လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သက်ဆိုင်တယ်လို့ မှတ်ယူ ထားပါတယ်။ ဒီနေ့ ကျွန်တော်တို့နိုင်ငံအတွင်းမှာ စပ်မျိုးစပါးများကို စိုက်ပျိုးနေတာအားလုံးအသိ ဖြစ်ပါတယ်။ စိုက်ပျိုးဖို့ရာ အတွက်ကိုလည်းပဲ အထူးတလည်တိုက်တွန်းနေတာကို ကျွန်တော်တို့ ကြားသိရပြီဖြစ်ပါတယ်။ ဒီစပ်မျိုးစပါးဟာ စိုက်သင့်တယ်ဆိုတာမှန်ပါတယ်။ လက်ခံပါတယ်။ သို့သော် ဒီလို စပ်မျိုးစပါးကိုစိုက်ပျိုးနိုင်ဖို့ရာအတွက်ကို ငွေကြေးလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်၊ ဒေသ အခြေအနေအစရှိသည်ဖြင့် အခက်အခဲတွေရှိနေတာလည်းအမှန်ပဲဖြစ်ပါတယ်။ မြို့ကြီးပြကြီးနဲ့ အလှမ်းဝေး မျိုးစပါးခြံတွေ၊ သုတေသနခြံတွေနဲ့ အလှမ်းဝေးတဲ့ မျိုးစပါးကောင်း၊ မျိုးစပါးသန့်ကို လွယ်လွယ်မရတဲ့နေရာဒေသတွေ နိုင်ငံတစ်ဝန်းမှာ တော်တော်များများရှိနေတာကို ကျွန်တော်ျတို့ တွေ့ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် မိုးရာသီကာလမှာ ဝန်းသိုဒေသမှာ ဧရာမင်းကဲ့သို့ မျိုးစပါးများကို ဖြန့်ဖြူးတဲ့အခါ စပါးရဲ့အထွက်နှုန်း၊ စပါးရဲ့ဈေးနှုန်းအပေါ်မှာ တောင်သူများ အလွန် ကျေနပ်အားရခဲ့ကြပါတယ်။ ဒါကြောင့် ဒီလို ဒေသနဲ့ကိုက်ညီတဲ့ မျိုးစပါးကောင်း၊ မျိုးစပါးသန့်များကို တောင်သူတွေ လက်တစ်ကမ်းမှာ ရရှိအောင်လုပ်ပေးဖို့ရာ လိုအပ်မှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးနိုင်ဖို့ အတွက်ဆိုရင် အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိတဲ့သူတွေ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ ဝန်ထမ်းတွေနဲ့ စပါးစိုက်တောင်သူများ ညှိနှိုင်းပူးပေါင်းပြီးတော့ မျိုးစပါးခြံများကို နိုင်ငံတစ်ဝန်း မှာ တည်ထောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အထူးတလည်မေးမြန်းလိုတာကတော့ ဒီလို မျိုးစပါး ကောင်း၊ မျိုးစပါးသန့်များကို တောင်သူများလက်အတွင်းကို အချိန်တိုအတွင်း ရောက်ရှိဖို့ရာအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ဘယ်ပုံဘယ်နည်း စီမံဆောင်ရွက်ထား သလဲဆိုတာ သိလိုပါကြောင်း မေးမြန်းပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှာ တောင်သူလယ်သမားများ မျိုးကောင်း၊ မျိုးသန့်သီးနှံစိုက်ပျိုးခြင်းနှင့် တွက်ခြေကိုက်သော ဝင်ငွေရရှိစေရန် Seed Production တာဝန်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ယခုကဲ့သို့ မျိုးကောင်းမျိုးသန့် မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်ခြင်း ကဏ္ဍကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမှ အလေးထားမေးမြန်းလာခြင်းအပေါ် အထူး ကျေးဇူးတင်ရှိပါကြောင်း ဦးစွာ တင်ပြလိုပါတယ်။ စိုက်ပျိုးရေးကဏ္ဍကို တိုးတက်ပြောင်းလဲရန် အတွက် မျိုးကောင်းမျိုးသန့်များထုတ်လုပ်ခြင်း (Seed Production) လုပ်ငန်းကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ လေးနက်စွာဆောင်ရွက်လျက်ရှိပါတယ်။ သီးနှံမျိုးများကို အလျဉ်းသင့် လို့တင်ပြရမယ်ဆိုရင် သီးနှံများမျိုးပွားခြင်းလုပ်ငန်းမှာ ပင်တည်းဝတ်မှုန်ကူးခြင်း (Self Pollination) နှင့် ပင်ကြားဝတ်မှုန်ကူးခြင်း (Cross Pollination) ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ ဒီလို နှစ်မျိုးရှိတဲ့သီးနှံ တွေကို မျိုးပွားများထုတ်လုပ်တဲ့နေရာမှာ Seed Technology အရ မျိုးများကို ထုတ်လုပ်တဲ့နေရာမှာ စပ်မျိုးမွေးမြူခြင်း Hybrid Technology နဲ့ Impress Breeding မျိုးသန့်လိုင်းမွေးမြူခြင်း Open Pollinated Variety ဆိုပြီးတော့ ခွဲခြားပြီးမျိုးများကို ထုတ်လုပ်လျက်ရှိပါတယ်။ ဆန်စပါးတိုးတက် ရရှိနိုင်ရေးအတွက် နိုင်ငံတကာကို ယှဉ်ပြိုင်နိုင်ရာမှာ အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း အထူးအထွက်တိုးမျိုးများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါတယ်။ ဥပမာ တရုတ်နိုင်ငံမှာ လူဦးရေသန်း ၁၃၀၀ ကျော်ကို စားနပ်ရိက္ခာဖူလုံစွာကျွေးနိုင်ခြင်းမှာ Hybrid Technology စိုက်ပျိုးမှုကြောင့်ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို Hybrid Technology ဖြစ်တဲ့ Hybrid Rice များနှင့် စိုက်ပျိုးထုတ်လုပ်တာကို တွေ့ရှိရပါတယ်။ အလားတူပဲ လူဦးရေသန်း ၁၂၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံမှာလည်း ပြည်တွင်းစားသုံးမှုဖူလုံပိုလျှံတဲ့ အပြင် ယခုနှစ်မှာ ဆန်တန်ချိန် ၁၀ သန်းနီးပါး တင်ပို့နိုင်မယ့် Hybrid Technology နဲ့ထုတ်လုပ်ထားတဲ့ မျိုးကောင်းမျိုးသန့်မျိုးစေ့များကို ထုတ်လုပ်ဖြန့်ဖြူးဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ အခြေခံ မြေတစ်ဧကအသုံးချမှုအပေါ်မှာ စီးပွားရေး အရ တွက်ခြေကိုက်မှုအခြေအနေဖြစ်ပေါ်မှုကို Seed Technology ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ လယ်ယာကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှာ တညီတညွတ်တည်း ဖော်ထုတ်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ ၃၁-၇-၂၀၁၂ ရက်နေ့မှာကျင်းပတဲ့ Seed Technology ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂-၁၁-၂၀၁၂ ရက်နေ့မှာ ကျင်းပပြု လုပ်ခဲ့တဲ့ နိုင်ငံတော်အမျိုးသားအဆင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တို့မှာ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များကလည်း တညီတညွတ်တည်းပါဝင် ဆွေးနွေး ပြီး Seed Production ဆိုင်ရာ လုပ်ငန်းများကိုဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံရေးအရ ဒီမိုကရေစီစနစ် သို့ ပြောင်းလဲခြင်းကိုဆောင်ရွက်နေသကဲ့သို့ ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ လည်း အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်း စပါးမျိုးများပြောင်းလဲစိုက်ပျိုးထုတ်လုပ်ရေးကို မဖြစ်မနေ ပြောင်းလဲဆောင်ရွက်ကြရမည်သာဖြစ်ပါတယ်။ မြေတစ်ဧကအသုံးချ စိုက်ပျိုးထုတ်လုပ်မှု တွင်လည်း အထွက်နှုန်းကောင်းမျိုးများ အသုံးပြုခြင်းဖြင့် အထွက်နှုန်းပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ထိုအပြင် သက်တမ်းတိုသီးနှံများကို ရွေးချယ်စိုက်ပျိုးနိုင်ခြင်းအားဖြင့်လည်း မြေတစ်ဧကအပေါ်မှာ တစ်သီး၊ နှစ်သီး၊ သုံးသီးစသည်ဖြင့် ရာသီကာလနှင့်ကိုက်ညီသော ဒေသနှင့်ကိုက်ညီတဲ့ သီးနှံမျိုးများ ကို နှစ်တစ်နှစ်အတွင်း သီးထပ်စွမ်းအားမြှင့်တင်အောင် စိုက်ပျိုးဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။ ထိုသို့ စိုက်ပျိုးနိုင်မှုကြောင့် မြေတစ်ဧကပေါ်မှာပင်လျှင် လယ်ယာထွက်ကုန်သီးနှံ ပိုမိုထုတ်လုပ်နိုင်မှာ ဖြစ်သည့်အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူပြုစေတဲ့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာခြင်းနှင့် အကျိုးအမြတ်ဝင်ငွေများ ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ဆန်နှင့်ဆန်ထွက်ပစ္စည်း မက်ထရစ်တန်ချိန် ၁.၂၄၉ သန်းတင်ပို့နိုင်ခဲ့ပြီး နယ်စပ်မှ ၇၀၀၀၀၀ ကျော်နှင့် ပုံမှန်ရေကြောင်းမှ ၅၀၀၀၀၀ ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ထိုသို့တင်ပို့နိုင်ရာမှာလည်းပဲ ကျွန်တော်တို့ စပ်မျိုးစေ့ထုတ်နည်းပညာဟာ အခြားနိုင်ငံ များတွင် တောင်သူလယ်သမားများကိုယ်တိုင် ထုတ်လုပ်နိုင်ပြီး မိမိတို့နိုင်ငံမှာ လယ်သမားများ ကိုယ်တိုင်ဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဦးဆောင် ဦးရွက်ပြုပြီး မျိုးစေ့ထုတ်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။ ယနေ့အချိန်ကာလမှာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ကွင်းထဲဆင်းပြီး ကြည့်ရှုစစ်ဆေးအားပေးစဉ် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အဆင့်ဆင့်မှာ မျိုးစေ့ထုတ်ဇုန်များ ပေါ်ထွန်းလာရေးဆောင်ရွက်ကြရန် လမ်းညွှန်မှု အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတကာမှာ မျိုးစေ့ထုတ်လုပ်ငန်းများကို အစိုးရပိုင်းမှ လုပ်ဆောင်ရုံဖြင့် မပြည့်စုံနိုင်ပါ။ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ ပုဂ္ဂလိကပိုင် အခန်းကဏ္ဍ (Private Sector) အဓိကပါဝင်ပူးပေါင်းဆောင်ရွက်လာရေးကို အားပေးဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းများ မပေါ်ပေါက်နေခြင်းမှာ ပုဂ္ဂလိကလုပ်ငန်း ရှင်များမှ အကျိုးအမြတ်ရလွယ်သော စီးပွားရေးတွက်ခြေကိုက်သည့် အခြားလုပ်ငန်းများကိုသာ လုပ်ကိုင်မိသူ များဖြစ်ကြပြီး မျိုးစေ့ထုတ်လုပ်ငန်းအား လုပ်ကိုင်တဲ့သူ နည်းပါးခြင်းတို့ကြောင့် အစိုးရပိုင်းမှ ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေးကို စိတ်ဝင်စားမှုအားနည်းမှုကြောင့်လည်း ဖွံ့ဖြိုးမှုနှောင့်နှေးနေရခြင်းဖြစ်ပါတယ်။ စပ်မျိုးစပါးဆိုတာဟာ မျိုးဗီဇစွမ်းအားကောင်းမွန်တဲ့ အဖိုမျိုး နှင့် အမမျိုးလိုင်းစပါးမျိုးနှစ်မျိုးတို့ကို မျိုးစပ်ပြီးရလာတဲ့ ပထမသားဆက်မျိုးဆက်ကို မျိုးအဖြစ် အသုံးပြုခြင်းဖြစ်ပါတယ်။ ယင်းမျိုးစေ့မှာ မိဘမျိုးများထက်သာလွန်ကောင်းမွန်တဲ့ မျိုးရိုးဗီဇစွမ်းအား များပါရှိလာတဲ့အတွက် အပင်ဖြစ်ထွန်းမှုစွမ်းအားကောင်းခြင်း၊ ပင်ပွားထွက်နှုန်းကောင်းခြင်း၊ တစ်နှံပါ အောင်စေ့အရေအတွက်များခြင်းနှင့် အရည်အသွေးလက္ခဏာများ ကောင်းမွန်ခြင်းတို့ကြောင့် စပ်မျိုး စပါးမျိုးစေ့များကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်း အရည်အသွေးကောင်းစပါးများကို ထုတ်လုပ်ရရှိနိုင်မှာဖြစ်ပါတယ်။ သို့ဖြစ်၍ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက်လည်း အကျိုးအမြတ် အထိုက်အလျောက် ရရှိနိုင်မှာဖြစ်ပါတယ်။ အလားတူ စပါးကဲ့သို့ပဲ ကျွန်တော်တို့ Hybrid Technology နဲ့ပတ်သက်လို့ အထွက်နှုန်းကောင်း၊ အရည်သွေးကောင်းတဲ့ အထွက်တိုးမြေပဲ၊ စပ်မျိုးနေကြာ၊ စပ်မျိုးကြံ၊ စပ်မျိုးချည်မျှင်ရှည်ဝါနှင့် စပ်မျိုးဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစတဲ့ Hybrid Seed များကိုလည်းပဲ စိုက်ပျိုးထုတ်လုပ်နိုင်အောင် ဆောင်ရွက်ပေးလျက် ရှိပြီး တောင်သူများ အကျိုးအမြတ်ရရှိနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ ဆန်စပါး ထုတ်လုပ်မှုကဏ္ဍမှာ စပ်မျိုးစပါးများကို တိုးချဲ့ရန်လိုအပ်သလောက် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မျိုးစေ့လုံလောက်စွာ ထုတ်လုပ်ပေးနိုင်မှုမရှိသေးခြင်း၊ ရေမြေပထဝီအနေအထားအရ သင့်တော်တဲ့ စပါးမျိုးများ စိုက်ပျိုးရန် လိုအပ်နေသေးခြင်းတို့ကြောင့် Seed Flow အစီအစဉ်အရ အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်း မျိုးချန်၍ရတဲ့ Open Pollinated Variety ဖြစ်တဲ့ Impress လိုင်းများကိုလည်းပဲ မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ပြီး စိုက်ပျိုးနိုင်ရေးကိုလည်း မိဘမျိုးစေ့၊ ဆင့်ပွားမျိုးစေ့၊ မျိုးသန့်မျိုးပွားမျိုးစေ့ စီးပွားဖြစ် မျိုးသန့်မျိုးစေ့များ အဆင့်ဆင့်ထုတ်လုပ်မှုကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာနရှိ မျိုးပွားခြံ ၄၃ ခြံမှာ အကျိုးဆောင် တောင်သူများ၊ မျိုးသန့်စံပြရွာများနှင့်ပူးပေါင်းပြီး မျိုးသန့်မျိုးစေ့ထုတ်လုပ်ခြင်းကိုလည်း ဆောင်ရွက် ပေးလျက်ရှိပါတယ်။ အလားတူ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ အလျဉ်းသင့်လို့ တင်ပြရမယ်ဆိုရင် ဝန်းသိုမြို့နယ်အနေနဲ့ ကျွန်တော်တို့ ဦးလွမ်းမောင် အာမခံရွာ ၇ ဧက၊ ဦးနန်းဦး ရေဝေပြင်ရွာ ၅ ဧက၊ ဦးထွန်းကြည် ထွန်းဝင်းသာဆန်စက်၊ ဦးဝင်းအောင် ဖြိုးသင်ဆန်စက်တွေမှာ ဝန်းသိုမြို့နယ်အတွက် ကျွန်တော်တို့ အခြေခံမျိုးကို နိုင်ငံတော်ကနေပံ့ပိုးပြီးတော့ တောင်သူများကနေပြီးတော့ မျိုးသန့်များ ထုတ်လုပ်လျက်ရှိကြောင်း တင်ပြအပ်ပါတယ်။ လက်ရှိစိုက်ပျိုးလျက်ရှိတဲ့ မဂျမ်းတော (ခ) ဧရာမင်း စပါးမျိုးမှာ ပြည်တွင်းစားသုံးမှုအရည်အသွေးနှစ်သက်မှုရှိသော်လည်း တစ်ဧကအထွက်နှုန်းဟာ ၆၀၊ ၇၀ လောက်သာထွက်ရှိပါတယ်။ အလျဉ်းသင့်လို့ ဧရာမင်းစပါးမျိုးနဲ့ပတ်သက်ပြီး Seed Source ကိုတင်ပြရမယ်ဆိုရင် ဧရာမင်းစပါးဟာ ကျွန်တော်တို့ ဝန်ကြီးဌာနက ၁၉၇၇ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့ ပါတယ်။ ဧည့်မထအမျိုးအစားဖြစ်ပြီး အသက်ရက်အားဖြင့် ၁၄၅ ရက်၊ ၁၅၀ သက်တမ်းရှိပါတယ်။ ကောက်လတ်ဖြစ်ပြီးတော့ အပင်အမြင့်က ၄ ပေခွဲ၊ ၅ ပေရှိပါတယ်။ အနံပါတဲ့ ပင်ပွားက ၁၀ ပင် လောက်ထွက်ပြီးတော့ တစ်နံပါသီးလုံးပေါင်းက ၁၆၀ လောက်ရှိပါတယ်။ ဆန်အရည်အသွေးဟာ ကြည်လင်ပြီးတော့ စားသုံးမှုဟာ သင့်တင့်ကောင်းမွန်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ အထွက်နှုန်း အနေနဲ့ကတော့ ၆၇ လောက်သာဖြစ်တဲ့အတွက် ဆန်အရည်အသွေးကောင်းသော်လည်းပဲ အထွက်နှုန်း ဟာ ၆၀၊ ၇၀ သာထွက်ရှိကြောင်း အလျဉ်းသင့်လို့ တင်ပြအပ်ပါတယ်။ လက်ရှိပြည်တွင်းမှာ စားသုံးမှု အရည်အသွေးကောင်းတဲ့ မဂျမ်းတောစပါးကို အရည်အသွေးကောင်းပြီး အထွက်နှုန်းကောင်းတဲ့ စပါးမျိုးများနဲ့အစားထိုးနိုင်အောင်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာရေးကို ဆောင်ရွက်ရာမှာ အထွက်နှုန်းတိုးမြှင့် ရရှိရေးနှင့် အရည်အသွေးပိုမို ကောင်းမွန်ရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ လက်ရှိစိုက်ပျိုးမှု သီးနှံပုံစံမှာနေရာ ဒေသတစ်ခုအတွင်း စပါးမျိုးခင်းများစွာ စိုက်ပျိုးနိုင်မှုကြောင့် ထုတ်လုပ်ရရှိတဲ့စပါးများမှာ မျိုးတစ်ခု နှင့်တစ်ခု ရောနှောပြီး အရည်အသွေးနိမ့်ကျနေတာကိုလည်း တွေ့ရှိရပါတယ်။ စပါးအရည်အသွေး နိမ့်ကျမှုကြောင့် ဆန်အရည်အသွေးများလည်း နိမ့်ကျလာခြင်းဖြစ်ပြီး ပြည်ပဆန်ဈေးကွက်မှာလည်း ဈေးနှုန်းရရှိမှု၊ ဈေးကွက်ခိုင်မာမှု အားနည်းနေတာကို တစ်ဆက်တည်း ကြုံတွေ့ကြရပါတယ်။ ဒါကြောင့်မို့လို့ ပုလဲသွယ်စပ်မျိုးစပါးကို တစ်နိုင်ငံလုံးအတိုင်းအတာွဖင့် မျိုးစေ့လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခြင်းမရှိသေးတဲ့အတွက် အရည်အသွေးကောင်းဆန်များ ထုတ်လုပ်လာနိုင် အောင် တိုင်းဒေသကြီး/ပြည်နယ်များမှာ ဒေသနှင့်ကိုက်ညီတဲ့ အရည်အသွေးကောင်း၊ အထွက်နှုန်း ကောင်း HYP လို့ခေါ်တဲ့ မျိုးချန်လို့ရတဲ့ အထွက်ကောင်းစပါးမျိုးတွေကို နှစ်မျိုးသုံးမျိုး ရွေးချယ်ပြီး တော့ မျိုးသန့်ဇုန်များ တည်ထောင်စိုက်ပျိုး ထုတ်လုပ်ဖို့ကိုလည်း သတင်းစာ၊ ရုပ်မြင်သံကြားနှင့် လယ်ယာစီးပွားသတင်းစာတို့မှာ နှိုးဆော်ချက်များ ထုတ်ပြန်ပေးလျက်ရှိပါတယ်။ မိမိတို့လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနအနေနဲ့လည်း စပ်မျိုးစပါးနှင့် HYP မျိုးချန်၍ရသောဒေသနှင့် ကိုက်ညီသည့် အရည်အသွေးကောင်းစပါးမျိုးများကို ဌာနပိုင်ခြံတွေကနေပြီးတော့ Leader Seed, Foundation Seed, Register Seed စသည့်ထုတ်လုပ်ပေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်မြို့နယ်များမှာ ခြံများက ဖြန့်ဖြူးလိုက်တဲ့ မျိုးသန့်များကို အကျိုးဆောင်တောင်သူများနဲ့ သော်လည်းကောင်း၊ မျိုးစေ့ထုတ်ကုမ္ပဏီများနဲ့သော်လည်းကောင်း မိမိတို့ဒေသတွေမှာ မျိုးသန့်ဇုန် များ ပေါ်ပေါက်လာအောင် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
