက်အရ မန်နေဂျာတရားခံ ထွန်းရီကို လောင်းကစားဥပဒေပုဒ်မ ၁၄ (က) အရနှင့် လောင်းကစားသူ ညီထွေးပါ ၈ ဦးကို လောင်းကစားဥပဒေပုဒ်မ ၁၃ (က)နဲ့ သီပေါမြို့နယ်တရားရုံးသို့ ထိုနေ့မှာပင်တရားစွဲတင်ခဲ့ပါတယ်။ တရားရုံးမှ တရားလိုသက်သေများစစ်ဆေးပြီး တရားခံပြ သက်သေများစစ်ဆေးဖို့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရှိရပါတယ်။ အဆိုပါကစားကွင်းက အများပြည်သူအပန်းဖြေဖို့အတွက်သာဖြစ်ပြီး အခကြေးငွေနဲ့ ကစားတဲ့ လောင်းကစားနည်းများပါဝင်လုပ်ကိုင်ခြင်းမပြုပါကြောင်း ကစားကွင်းလုပ်ကိုင်ခွင့်ရရှိသူများ က ဝန်ခံကတိပြုစာများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့များသို့ တင်ပြလျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီလို ဝန်ခံကတိပြုချက်များနှင့် လျှောက်ထားချက်များအရ မြိုနယ်စည်ပင်သာယာရေးအဖွဲ့မှ ကစားကွင်းလုပ်ကိုင်ခွင့်လိုင်စင်ကို ချထားပေးခဲ့ခြင်းဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ရှမ်းပြည်နယ်၊ ရွာငံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် လောင်းကစားမှုများပပျောက်နိုင်စေရေးအတွက် နိုင်ငံတော်မှမည်သို့မည်ပုံ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်လို့ ရှမ်းပြည်နယ်အတွင်း လောင်းကစားမှုများတားဆီးပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်နှင့်အညီ စီမံချက်ရေးဆွဲပြီးဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ကြီး၏ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘက်ပေါင်းစုံကကြိုးပမ်းဆောင်ရွက်လျက်ရှိနေဆဲကာလမှာ ဂိမ်းဆိုင်မှာလောင်းကစား ပြုလုပ်နေခြင်းမျိုးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတားအဆီးဖြစ်စေရုံသာမက ဆင်းရဲမွဲတေမှုပိုမိုများပြားလာစေမယ့်အပြင် အကျင့်စာရိတ္တကိုပါထိခိုက်ပျက်ပြားလာစေမှာဖြစ်ပါ တယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ ဆင်းရဲမှုလျှော့ချရေးနှင့် အမျိုးသားအကျင့်စာရိတ္တမှန်ကန်တည့်မတ်စေရေးအတွက်လည်းကောင်း အတားအဆီးဖြစ်နေတဲ့ လောင်းကစားမှုများကို စီမံချက်ချမှတ်ပြီး တရားဥပဒေနှင့်အညီ ဆက်လက်ဖော်ထုတ်ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။