(ဆ)-ပြည်သူ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် စံစားခွင့်အရပ်ရပ်ကို အချိန်ကာလအလိုက် ပြန်လည်စိစစ်၍ လိုအပ်သလို ပြင်ဆင်တိုးမြှင့် စံစားခွင့်ပြုနိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၄.၃.၂၀၁၃)

 

ပြည်သူ့ဝန်ထမ်းများအတွက် ဌာနလုပ်ငန်းတစ်ခုဆီမှာ ရာထူးအဆင့် လစာနှုန်းကို အမှုထမ်းအဆင့်မှာ ၆ ဆင့်နှင့် အရာထမ်းအဆင့်မှာ ၆ ဆင့်၊ ပေါင်း ၁၂ ဆင့် နှင့် ဖွဲ့စည်းပြီးတော့မှ သတ်မှတ်စံစားခွင့်ပြုထားပါတယ်။ အဆိုပါစံစားခွင့်အနက် အမှုထမ်း ၆ ဆင့်မှာ အနိမ့်ဆုံးအမှုထမ်းရဲ့ တစ်လလစာငွေဟာ လစာရင်း ၃၅၀၀၀ ကျပ် ဖြစ်ပါတယ်။ အမြင့်ဆုံးအမှုထမ်း ရဲ့ လစာရင်းဟာ ၆၅၀၀၀ ကျပ်သာ ဖြစ်ပါတယ်။ အနိမ့်ဆုံးဝန်ထမ်းတစ်ဦးရဲ့ တစ်ရက်ဝင်ငွေဟာ ကျပ် ၁၀၀၀ ကျော်သာရှိပြီးတော့မှ အမြင့်ဆုံးအမှုထမ်းတစ်ဦးရဲ့ တစ်ရက်လစာဝင်ငွေဟာ ကျပ် ၂၀၀၀ ကျော်သာရရှိမှာ ဖြစ်ပါတယ်။ အဲ့ဒီဝင်ငွေနဲ့ သူတို့ရဲ့မိသားစုအတွက် စားသောက်စရိတ်၊ ပညာရေး စရိတ်၊ ကျန်းမာရေးစရိတ်အပါအဝင်နှင့် နေထိုင်မှုစရိတ်အဝဝကို ဆင်းရဲပင်ပန်းစွာနှင့် ဖြေရှင်းနေကြ ရမှာ သေချာပါတယ်။ ယခုနိုင်ငံတော်က အပိုထောက်ပံ့ကြေးငွေ ၃၀၀၀၀ ခွင့်ပြုထားသဖြင့် အပြည့်အဝမဟုတ်သော်လည်းပဲ အချိန်ကာလတစ်ခုအထိတော့ အဆင်ပြေသွားတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နေ့စဉ်စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အခက်အခဲများစွာနှင့် ဖြေရှင်းနေကြရတဲ့ အဓိကအမှုထမ်းများအနက် ရိုးသားပြီးတော့မှ အခက်အခဲကို ခါးစည်းခံနိုင်ကြတဲ့ ဝန်ထမ်းများရှိသလိုပဲ အခက်အခဲကို မခံနိုင်တော့လို့ မတရားသဖြင့်ပြုတဲ့ လာဘ်ပေးလာဘ်ယူ ပြုခြင်း၊ အလွဲသုံးစားပြုခြင်း၊ ခိုးယူခြင်းစသည့် အလွယ်လမ်းလိုက်မိကြတဲ့ ဝန်ထမ်းများလည်း ရှိကြပါတယ်။ ဝန်ထမ်းများလည်း အဲ့ဒီလို မတရားနည်းလမ်းကိုလိုက်လို့မို့လို့ ဆုံးရှုံးနေကြရပါတယ်။ နိုင်ငံတော်အတွက်လည်းပဲ နစ်နာမှုတွေက နေ့စဉ်၊ လစဉ်၊ နှစ်စဉ် ဖြစ်ပေါ်နေပါတယ်။ ဒီနေ့ဝန်ထမ်း များဟာဆိုရင် ဝန်ထမ်းဘဝမှာပင် နေ့စဉ်အသုံးစရိတ်ကို အနိုင်နိုင်ဖြေရှင်းရုန်းကန်နေကြပြီးတော့မှ အငြိမ်းစားယူကြတဲ့အခါမှာ ဆိုရင်တော့ ရရှိမယ့်အငြိမ်းစားလစာနှင့် လုပ်သက်ဆုငွေတို့နဲ့ ဆက်လက် ဖြတ်သန်းကြရမယ့် ဘဝရဲ့စားဝတ်နေမှု၊ ပညာ၊ ကျန်းမာမှုအတွက်ကို ရတက်မအေးဖွယ်ရာနှင့် တာဝန် ထမ်းဆောင်နေကြရတာဖြစ်ပါတယ်။ လက်ရှိပင်စင်ပေးရေးဥပဒေအရ ဝန်ထမ်းဘဝမှာ လုပ်သက် အများဆုံး ၄၂ နှစ်ဖြင့် အငြိမ်းစားယူကြရတဲ့အမှုထမ်းများအနက် အနိမ့်ဆုံးအမှုထမ်းတစ်ဦးရရှိတဲ့ တစ်လုံးတစ်ခဲတည်း လုပ်သက်ဆုငွေဟာ ကျပ် ၈ သိန်းကျော်နှင့် လစဉ်ပင်စင်ငွေ ကျပ် ၂၀၀၀၀ ကျော်သာရရှိနိုင်မှာ ွဖစ်ပါတယ်။ အမြင့်ဆုံးအမှုထမ်းတစ်ဦးအနေဖြင့် တစ်လုံးတစ်ခဲတည်း လုပ်သက် ဆုငွေ ကျပ် ၁၄ သိန်းကျော်နှင့် လစဉ်ပင်စင်ငွေ ကျပ် ၄၀၀၀၀ ကျော်သာရရှိမှာ ဖြစ်ပါတယ်။ ကျန်လုပ်သက်နည်းတဲ့ ဝန်ထမ်းများအတွက်ကတော့ ထို့ထက်ပြီးမှလျော့နည်းရရှိကြမှာ ဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းများနှင့် အငြိမ်းစားအများစုမှာ ကိုယ်ပိုင်အိမ်ရာရှိသူ လွန်စွာနည်းပါးကြပါတယ်။ အများစုက အိမ်ငှားဘဝနှင့်နေထိုင်ကြတာလည်း တွေ့မြင်နေကြရပါတယ်။ အချို့ဝန်ထမ်းများဆိုရင် ဝန်ထမ်းဘဝစတင် တာဝန်ထမ်းဆောင်စဉ်ကတည်းက ဌာနပိုင်နေအိမ်ခန်းများမှာ နေထိုင်ကြပြီးတော့ အငြိမ်းစားယူတဲ့အခါမှာ အဲ့ဒီအိမ်ခန်းများက ဖယ်ရှားခြင်းခံရလို့မို့လို့ သူတို့ရဲ့ မိသားစုလူမှုရေးဘဝဟာ ကြီးမားတဲ့အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်းလည်းပဲ တွေ့မြင်ကြားသိနေရပါတယ်။ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းအချို့မှာတော့ဖြင့် နိုင်ငံတော်ကချမှတ်ပေးတဲ့ မြေကွက်များ ရရှိကြသော်လည်းပဲ နည်းပါးလှတဲ့ဝင်ငွေဖြင့် မြေကွက်တန်ဖိုးကို အနိုင်နိုင်ရှာဖွေပေး သွင်းဝယ်ယူခဲ့ကြရပါတယ်။ ဒါကြောင့်မို့လို့လည်းပဲ သင့်တင့်တဲ့နေအိမ်ဆောက်ဖို့ မတတ်နိုင်လို့ အဲ့ဒီမြေကွက်ကိုပဲ ရရှိရာ အနိမ့်ရင်းအမြတ်နဲ့ ပြန်လည်ရောင်းချနေရတာကိုလည်းပဲ တွေ့မြင်ကြားသိ နေရပါတယ်။ ဝန်ထမ်းအိမ်ရာစီမံကိန်းအနေဖြင့် အခုအခါ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် မှာ လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ဝင်ငွေနည်းမိသားစုများအတွက် တန်ဖိုးနည်းအိမ်ခန်း ယူနစ် ၁၀၀၀၀ ကျော်ကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံဆောက်လုပ်ပေးရန် စီစဉ်ထားကြောင်းကိုလည်း ပဲ ဝမ်းမြောက်ဖွယ်ရာကြားသိရပါတယ်။ ဒါ့အပြင် လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးမူဝါဒနှင့်အညီ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့ခဲ့သော ၂၀၁၁ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်းကိုလည်းပဲ အမျိုးသားလွှတ်တော်က ဆွေးနွေးစဉ်းစားနိုင်ဖို့အတွက်ကို ပေးပို့ထားဆဲ အဆင့်မှာသာ ဖြစ်ပါတယ်။ အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းမရှိသေးပါဘူး။ ဖော်ပြပါအဘက်ဘက်က စီစဉ် ဆောင်ရွက်ပေးနေသကဲ့သို့ ဝန်ထမ်းများနှင့်အငြိမ်းစားများအတွက်ကိုလည်းပဲ နိုင်ငံတော်မှ လိုအပ်သလိုစီစဉ်ဆောင်ရွက်ပေးနိုင်ရန် ဆက်လက်တင်ပြလိုပါတယ်။ ပြည်သူ့ဝန်ထမ်းအပိုင်းနှင့် ပတ်သက်ပြီးတော့မှ နိုင်ငံတော်မှ သတ်မှတ်ထားသော ရာထူးအဆင့်၊ လစာနှုန်းအလိုက်၊ လစာနည်း ဝန်ထမ်းများကို ဦးစားပေးပြီးတော့မှ လုပ်ခ၊ လစာကို ခေတ်ကာလနှင့်အညီ ပြင်ဆင်တိုးမြှင့်သွားပါရန် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ရိုးသားကြိုးစားပြီး နိုင်ငံ့တာဝန်ကို အပြစ်ကင်းစင်စွာ ထမ်းဆောင်ခဲ့တဲ့ ပြည်သူ့ဝန်ထမ်းများကိုလည်းပဲ လုပ်သက်နှစ်အလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ပေးပါရန် အဆင့်လိုက်သင့်လျော်သည်‌့ ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ပြီးတော့ သင့်လျော်သော တန်ဖိုးနှင့် လစဉ်အရစ်ကျလစာငွေပေးသွင်းစေပြီး ကျန်ငွေကို အငြိမ်းစားယူတဲ့နေရာမှာ တစ်လုံးတစ်ခဲ တည်းလုပ်သက်ဆုကြေးမှ အကျေဖြတ်တောက်၍ အိမ်ပိုင်များဖြစ်အောင် ဆောင်ရွက်ပေးပါရန်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခု တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာ နိုင်ငံ့ဝန်ထမ်းများအတွက် နေအိမ်တိုက်ခန်း၊ အရာထမ်းများအတွက် မော်တော်ယာဉ်အပါအဝင် အသုံးအဆောင်ပစ္စည်းများကို လစာမှအရစ်ကျပေးသွင်းတဲ့ စနစ်နဲ့ ရောင်းချပေးလျက်ရှိတာ ကြာခဲ့ပါပြီ။ ဒါကြောင့်မို့လို့ ဝန်ထမ်းများဟာ တာဝန်ထမ်းဆောင်ချိန် ကာလအတွင်းမှာပဲ နေအိမ်တိုက်ခန်းပိုင်၊ မော်တော်ယာဉ်ပိုင် အခြေအနေတို့ကို ရရှိကြပါတယ်။ အကယ်၍ တာဝန်ထမ်းဆောင်ချိန်ကာလအတွင်းမှာ အဂတိလိုက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ စည်းကမ်း ဖောက်ဖျက်မှုတို့ကြောင့် တာဝန်မှ ရပ်စဲခြင်းခံရပါက မူလသတ်မှတ်ကာလအတွင်းမှာ ကျန်တဲ့ ကြွေးကျန်ကို အကြေပြန်ဆပ်ရပါတယ်။ ပျက်ကွက်ပါက တရားစွဲဆိုပြီးမှ ပစ္စည်းများ ပြန်လည် သိမ်းဆည်းခြင်း ခံရပါတယ်။ ဒါကြောင့် လုပ်သက်ပြည့်ပင်စင်ရယူနိုင်တဲ့အချိန်အထိ တာဝန်ကို လေးလေးစားစား ထမ်းဆောင်ကြပါတယ်။ လာဘ်ပေးလာဘ်ယူမှုအပါအဝင် ဝန်ထမ်းစည်းကမ်းနှင့် မကိုက်ညီသည့် အမှုကိစ္စများကို ပြုလုပ်ရန် ထိုနိုင်ငံများမှ ဝန်ထမ်းများဟာ လွန်စွာဝန်လေးကြ ပါတယ်။

အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ကောင်းမွန်လျှင် သန့်ရှင်းသော အစိုးရ ဖြစ်လာပါမယ်။ သန့်ရှင်းသောအစိုးရဖြစ်လာလျှင် ကောင်းမွန်သောစီမံအုပ်ချုပ်မှုကလည်း အလိုအလျောက်ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အငြိမ်းစားများနှင့် ပတ်သက်ပြီးတော့ ဆက်လက် တင်ပြလိုတာကတော့ လက်ရှိအငြိမ်းစားလစာနှင့် တစ်လုံးတစ်ခဲတည်း လုပ်သက်ဆုငွေတွက်ချက်မှုကို ခေတ်ကာလနှင့်အညီ လိုအပ်သလို ပြန်လည်ညှိနှိုင်းသတ်မှတ် စံစားခွင့်ပြုပေးပါရန်၊ နောက်တစ်ချက် ကိုယ်ပိုင်အိမ်ရာ မရှိသော အငြိမ်းစားယူသည့်ပုဂ္ဂိုလ်များအတွက်လည်း ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူများအတွက် စီစဉ်ပေးသလို အငြိမ်းစားဝန်ထမ်းများအတွက် သီးသန့်တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတော်မှ ဆောက်လုပ်ပြီးတော့မှ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဆောင်ရွက်ပေးပါရန်၊ အချုပ်အားဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများကို ဝန်ထမ်းလောကရဲ့ အနိဌာရုံဖြစ်တဲ့ လာဘ်ပေး လာဘ်ယူမှုပပျောက်ရေး၊ ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှုပပျောက်ရေး၊ ပြည်သူပိုင်ပစ္စည်းခိုးယူမှု စသည့်အပြုအမှုများ ကင်းရှင်းကြစေရန်အလို့ငှာ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် သမ္မတကြီးက လမ်းညွှန်မှာကြားထားတဲ့အတိုင်းပဲ နိုင်ငံတော်ရဲ့ တတိယအဆင့်ဖြင့် အစိုးရဌာနများ၊ အဖွဲ့အစည်းများရဲ့ စီမံခန့်ခွဲမှုစနစ် လျင်မြန်ကောင်းမွန်စွာ တိုးတက်ပြောင်းလဲလာရေးအတွက် လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းဘဝမှာ အငြိမ်းစားယူကြရမယ့် မိမိဝန်ထမ်းများ တစ်နည်းအားဖြင့် နိုင်ငံ၏သက်ကြီးရွယ်အိုများတို့ကို စောင့်ရှောက်ပေးသည့် အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်အတွက် အစစအဆင်ပြေသောအချိန်တွင် ထပ်တင်ပြပါမယ်။ နိုင်ငံတော်အတွက် အစစအဆင်ပြေသော အချိန် တွင် ဖော်ပြပါအချက်များနှင့် အစီအမံများကို ဆောင်ရွက်ပေးရန်တင်ပြလိုပါတယ်။ ဒီကိစ္စဟာ ခက်ခဲ သောလုပ်ငန်းကြီးမဟုတ်ပါဘူး။ နှစ်စဉ်ဝန်ကြီးဌာနများတွင် ဖြစ်ပွားနေတဲ့ လေလွင့်ဆုံးရှုံးမှုများ၊ နိုင်ငံ အတွက်၊ ပြည်သူအတွက် အကျိုးအမြတ်မရရှိနိုင်တဲ့ စိတ်ကူးယဉ်လုပ်ငန်းစီမံကိန်းကြီးများ၊ ဒါတွေ လျော့နည်းပပျောက်အောင် စီမံဆောင်ရွက်ပေးနိုင်လျှင်ပင် လုံလောက်မည်ဖြစ်ကြောင်း ရဲရဲကြီး အာမခံရဲပါတယ်။ ဒါကြောင့် ပြည်သူ့ဝန်ထမ်းများနှင့် အငြိမ်းစားများအတွက် စံစားခွင့်အရပ်ရပ်ကို အချိန်ကာလအလိုက် ပြန်လည်စိစစ်၍ လိုအပ်သလို  ပြင်ဆင်တိုးမြှင့် စံစားခွင့်ပြုနိုင်ရန် အစီအစဉ်ရှိ/ မရှိ အကယ်၍ မရှိသေးပါက အကျိုးအကြောင်းရှင်းလင်းဖြေကြားပေးပါရန် မေးမြန်းပါသည်။


ဖြေကြားသူ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်
အဖြေ

ယခုမေးခွန်းတွင် ဖော်ပြထားတဲ့ ရှင်းလင်းတင်ပြချက်များဟာ ကောင်းမွန်သင့်မြတ်မှန်ကန်ပြီး လက်ရှိ ပြည်သူ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အမှန်တကယ်ဆောင်ရွက်ပေးသင့်တဲ့ ဆောင်ရွက်ပေးရမယ့် အကြောင်းအရာကိစ္စများဖြစ်ကြပါတယ်။ ဒီအကြောင်းအရာ အချက်အလက် များနှင့်စပ်လျဉ်းပြီး နိုင်ငံတော်က ဆောင်ရွက်ပေးခဲ့မှုများနှင့် လက်ရှိဆောင်ရွက်ပေးနေမှု၊ အနာဂတ် ဆောင်ရွက်ပေးရန် ရည်ရွယ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြလိုပါတယ်။ ယခင် နိုင်ငံတော် အစိုးရအဆက်ဆက်မှာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာ၊ လုပ်ခနှုန်းထားများ ပြင်ဆင်တိုးမြှင့်ပေးခြင်း၊ ရှားပါးစရိတ် ခွင့်ပြုပေးခြင်းနှင့် အပိုထောက်ပံ့ကြေးခွင့်ပြုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဝန်ထမ်းများရဲ့ လစာနှုန်းထားတိုးမြှင့်ခြင်းကို ၁-၁၀-၁၉၇၂၊ ၁-၄-၁၉၈၉၊ ၁-၄-၁၉၉၃၊ ၁-၄-၂၀၀၀၊     ၁-၄-၂၀၀၆ နှင့် ၁-၁-၂၀၁၀ တို့မှာ ၆ ကြိမ်တိုင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ယာယီရှားပါးစရိတ် ခံစားခွင့်ပြုခြင်းကို ၁-၇-၁၉၇၆ တွင် ၁ ကြိမ် ဆောင်ရွက်ပေးခဲ့ပြီး အပိုထောက်ပံ့ကြေးခံစားခွင့်ပြု ခြင်းကို ၁-၄-၁၉၈၁ နှင့် ၁-၈-၁၉၈၈ တို့မှာ ၂ ကြိမ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုပြည်ထောင်စု အစိုးရအဖွဲ့လက်ထက်မှာလည်း ၁-၇-၂၀၁၁ ရက်နေ့ကစပြီး အငြိမ်းစားဝန်ထမ်းများရဲ့ အငြိမ်းစား လစာငွေများကို တိုးမြှင့်ခံစား ခွင့်ပြုခဲ့ပါတယ်။ ထို့အပြင် ၁-၄-၂၀၁၂ ရက်နေ့ကစပြီး နိုင်ငံ့ဝန်ထမ်းများ ရဲ့ စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေရန်အတွက် အပိုထောက်ပံ့ကြေး ငွေကျပ် ၃၀၀၀၀ ကိုလည်း လစဉ်တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီး နိုင်ငံတော်အတွင်း ဝေးလံခေါင်သီဒေသများ တွင် တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထုတ်ယူနေတဲ့ လစာနှင့်ညီမျှတဲ့ ငွေကို ဒေသစရိတ်အဖြစ်သတ်မှတ်ပြီး ထပ်ဆောင်းခံစားခွင့်ပြုခဲ့ပါတယ်။ ထို့အပြင် နိုင်ငံတော်အစိုးရ အနေနဲ့ နိုင်ငံ့ဝန်ထမ်းများအတွက် အပိုထောက်ပံ့ကြေးကိုလည်း ပိုမိုတိုးမြှင့်ထောက်ပံ့ပေးနိုင်ရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းများရဲ့လစာနှင့် အငြိမ်းစားဝန်ထမ်း များရဲ့ ပင်စင်လစာငွေများကို တိုးမြှင့်ပေးနိုင်ရေးအတွက် နိုင်ငံတော်ရဲ့ ဘတ်ဂျက်အခြေအနေ၊ နိုင်ငံတော်အတွင်း လှည့်လည်သုံးစွဲနေတဲ့ ငွေကြေးအခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် စားသုံးသူ ဈေးဆနှုန်းကိန်းများနှင့် တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး စတဲ့ အချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားတွက်ချက်ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးအခြေအနေနဲ့ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီး ရသုံးခန့်မှန်းခြေငွေစာရင်းအရ နိုင်ငံတော်ရဲ့ ဘတ်ဂျတ်ဆိုင်ရာ အချက်အလက်တွေဟာ တင်ပြပါ အတိုင်း ဖြစ်ပါတယ်။ ရငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁၂၇၇၄၅၂၀၊ သုံးငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁၄၄၃၉၄၆၆ ထို့အတွက် လိုငွေ ကျပ်သန်းပေါင်း ၁၆၆၄၉၄၆ ဖြစ်ပါတယ်။ GDP တန်ဖိုးအနေနဲ့ သန်းပေါင်း ၅၁၂၇၅၇၇ ဖြစ်တဲ့ အတွက် လိုငွေနှင့် GDP အချိုးဟာ ၃.၂၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ နိုင်ငံတော်အတွင်းမှာ လှည့်လည် သုံးစွဲနေတဲ့ ငွေပမာဏ ကျပ်သန်းပေါင်း ၆၇၄၈၅၆၆ ဖြစ်ပါတယ်။ ငွေကြေးဖောင်းပွမှုအနေနဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ကိန်းဂဏန်းများအရ ၁.၉၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ စားသုံးသူဈေးဆနှုန်းကိန်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလအရ ၁၇၀.၈၆ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ အထက်ပါသုံးငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁၄၄၃၉၄၆၆ မှာ နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့် အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာအတွက်သုံးငွေမှာ တင်ပြပါအတိုင်းဖြစ်ပါတယ်။ သုံးငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁၄၄၃၉၄၆၆ ဖြစ်ပါတယ်။ ဝန်ထမ်းလစာအတွက် သုံးငွေစုစုပေါင်း ကျပ်သန်းပေါင်း ၁၃၉၀၅၅၀.၆၉၆ ဖြစ်ပါတယ်။ ဒါကြောင့် သုံးငွေစုစုပေါင်းမှာ ဝန်ထမ်းလစာရဲ့သုံးငွေ ပါဝင်မှုဟာ ၉.၆၃ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ဒီထဲမှာ ပင်စင်လစာငွေအတွက်သုံးငွေအနေနဲ့ သန်းပေါင်း ၃၃၁၆၄၅.၅၁၁ ဖြစ်တဲ့အတွက် သုံးငွေ စုစုပေါင်းမှာ ပင်စင်လစာငွေ သုံးငွေအတွက်ပါဝင်မှုဟာ ၂.၃၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဒီသုံးငွေ စုစုပေါင်းမှာ ဝန်ထမ်းလစာရော၊ ပင်စင်လစာပါ ပူးပေါင်းပြီးတော့ တွက်မယ်ဆိုရင် သုံးငွေပါဝင်မှု အချိုးအစားဟာ ၁၁.၉၃ ရာခိုင်နှုန်းပါဝင်နေကြောင်း တင်ပြအပ်ပါ တယ်။ အထက်ဖော်ပြပါ ကိန်းဂဏန်းများအရ နိုင်ငံ့ဝန်ထမ်းများရဲ့လစာနှင့် အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာတိုးမြှင့်ပေး နိုင်ရေးအတွက် နိုင်ငံတော်အနေနဲ့ ရငွေပိုမိုတိုးတက်ရရှိရေး၊ သုံးငွေစိစစ် လျှော့ချရေးတို့ကို စနစ်တကျဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် ဝန်ထမ်းများအပါအဝင် နိုင်ငံသားအားလုံးရဲ့ တစ်ဦးချင်း ဝင်ငွေ တိုးတက်ရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ရသုံးခန့်မှန်းခြေငွေစာရင်းကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့က စနစ်တကျ စိစစ်ရေးဆွဲ တင်ပြပြီး ပြည်ထောင်စုလွှတ်တော်ကလည်း ပံ့ပိုးကူညီထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိရာ အစိုးရနှင့် လွှတ်တော်အကြား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေခရိုစီးပွားရေးအခြေအနေကို အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့အပါအဝင် နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလေ့လာစောင့်ကြပ် ထိန်းကျောင်းဆောင်ရွက်နေမှု ကြောင့်လည်းကောင်း နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေဟာ တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက် ကောင်းမွန်ပြီဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး အစိုးရရဲ့ရငွေများ တိုးတက်ပြီးတော့ နိုင်ငံတော်ဘဏ္ဍာငွေ၊ ရန်ပုံငွေ တောင့်တင်းလာတာနှင့်အမျှ ရေမြင့်လျှင် ကြာတင့်ဆိုသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများရဲ့ဘဝဟာလည်း မြင့်မားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူစွမ်းအားအရင်းအမြစ်၊ သဘာဝသယံဇာတ အရင်းအမြစ်များ ကြွယ်ဝတယ်ဆိုတာ မှန်ပေမယ့် အစိုးရရဲ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုမှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့အတွက် ပြုပြင်ပြောင်းလဲ ရေးများကို ဘက်ပေါင်းစုံကနေလုပ်ဆောင်နေရခြင်းဖြစ်သည်ကို အားလုံးအသိပဲ ဖြစ်ပါတယ်။ မိမိတို့အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုမဟာဗျူဟာအဆင့်ဆင့် ချမှတ်လုပ်ဆောင်နေမှုများရဲ့ အနှစ်ချုပ်ရည်မှန်းချက်ဟာ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး စားဝတ်နေရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေး၊ တစ်ဦးကျဝင်ငွေတိုးတက်စေရေးကိုပဲ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော် ရငွေရရှိမှုမှာ အဓိကအခန်းကဏ္ဍကပါဝင်တဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများရဲ့ လုပ်ငန်း စွမ်းဆောင်ရည်တိုးတက်မြင့်မားရေး၊ ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် တွန်းအားပေးဆောင်ရွက် လျက်ရှိတဲ့အပြင် အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအတွက် နိုင်ငံတော်ဘတ်ဂျက် ကနေ ကျခံသုံးစွဲထောက်ပံ့နေရမှု၊ ဝန်ထုပ်ဝန်ပိုးလျော့ကျသွားစေဖို့အတွက် ပုဂ္ဂလိကပိုင်လွှဲပြောင်း လုပ်ကိုင်ခွင့်ပြုရေးကိုလည်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတကာနှင့် ကျင့်သုံးဆောင်ရွက်နေတဲ့ နည်းစနစ်များနှင့်ကိုက်ညီပြီး မိမိအခြေအနေနှင့် လိုက်လျောညီထွေ ဆောင်ရွက်နိုင်မယ့် အခွန်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခဝင်ငွေများ တိုးတက်ရရှိအောင်လည်း အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ ပြည်ပကြွေးမြီရှင်းလင်းရေးကိစ္စကိုလည်း ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အထူးသက်သာတဲ့ အတိုးနှုန်းဖြင့် ချေးငွေများနှင့် အခြားအကူအညီ အထောက်အပံ့များ ပိုမိုရရှိနိုင်တော့မှာ ဖြစ်ခြင်း ကြောင့် နိုင်ငံ့ဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုတိုးတက်ဆောင်ရွက်နိုင် တော့မှာ ဖြစ်ပါတယ်။ ယခုတင်ပြတဲ့အခြေအနေ အကြောင်းအရာအချက်အလက်များဟာ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေတိုးတက်မှုကို ညွှန်ပြနေတာမို့ ဒီလိုတိုးတက်မှုနှင့်အတူ နိုင်ငံ့ဝန်ထမ်းများ ရသင့်ရထိုက်တဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ နိုင်ငံ့ဝန်ထမ်းများရဲ့လစာ၊ လုပ်ခနှင့် ထောက်ပံ့ကြေးများ၊ အငြိမ်းစားဝန်ထမ်းများရဲ့ လစာများ တိုးမြှင့်ခံစားခွင့်ပြုရေးကိစ္စတို့ကို ဆောင်ရွက် နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာလည်း စနစ်တကျစီမံတွက်ချက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ဝန်ထမ်းများအား ထောက်ပံ့ကြေးငွေ တိုးမြှင့်ခံစားခွင့်ပြုရန်ကို ဦးစွာစဉ်းစားဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် လစာတိုးမြှင့်ခြင်းနှင့် တိုးမြှင့်ပေးတဲ့ဝန်ထမ်းလစာ နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာမယ့် အငြိမ်းစားပင်စင်လစာအတွက် တိုးမြှင့်ထောက်ပံ့ရမယ့် ပမာဏ အတွက် နိုင်ငံတော်မှ ရေတိုရေရှည်ကျခံနိုင်မှု အခြေအနေကိုလည်း ထည့်သွင်းတွက်ချက်စဉ်းစား ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် နိုင်ငံတော်ရဲ့ ပင်စင်လစာကျခံသုံးစွဲမှုဝန်ထုပ်ဝန်ပိုးကို စနစ်တကျစီမံခန့်ခွဲနိုင်မယ့် ပင်စင်ရန်ပုံငွေတစ်ရပ်ထူထောင်ဆောင်ရွက်ရန်နှင့် အခြားနိုင်ငံများရဲ့ ပင်စင်စနစ်ကို လေ့လာသုံးသပ်ပြီး မိမိနှင့်ကိုက်ညီတဲ့ ပင်စင်စနစ်ကိုလည်း ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက်လည်း စီမံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုရဲ့ နေထိုင်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်ရည်ရွယ်ချက်နှင့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများနှင့် ဝယ်ယူနိုင်စွမ်းရှိတဲ့ အိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ကိုယ်ပိုင်အိမ်ရာမရှိသေးတဲ့ဝန်ထမ်းတွေ၊ အငြိမ်းစား ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းများနှင့် ပြည်သူတွေ ကိုယ်ပိုင်အိမ်ရာပိုင်ဆိုင်ခွင့်ရရှိရေးအတွက် အဆင့်လိုက်သီးသန့်တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ပေးနိုင်ရေးအတွက်လည်း စီစဉ်ပေးလျက်ရှိ ပါတယ်။ ဒီလိုစီစဉ်တဲ့နေရာမှာ လစာငွေနည်းပါးတဲ့ ဝန်ထမ်းများအတွက် အိမ်ရာတွေ ဆောက်လုပ်ပေး ခြင်း၊ လစာဝင်ငွေအလယ်အလတ်ရှိတဲ့ ဝန်ထမ်းများအတွက် အိမ်ရာများ ဆောက်လုပ်ပေးခြင်း၊ အငြိမ်းစားဝန်ထမ်းများ၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများနှင့် ပြည်သူများအတွက် အိမ်ရာများ ဆောက်လုပ်ပေးခြင်းတို့ ပါဝင်ကြောင်း သိရှိရပါတယ်။ အဆင့်လိုက်အိမ်ခန်းလိုအပ်ချက်များကို စိစစ် ပြီး မြေနေရာရရှိနိုင်မှုနှင့် မြေအသုံးချစီမံချက်အပေါ်မူတည်ပြီးတော့ သင့်လျော်ကောင်းမွန်တဲ့ အိမ်ရာများတည်ဆောက်ရန် စီမံကိန်းများရေးဆွဲပြီး ဦးစားပေးအစီအစဉ်လိုက် တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းများအား အငှားချဝန်ထမ်းအိမ်ရာများတွင် စီစဉ်ပေးခြင်း၊ ငွေပေးချေနိုင်မှု အင်အားပေါ် အခြေခံကာ ကျသင့်အိမ်တန်ဖိုးကို လစဉ်အရစ်ကျ လစာငွေမှ ပေးသွင်းစေခြင်း၊ အငြိမ်း စားယူတဲ့အခါမှာ လက်ကျန်ငွေတွေကို တစ်လုံးတစ်ခဲတည်း လုပ်သက်ဆုငွေမှ ဖြတ်တောက်ပေးသွင်း စေခြင်းနှင့် ထပ်မံလိုငွေကို ငွေသားွဖင့်ပေးသွင်းစေခြင်း၊ အငြိမ်းစားဝန်ထမ်းများ၊ ပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများနှင့် ပြည်သူများအတွက် ကျသင့်တန်ဖိုးကို တစ်လုံးတစ်ခဲတည်း ပေးသွင်းစေခြင်း နည်းလမ်းများနှင့် ကိုယ်ပိုင်အိမ်ဖြစ်စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ စီစဉ် ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အတွက် အစစအဆင်ပြေသော အချိန်၌ ဆောင်ရွက်ပေးနိုင်ပါရန်ဟု ဖော်ပြထားရာ ယခုမေးမြန်းချက်သည် အမှန်တကယ်လိုအပ်ချက် ဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် ရင်ဆိုင်ဖြေရှင်းရမယ့်၊ စဉ်းစားသုံးသပ်တွက်ချက် ဆောင်ရွက်ရမယ့် အခြေအနေများအပေါ် စာနာနားလည်စိတ်ဖြင့် ဖော်ပြထားခြင်းဖြစ်ကြောင်း တွေ့ရှိရတဲ့အတွက် များစွာကျေးဇူးတင်ရှိကြောင်း တင်ပြအပ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့          ၁-၁-၂၀၁၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များထံသို့ ပေးပို့တဲ့ နှစ်သစ်ကူးသဝဏ်လွှာ၌ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကို တစ်နှစ်ထက်တစ်နှစ်ပိုမိုစနစ်ကျစွာ ပြဋ္ဌာန်းနိုင်မည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများရဲ့ ထောက်ပံ့ကြေးတွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးနိုင်တော့မည်ဖြစ်ကြောင်းကိုလည်း ထုတ်ဖော်ပြောကြားထားပါတယ်။ သို့ဖြစ်ပါ၍ ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုရဲ့ ပြည်သူ့ဝန်ထမ်းများနှင့် အငြိမ်းစားများအတွက် စံစားခွင့်အရပ်ရပ်ကို အချိန်ကာလအလိုက် ပြန်လည်စိစစ်၍ လိုအပ်သလို ပြင်ဆင်တိုးမြှင့် စံစားခွင့် ပြုနိုင်ရေးမေးခွန်းတွင် ဖော်ပြပါရှိသည့်အချက်များနှင့် အစီအမံများအား ပြည်သူ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် အမှန်တကယ်ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အစဉ်အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းရှင်းလင်း ဖြေကြားပါသည်။