နိုင်ငံတကာမှာလည်း ဒီမိုကရေစီနိုင်ငံအဖြစ် အောင်မြင်စွာထူထောင်နိုင်ခဲ့တာဟာ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများမှ ဥပဒေရေးဆိုင်ရာ အသိအမြင်များ ပွင့်လင်းခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတကြီးကလည်း တရားဥပဒေစိုးမိုးရေးရှိရန် လိုအပ်ကြောင်း အစဉ်အမြဲ တိုက်တွန်းမိန့်ကြားလျက်ရှိနေပါတယ်။ ကျွန်မတို့ နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်။ ဥပဒေရေး ဆိုင်ရာ အသိအမြင်များအားနည်းလျှင် မိမိတို့ကိုယ်တိုင်ဥပဒေကို မွေ့လျော်စွာခံယူကျင့်သုံးလျှင် မလိုလားအပ်သော ပြဿနာများစွာကို ရင်ဆိုင်တွေ့ကြုံနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေး အောင်မြင် ရန် အဓိကသော့ချက်ဟာ ဥပဒေရေးဆိုင်ရာအသိအမြင်များပြန့်ပွားပြီး မိမိကိုယ့်ကိုမိမိ ဥပဒေကြောင်း အရ တာဝန်ယူရန် ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဥပဒေရေးဆိုင်ရာအသိအမြင် များ ပွင့်လင်းစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ဌာနများမှ တာဝန်ရှိပါတယ်ရှင့်။ ဥပမာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ရဲအဖွဲ့အစည်းများရဲ့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများမှာ မှုခင်း အသိပညာပေးဟောပြောခြင်းလုပ်ငန်းရှိပါတယ်။ ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အကောင် အထည်ဖော်ရန် နည်းနာ ၃ ရပ်မှာ ကျေးလက်ဒေသမှ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေး ခြင်းလုပ်ငန်းပါဝင်ပါတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေမှာလည်း ဥပဒေများကို ပြည်သူများက နားလည်လိုက်နာကျင့်သုံးလာစေရန် ပညာပေးရေးနှင့် ပြည်သူများက ဥပဒေကိုလိုက်နာသော အလေ့ အကျင့် ပျိုးထောင်ပေးရေးစသည်တို့ကို ပြဋ္ဌာန်းထားပါတယ်။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ ဥပဒေရေးဆိုင်ရာ အသိအမြင်များပွင့်လင်းစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ထောင်စု တရားရုံးချုပ်နှင့် ပြည်ထောင်စုရှေ့နေချုပ်များစသည်တို့ရဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် နိုင်ငံတော်ရဲ့မူဝါဒနှင့် လုပ်ငန်းစဉ်တွေမှာလည်း လေ့လာတွေ့ရှိနေရပါတယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှုအပိုင်းမှာ အလွန်အားနည်းနေတာကို လေ့လာတွေ့ရှိနေရပါတယ်။ ဥပဒေရေး ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို မိမိဌာနအတွင်းသာ ပြုလုပ်ခြင်း၊ အချင်းချင်းအချိတ်အဆက် မရှိခြင်း၊ သွားလာရလွယ်ကူသောနေရာတွင်သာပြုလုပ်ခြင်း၊ ရပ်ကွက်ကျေးရွာအထိ ကွင်းဆင်း သင်တန်းပေးမှုအားနည်းခြင်း၊ မိမိတို့ရပ်ရွာက ဥပဒေအသိပညာကိုလိုချင်၍ သက်ဆိုင်ရာဌာနကို ဖိတ်ကြားလျှင် စရိတ်စက အကုန်အကျခံရခြင်း၊ လူအမြင်ကောင်းစေရန်သာ ပြုလုပ်ခြင်းစတဲ့ ကိစ္စရပ်များကို လေ့လာတွေ့ရှိနေရပါတယ်ရှင့်။
တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းနှင့် နိုင်ငံတော်ရဲ့ လုပ်ငန်းစဉ်များကို နိုင်ငံသားအားလုံးက လိုက်နာဆောင်ရွက်ကြရမှာဖြစ်သလို သက်ဆိုင်တဲ့ဥပဒေများကို စွဲကိုင်ကျင့်သုံးရတဲ့ အဖွဲ့အစည်းအသီးသီးမှာလည်း အဖွဲ့အစည်းအလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းစီလည်းကောင်း တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရမယ်လို့ ခံယူယုံကြည်ပါတယ်ရှင်။ အထူးသဖြင့် မူလတန်းကျောင်းများမှစ၍ ကျောင်းနေအရွယ်သိတတ်တဲ့ အသက်အပိုင်းခြားကနေစပြီး ဥပဒေရေးရာကိစ္စရပ်များအား ပြည်သူ့နီတိဖြင့် တွဲဖက်၍ ဟောပြောပို့ချသင်ကြားလေ့ကျင့်ပေးခြင်း များ စတင်ဆောင်ရွက်ပေးသင့်ပါပြီလို့ ယုံကြည်ပါတယ်ရှင့်။ သို့မှသာ ငယ်စဉ်အရွယ်မှစ၍ တရားဥပဒေကို လိုက်နာကျင့်သုံးတတ်တဲ့ အလေ့အထရှိလာမှာ ဖြစ်ပါတယ်။ တည်ဆဲဥပဒေများကို နိုင်ငံသားအားလုံးက သိရှိထားမှသာ အဲ့ဒီဥပဒေများကို လိုက်နာကျင့်သုံးပြီး တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အဆင့်မှ နေ၍ ကျေးလက်နေပြည်သူများအထိကို တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ ဥပဒေရေးဆိုင်ရာ အသိအမြင်ပွင့်လင်းစေရန် နိုင်ငံတော်က ရေတိုရေရှည်စီမံကိန်းချမှတ်ကာ ဦးဆောင်၍ ပြုလုပ်ပေး သင့်တယ်လို့ ယုံကြည်ပါတယ်ရှင့်။ ဒါကြောင့် ကျွန်မမေးလိုတဲ့ ပထမမေးခွန်းမှာ (က) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ကျေးလက်နေပြည်သူများအထိ တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေ ရေးဆိုင်ရာအသိအမြင်များ ကျယ်ပြန့်စွာသိရှိနားလည်နိုင်ရန်အတွက် ရေတိုရေရှည်စီမံကိန်းများ၊ အစီအမံများချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိပါသလား။ (ခ) စီမံဆောင်ရွက်ရန်မရှိက မည်သည့် အတွက်ကြောင့်နည်းလို့ မေးမြန်းအပ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့ ဒုတိယမေးခွန်းကို မေးမြန်းမှာ ဖြစ်ပါတယ်ရှင်။ ယနေ့အချိန်အခါမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေ များ ထုတ်ပြန်ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း ရွေးချယ်ပြီး ဖြစ်ကြောင်းသိရှိရပါတယ်။ ဒါ့အပြင် အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာမှာ အခက်အခဲ များစွာ ကြုံတွေ့ရပြီး ပြည်သူများမှ သက်ဆိုင်ရာဌာနများကို တိုင်ကြားစာပေးပို့နေတာကိုလည်း သိရှိ ရပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုဖြင့် မြို့နယ်အားလုံးကို ၄-၂-၂၀၁၃ ရက်နေ့မှ ၁-၃-၂၀၁၃ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေများကို သင်တန်းပေးနေကြောင်းကိုလည်း ဝမ်းမြောက်ဖွယ်ကြားသိ ရပါတယ်ရှင်။ ဒါပေမယ့် တိုင်းရင်းသားများဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတချို့မှာ ဘာသာစကားအားနည်း ခြင်း၊ အထူးသဖြင့် ဗမာစကားဥပဒေဆိုင်ရာအသုံးအနှုန်းများကို အလုံးစုံနားလည်နိုင်စွမ်း အားနည်း ခြင်း၊ အချိန်လုံလောက်မှုမရှိခြင်းစတာတွေကို ရင်ဆိုင်တွေ့ကြုံခံစားနေရကြောင်းကိုလည်း သိရှိခဲ့ရပါ တယ်။ ဒါတွေကို နိုင်ငံတော်က ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်ရှင်။ ဒါကြောင့် မေးမြန်းလိုတဲ့ ဒုတိယ မေးခွန်းမှာ (က) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ နားလည်သဘောပေါက်ပြီး ဖြစ်ပါသလား။ (ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရ မည့် မြို့နေပြည်သူ၊ ကျေးလက်နေပြည်သူများ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေနှင့် နည်းဥပဒေများကို သိရှိနားလည်အောင် နိုင်ငံတော်က ဆောင်ရွက်ပြီးဖြစ်ပါသလား။ (ဂ) မဆောင်ရွက် သေးပါက မည်သို့စီမံဆောင်ရွက်မည်ကို သိလိုပါတယ်။ (ဃ) စီမံဆောင်ရွက်ရန်မရှိက မည်သည့် အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေး အာဏာဆိုတဲ့ အာဏာ ၃ ရပ် ရှိတဲ့အနက် အုပ်ချုပ်ရေးအာဏာကို နိုင်ငံတော်သမ္မတဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်ရတဲ့ ဌာနအသီးသီးတို့က ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အဖွဲ့က တာဝန်လက်ခံထမ်းဆောင်ချိန်မှစပြီး ကျင့်သုံးဆဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် ဥပဒေအချို့ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ပြန်လည်ရေးဆွဲခြင်းများအပြင် ခေတ်နှင့်အညီ ထပ်မံရေးဆွဲ ပြဋ္ဌာန်းသင့်တဲ့ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ခြင်းနှင့် အသစ်ပြန်လည်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့တဲ့ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်ဖို့အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ကြေညာခြင်း၊ နိုင်ငံပိုင်သတင်းစာများမှာ ထည့်သွင်းဖော်ပြပေးခြင်းများအပြင် ပြည်သူများစဉ်ဆက်မပြတ်သိရှိနိုင်စေဖို့ ပုဂ္ဂလိကဂျာနယ်များ၊ မဂ္ဂဇင်းများ၊ အင်တာနက်သတင်းဌာနများ၊ တရားဝင်ထုတ်ပြန်ထားရှိတဲ့ သမ္မတရုံးနှင့် ဝန်ကြီးဌာန Website များမှာလည်း ထည့်သွင်းဖော်ပြပေးလျက်ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၁)ကို ထုတ်ပြန်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၇) ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ဖို့အတွက် အထက်မှာတင်ပြခဲ့တဲ့ နည်းလမ်းများအတိုင်း ဆောင်ရွက်ခဲ့တဲ့ အပြင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေကို ထပ်မံရေးဆွဲပြီး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကို ရွေးချယ်ခန့်အပ်နိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလိုရွေးချယ်ခန့်အပ်မှုများမှာ ဥပဒေ၊ နည်းဥပဒေများပါအတိုင်း တိကျစွာ ဆောင်ရွက်နိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် များမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၄) လက်ထောက်ညွှန်ကြားရေးမှူး ၆၄ ဦးကို သင်တန်းပို့ချလေ့ကျင့်ပေးခဲ့ပါတယ်။ သူတို့တွေကနေတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ်များ မှာရှိတဲ့ မြို့နယ်၊ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ပြည်သူလူထုနှင့်အများဆုံး ထိတွေ့ ဆက်ဆံရတဲ့ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ၂၀၁၂ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများအတွင်းမှာ အခြေခံအုပ်ချုပ်ရေးပြုပြင်ဖွဲ့စည်းရေးဆင့်ပွားသင်တန်း ၄၉ ကြိမ်ဖွင့်လှစ်ခဲ့ပေးပြီး သင်တန်းသား ၂၃၀၁ ဦးကို တက်ရောက်စေခဲ့ပါတယ်။ ဒါ့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများနှင့် ရပ်မိရပ်ဖများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများအား ဥပဒေနှင့်အညီရွေးချယ်နိုင်ဖို့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများက ရွေးချယ်ရေးလုပ်ငန်းစဉ်များဆိုင်ရာ ဆင့်ပွားအလုပ်ရုံဆွေးနွေးပွဲများကို ပို့ချခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများကိုလည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လူမှန် နေရာမှန် ရွေးချယ်နိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး ရုပ်ရှင်အနုပညာရှင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများရွေးချယ်ရေး ဇာတ်လမ်းတိုဖြစ်တဲ့ လူမှန်နေရာမှန် အပိုင်း ၁၊ ၂၊ ၃ ကို ရိုက်ကူးပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသအသိပေးဆောင်ရွက်လျက် ရှိပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၉ မှာပါတဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ဥပဒေနဲ့အညီ ရွေးချယ်စေပြီး အုပ်ချုပ်ရေးမှူးများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တတ်စေရေး ရေးဆွဲထားရှိတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းစီမံချက် များအတိုင်း ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ မှ မတ်လ ၂၉ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ် နဲ့ နေပြည်တော်ကောင်စီနဲ့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့် သင်တန်းနည်းပြများက ဦးစီးပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရေး သင်တန်းများဖွင့်လှစ်၍ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၅၁၆၅ ဦးအား ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများအပြင် ဌာနဆိုင်ရာများနှင့်ဆက်စပ် သိသင့်သိထိုက်သည်များကို ထည့်သွင်းပို့ချပေးလျက်ရှိပါတယ်။ ရပ်ကွက်၊ ကျေးရွာအုပ်စု ပြည်သူများအားပြန်လည် အသိပေးနိုင်ရန် အုပ်ချုပ်ရေးဥပဒေနဲ့နည်းဥပဒေစာအုပ်များကိုလည်း ွဖန့်ဝေပေးထားပြီးလည်း ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးများ၊ မြို့နေပြည်သူ၊ ကျေးလက်နေပြည်သူများအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား သိရှိနားလည်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဒေါ်နန်းဝါနု (ကွန်ဟိန်းမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
အဓိကအားဖြင့် ခေါင်တဲ့နေရာ ဝေးလံခေါင်းပါးတဲ့ နေရာမှာ ဒါတွေက ကျွန်မတို့ဘက်က အသုံးပြုလို့မရပါဘူးရှင့်။ နောက်ပြီးရင် ဒီစာအုပ်တွေ၊ နည်းဥပဒေစာအုပ်တွေကို ဖြန့်ဝေပေးတယ်လို့ ပြောပါတယ်။ ဒီစာအုပ်တွေကလည်း များသောအားဖြင့် မြန်မာစာတွေပဲ ဖြစ်ပြီးတော့ တိုင်းရင်းသား ဘာသာစာပေတွေနဲ့ မဟုတ်တဲ့အခါကျတော့ တိုင်းရင်းသားတွေကလည်း နားလည်နိုင်မှု စွမ်းရည် နည်းပါးတယ်ရှင့်။ ဥပဒေအသုံးအနှုန်းကလည်း သူတို့က နားလည်နိုင်စွမ်းမရှိပါဘူး။ ကျွန်မတို့ အနေနဲ့က ဒီရုပ်မြင်သံကြားတို့ ဒီထက်ပိုပြီးတော့ ထိရောက်တဲ့နည်းလမ်းနဲ့ ပြည်သူတွေကို ဘယ်လိုမျိုး ပညာပေးမလဲ။ ကျွန်မတို့ တိုင်းရင်းသားတွေကိုရော ဥပဒေပိုင်းဆိုင်ရာအသိအမြင်တွေကို ဘယ်လို ဖြည့်စွက်ပြီး လုပ်ပေးမလဲဆိုတာတွေကို သိချင်ပါတယ်ရှင့်။
ရည်ရွယ်ချက်ကို ပေါက်မြောက်အောင် ဆောင်ရွက်မည်ဆိုပါက အင်မတန်မှကြီးကျယ် ခက်ခဲသော ကိစ္စကြီးတစ်ခုဖြစ်ပါတယ်။ သို့ရာတွင် ကြီးကျယ်ခက်ခဲသော ကိစ္စကြီးတစ်ခုဖြစ်တဲ့အတွက် မလုပ်ဘဲနေလို့လည်းမဖြစ်ပါဘူး။ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာ မေးခွန်းရှင် ဆွေးနွေးသွားသလို စာသင်ကျောင်းတွေမှာ ပြည်သူ့နီတိနဲ့ တွဲဖက်ပြီး တရားဥပဒေလိုက်နာဖို့ကိစ္စကအစ ဒီမေးခွန်းရဲ့အဖြေထဲမှာ ပါပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ တည်ဆဲဥပဒေတွေရော၊ ဆက်လက်ထုတ်ပြန်မယ့်ဥပဒေတွေရော၊ နည်းဥပဒေတွေရော၊ ဒီကိစ္စ အားလုံးကို ပြည်သူအားလုံးသိရှိအောင်လုပ်ဖို့ကတော့ တော်တော်လေးခက်ခဲတဲ့အနေအထားမှာ ရှိနေပါတယ်။ ပြည်သူအားလုံးမပြောနဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များသည်ပင်လျှင် ဒီနေ့ ထုတ်ပြန်ထားသော ဥပဒေများ၊ နည်းဥပဒေများကို ဖတ်ရှုနားလည်အောင် ဆောင်ရွက်တာ အင်မတန် ခက်ခဲပါတယ်။ ဒါကြောင့် စေတနာနဲ့ ရည်ရွယ်ချက်ကောင်း မေးထားတဲ့မေးခွန်းကို ဖြေတဲ့နေရာမှာ လည်း ဥက္ကဋ္ဌအနေနဲ့ အမြင်အားဖြင့် ပြောမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖြေကြားချက်နဲ့ မလုံလောက်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ဖိတ်ကြားထားတဲ့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြည်ထောင်စုကိုယ်စားလှယ်များ အနေနဲ့လည်း ဒီမေးခွန်းပေါ်မူတည်ပြီးတော့ မိမိတို့အမြင် မိမိတို့ရှုထောင့်က ဘယ်လိုရှိတယ်ဆိုတာကိုလည်းပဲ လွှတ်တော်မှာ ရှင်းလင်းတင်ပြပေးစေချင်ပါကြောင်း ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်
ကျွန်တော်တို့ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းလိုက်တယ် ဆိုလို့ရှိရင် ရှေးယခင်ကတော့ ဒီဥပဒေကို ကျွန်တော်တို့ မြန်မာနိုင်ငံ Gazzet မှာ ထည့်သွင်းပြီးတော့ ပုံနှိပ်ဖော်ပြပါတယ်။ မြန်မာနိုင်ငံ Gazzet မှာ ထည့်သွင်းပြီးတော့ ပုံနှိပ်ဖော်ပြမယ်ဆိုရင် သာမန်အား ဖြင့်တော့ ဒီဥပဒေတွေကို ရှေးတုန်းကတော့ အများပြည်သူများ သိရှိနားလည်ပြီး ဖြစ်တယ်လို့ပဲ ဒီလိုပဲ ယူဆခဲ့ကြပါတယ်။ ဒီလို ယူဆပြီးတဲ့အခါကျတော့ တရားရုံးတွေမှာ အမှုရင်ဆိုင်ဖြေရှင်းကြတဲ့ အခါတွေမှာဆိုရင် ဥပဒေကိုမသိလို့ နားမလည်လို့ပါဆိုတဲ့ ခွင့်ပြုချက်နဲ့ ခွင့်လွှတ်လို့မရပါဘူး။ သာမန် အားဖြင့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ပြီးတယ်ဆိုရင် အများပြည်သူဟာ ဒီဥပဒေကို သိရှိပြီးဖြစ်တယ်။ ဒီဥပဒေကို လိုက်နာဖို့ လိုတယ်ဆိုတဲ့အမြင် ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ လက်တွေ့မှာတော့ ဒေါ်နန်းဝါနု တင်ပြသွားတဲ့အတိုင်းပဲ ဒီဥပဒေတစ်ရပ်ကို အများပြည်သူ သိရှိဖို့အတွက်ကတော့ လုပ်ဖို့ အများကြီးလိုအပ်နေတာကို ကျွန်တော်တို့ လက်တွေ့ပဲကြုံတွေ့ရပါတယ်။ ဒါကြောင့် အခုဒီမှာလည်း မြန်မာနိုင်ငံက ထုတ်ပြန်လိုက်တဲ့ တည်ဆဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ဘယ်လိုနည်းနဲ့ သိအောင်လုပ်မလဲဆိုတဲ့ မေးခွန်းအပေါ်မှာ ကျွန်တော်တို့ ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ကတော့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ကတော့ တရားစီရင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေမျိုးလောက်ကိုပဲ ကျွန်တော်တို့က အဓိကထားပြီး တော့ အများပြည်သူများ သိရှိအောင် ဆောင်ရွက်ခဲ့တာမျိုး ရှိပါတယ်။ အဲ့ဒါက ဆောင်ရွက်တဲ့နည်းလမ်း ကတော့ ကျွန်တော်တို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားရေးဂျာနယ်ဆိုတာကို ကျွန်တော် တို့ ထုတ်ဝေပြီးတော့ သုံးလတစ်ကြိမ် ထုတ်ဝေပါတယ်။ အဲဒီတရားရေးဂျာနယ် ထုတ်ဝေတဲ့ ရည်ရွယ်ချက်ကိုကလည်းပဲ ဒီတည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အထူးသဖြင့် တရားရုံးနဲ့ ပတ်သက်တဲ့ဥပဒေတွေကို အများပြည်သူများ သိရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ဒီဂျာနယ်ကို ထုတ်ပါတယ်။ ထုတ်ပြီးတော့ ဒီဂျာနယ်မှာ ရေးသားတဲ့ ပုံစံကလည်း သုတေသနလုပ်တဲ့ ပုံစံမျိုးအဆင့်မြင့်တဲ့၊ ခက်ခဲနက်နဲတဲ့ ဥပဒေတွေကိုဖော်ပြတာမျိုးမဟုတ်ဘဲနဲ့ အများပြည်သူ သိရှိသိထိုက်တဲ့ ဥပဒေတွေကိုပဲ ကျွန်တော်တို့က လွယ်ကူတဲ့ပုံစံမျိုးနဲ့ ဆောင်းပါးပုံစံမျိုး၊ အမေး အဖြေပုံစံမျိုး၊ ဝတ္ထုပုံစံမျိုးနဲ့ အများပြည်သူအလွယ်တကူ သိရှိနိုင်အောင်ဆိုပြီးတော့ ဒီရည်ရွယ်ချက်နဲ့ ရေးသားစေပြီးတော့ တရားရေးဂျာနယ်ကို ကျွန်တော်တို့ သုံးလတစ်ကြိမ် ဖြန့်ဝေပါတယ်။ တရားရေး ဂျာနယ်ကို မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တရားရုံးများ အားလုံးမှာ ွဖန့်ဖြူးတဲ့အပြင် အပြင်ဈေးကွက် မှာလည်း တရားရေးဂျာနယ်ကို ကျွန်တော်တို့ ထုတ်ဝေတင်ပြီးတော့ ကျွန်တော်တို့ ရောင်းချဖို့ ဆောင်ရွက်တာရှိပါတယ်။ အဲဒီလို နည်းနဲ့ဆောင်ရွက်တာအပြင် ကျွန်တော်တို့ တခြားတစ်ခုကတော့ တရားစီရင်ထုံးများ ထုတ်ဝေတဲ့နည်းလည်း ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ တရားရုံးတွေက နေပြီးတော့ အမှုအခင်းဖြစ်တဲ့အခါမှာ ကျွန်တော်တို့ စီရင်ချက်တွေချပါတယ်။ အဲဒီလို စီရင်ချက်တွေ ချတဲ့အထဲကမှ ကောင်းနိုးရာရာနဲ့ အများပြည်သူသိရှိနိုင်ရန် လိုအပ်တဲ့ စီရင်ချက်များကို ရွေးချယ်ပြီး တော့မှ စီရင်ထုံးများဆိုပြီးတော့မှ ကျွန်တော်တို့ ထုံးပြုတာဖြစ်ပါတယ်။ အဲဒီစီရင်ထုံးတွေကိုလည်းပဲ တစ်နှစ်တစ်ကြိမ် ထုံးပြုပြီးတော့ကာ ထုံးဖွဲ့ပြီးတော့ကာ ကျွန်တော်တို့ တစ်ပြည်လုံးတရားရုံးများကို ဖြန့်ပါတယ်။ အများပြည်သူများ သိရှိနိုင်ဖို့လည်း ဖြန့်ပါတယ်။ အထူးသဖြင့် ရှေ့နေရှေ့ရပ်များနဲ့ စိတ်ဝင်စားကြတဲ့ အများပြည်သူများက ဝယ်ယူဖတ်ရှုပြီးတော့ လေ့လာကြကြောင်းလည်း သိရှိရပါ တယ်။ နောက်တစ်နည်းကတော့ ကျွန်တော်တို့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း တရားရေး အရာရှိများက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တရားရေးအရာရှိများနဲ့ အငြိမ်းစားယူပြီးဖြစ်တဲ့ တရားရေးအရာရှိများက ဥပဒေဗဟုသုတများကို ရေးသားပြီးတော့ကာ အများပြည်သူသိရှိရန် ဖြန့်ဖြူး တဲ့နည်းနဲ့လည်း ဆောင်ရွက်တာ ရှိပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ အလုပ်ရုံဆွေးနွေးပွဲ တွေ၊ ဟောပြောပွဲတွေမှာလည်း တရားရေးအရာရှိများ တက်ရောက်စေပြီးတော့ ဟောပြောဆွေးနွေးပို့ချ တာမျိုးလည်း လုပ်ကိုင်တာရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ တင်ပြရမယ်ဆိုရင်တော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ လုပ်ကိုင်နိုင်တဲ့ နည်းကတော့ ဒီသုံးနည်းနဲ့ပဲ လက်ရှိအား ဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိနိုင်ပါရန် ရှင်းလင်းဖြေကြားပါသည်။
ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး
ဒီရပ်ကွက်နဲ့ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကတော့ ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့် ခုနက ပြည်ထဲရေး ဝန်ကြီးဌာနက ရဲချုပ်ကြီးလည်း ဒီဥပဒေ၊ နည်းဥပဒေများနဲ့ ဆက်စပ်ပြီး အများသိရှိနိုင်အောင် ဆောင်ရွက်လုပ်ကိုင်နေမှုများကို ရှင်းလင်းတင်ပြပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ရုံးပိုင်းဆိုင်ရာအနေနဲ့ တော့ အခုလက်ရှိမှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများရဲ့ အစီအစဉ်နဲ့ ဒီဥပဒေအရာရှိများ ဟာ အခါအားလျော်စွာ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးအောက် ဥပဒေရုံးအဆင့်ဆင့်အနေနဲ့တော့ ဒီဥပဒေမှသာမကပါဘူး။ ခုနက ပြည်သူလူထု နားလည်သင့်တဲ့ ပြည်သူလူထုသိရှိသင့်တဲ့ဥပဒေများကို အခါအားလျော်စွာ ကျွန်တော်တို့ ဒါ ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။ ဒါထက်လည်းပိုပြီးတော့ အခုဒီမှာ အခက်အခဲများကို သိရှိရတဲ့အတွက်ကြောင့် ပိုပြီးတော့ ကျွန်တော်တို့ ရုံးတွေဟာ မြို့နယ် တိုင်းမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ မြို့နယ်ဥပဒေအရာရှိအဆင့်အထိ အားလုံး မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် ဒီပြည်သူလူထုကို အခါအားလျော်စွာ သိရှိနိုင်အောင် ရှင်းလင်းပေးဖို့ ကျွန်တော်တို့လည်း ဆက်လက်ပြီးတော့ ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ ရုံးသာမက ခုနက ဥပဒေကို သိရှိနားလည်တဲ့လူတိုင်းဟာ၊ အဖွဲ့အစည်းတိုင်းဟာ ဒါခုနက ပြည်သူအများ ကျေးရွာနေပြည်သူအများ သိရှိနားလည်အောင် ဒါရှင်းလင်းပေးသွားကြမယ်ဆိုလို့ရှိရင် တော့ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်လိမ့်မည်ဟု ယူဆပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
သမ္မတရုံးဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ။ အထူးမရှိပါဘူး။
ဌာနအသီးသီးက ဒီလောက်အတိုင်းအတာပဲ လုပ်နိုင်မယ့်သဘောရှိပါတယ်။ ကျယ်ကျယ် ပြန့်ပြန့်လုပ်နိုင်ဖို့ဆိုရင် ဒီနေ့ မြန်မာနိုင်ငံမှာ ကျင့်သုံးဖို့ ဦးတည်နေတဲ့ မသင်မနေရပညာရေးစနစ် အမှန်တကယ်ပေါ်ပေါက်ဖို့ လိုပါတယ်။ မသင်မနေရပညာရေးစနစ် ပေါ်ပေါက်လာပြီဆိုရင် မြန်မာ နိုင်ငံသားအားလုံး စာတတ်မြောက်လာမှာဖြစ်ပါတယ်။ စာတတ်မြောက်လာတဲ့အခါမှာ တိုင်းရင်းသား ဘာသာစကားအပြင် မြန်မာစကားပါ နားလည်လာမှာဖြစ်တဲ့အတွက် မြန်မာစကားဖြင့် ရေးသားထား တဲ့ ဥပဒေများကိုလည်း တိုင်းရင်းသားများအားလုံး နားလည်ကြမှာဖြစ်ပါတယ်။ ဥပဒေနဲ့ ပတ်သက်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ရှင်းလင်းတင်ပြသွားသလိုပဲ ဥပဒေတစ်ရပ်ပြဋ္ဌာန်း ပြီးလို့ အတည်ဖြစ်ပြီဆိုရင် ဒီဥပဒေကို နိုင်ငံနယ်ပယ်အတွင်းမှာ အားလုံးက လိုက်နာကြရမယ်။ အားလုံးသိပြီးပြီလို့လည်း မှတ်ယူထားတယ်။ ဒါကြောင့် ဒီဥပဒေကို ကျွန်တော် မသိသေးလို့၊ နားမလည် သေးလို့ ကင်းလွတ်ခွင့်ပြုပါဆိုပြီးတော့ တောင်းခံလို့မရပါဘူး။ ဒါကြောင့်မို့လို့ ထုတ်ပြန်ပြီးတဲ့ ဥပဒေများကို ပြည်သူများ နားလည်ပြီးပြီလို့ ယူဆသလို ပြည်သူများကိုယ်တိုင်လည်း ဒီဥပဒေများကို လေ့လာရမှာ ဖြစ်ပါတယ်။ အဲဒီနည်းတူပဲ ပြည်သူများ လေ့လာနိုင်ဖို့လည်း နည်းလမ်းပေါင်းစုံနဲ့ ပြည်သူ တွေကို ဖြန့်ဝေပေးရမှာဖြစ်ပါတယ်။ ပညာပေးခြင်းအပါအဝင် ထုတ်ပြန်လိုက်တဲ့ဥပဒေများကို ကျင့်သုံး တဲ့ Administer လုပ်တဲ့ ဌာနများသည်ပင်လျှင် ထုတ်ပြန်လိုက်တဲ့ဥပဒေများကို ကောင်းစွာ နားလည်နိုင်ခြင်းမရှိပါဘူး။ ကောင်းစွာနားလည်ခြင်းမရှိဘူးဆိုတဲ့နေရာမှာ တချို့လည်း အနက် အဓိပ္ပာယ်ကောက်တာတွေ လွဲမှားတာတွေ ရှိပါတယ်။ ဒါကြောင့်လည်း ဒီနေ့ ရှေ့နေတွေဆိုတာ တည်ရှိပြီးတော့ ရှေ့နေများသည် ဥပဒေလမ်းကြောင်းအရ မှန်မှန်ကန်ကန်ဖြစ်အောင် ဥပဒေ အကြောင်းအရာကိုမသိတဲ့ ပြည်သူများဘက်က မှန်မှန်ကန်ကန် ဖြေရှင်းပေးနိုင်အောင်ပေါ်ပေါက် လာတဲ့ အဖွဲ့အစည်းလို့ ပြောရမယ့် အနေအထားဖြစ်ပါတယ်။ ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တုန်းက ပြည်သူများကို ဥပဒေအရ အကာအကွယ်ပေးနိုင်ဖို့ မှတ်မိသေးပါတယ်။ ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့ ဥပဒေအကြောင်းအချင်းအရာအရ ပြည်သူတစ်ယောက်နစ်နာတယ်ဆိုရင် မနစ်နာရအောင် ဒီအဖွဲ့ကနေ ဆောင်ရွက်ပေးတယ်။ ဆောင်ရွက်ပေးရမယ်ဆိုပြီးတော့ ဆောင်ရွက်ခဲ့ တာလည်း ရှိပါတယ်။ ဒါဖြင့်ရင် မိမိတို့နိုင်ငံလို ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံက ပြည်သူတွေတင်ပဲ ဥပဒေတွေကို မသိကြတာလား၊ နားမလည်ကြတာလားလို့ မေးမယ်ဆိုရင်မဟုတ်ပါဘူး။ နိုင်ငံတိုင်း မှာလည်း ဒီလို အွခေအနေတွေရှိပါတယ်။ ဒီနေ့ ခေတ်မီတဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာလည်း ဒီလို အွခေအနေမျိုးတွေရှိပါတယ်။ ဒါ့ကြောင့် မေးခွန်းမေးမြန်းသူ၏ စေတနာနဲ့ ရည်ရွယ်ချက် ကောင်းပါ တယ်။ ဒီဟာကို မေးခွန်းတိုင်း၊ ရည်ရွယ်ချက်တိုင်း ဖြည့်ဆည်းဆောင်ရွက်ဖို့ ကိစ္စကတော့ အင်မတန်မှ ကြီးကျယ်သော၊ အင်မတန်မှခက်ခဲသော ကိစ္စကြီးတစ်ခုဖြစ်တဲ့အတွက် သက်ဆိုင်ရာနယ်ပယ် အသီးသီးကရှိတဲ့ ဒီဥပဒေများကို လက်ကိုင်ကျင့်သုံးရမယ့် အဖွဲ့အစည်းများကတော့ အကျင့်သုံးခံရမယ့် ပြည်သူများကရော၊ ဆိုင်ရာဆိုင်ရာအဖွဲ့အစည်းအလိုက် ထုတ်ပြန်ထားတဲ့ ဥပဒေများကို မိမိဌာနတွင်း တစ်ဆင့် ပြည်သူများအတွင်း ဖြစ်နိုင်တဲ့အွခေအနေပေါ် မူတည်ပြီးတော့ ဆွေးနွေးရှင်းလင်းပေးတဲ့ ဟာကတော့ အကောင်းဆုံးအနေအထားဖြစ်မယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်နန်းဝါနုကို ပြောကြားချင်ပါတယ်။ မေးခွန်းအင်မတန်မှကောင်းပါတယ်။ ရည်ရွယ်ချက်ကောင်းပါတယ်။ သို့ရာတွင် ဒီရည်ရွယ်ချက်ကို ပြည့်မြောက်အောင်ကတော့ တော်တော်ကြီးကို ကြိုးစားပြီး ဆောင်ရွက်ရပါဦးမည်ဆိုသည်ကို ရှင်းလင်းဖြေကြားပါသည်။
