(ဃ)-မိုးညှင်းမြို့နယ်၊ မော်ဟန်ဒေသ၌ CDMA နှင့် GSM မိုဘိုင်းဖုန်းများဆက်သွယ် အသုံးပြုနိုင်ရန် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၄.၂.၂၀၁၃)

ကျွန်တော်တို့ မန္တလေးကနေ မြစ်ကြီးနားကို မီးရထားနှင့်သွားလိုက်မယ်ဆိုရင် မိုးညှင်းမြို့ကိုမရောက်ခင် ၁၆ မိုင် လောက်အလိုမှာ မော်ဟန်ရတနာမြေဆိုတာရှိပါတယ်။ အဲဒီမော်ဟန်ရတနာမြေ မော်ဟန်ဒေသမှာ ကျောက်မျက် တူးဖော်တဲ့ကုမ္ပဏီတွေ၊ ကျောက်စိမ်းလုပ်ငန်းရှင်တွေ၊ ကျေးလက်တောင်သူတွေနဲ့ စည်စည်ကားကား ရှိလာပါတယ်။ သို့သော် အဲဒီဒေသနေပြည်သူများဟာ ဒီမိုဘိုင်းဖုန်းရဲ့ အရေးပါမှုကို သိရှိသော်လည်းပဲ ဒီနေ့အချိန်မှာတော့ ဆက်သွယ်မှုဧရိယာရဲ့ ပြင်ပကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီဒေသမှာ ကျွန်တော်တို့ မိုက်ကရိုဝေ့တာဝါတိုင်ကြီးလည်းရှိနေပြီဖြစ်ပါတယ်။ နောက် မေးမြန်းလိုတဲ့ မေးခွန်းကတော့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရဲ့ မော်ဟန်ဒေသမှာ CDMA နှင့် GSM ဖုန်းများ တပ်ဆင်ပေးဖို့ရန်အတွက် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ဒီနေ့ ကျွန်တော်တို့ CDMA-450 MHZ စနစ်မှာ အင်တာနက် ချိတ်ဆက်မှုကို ဆောင်ရွက်ပေးနိုင်၊ မပေးနိုင်လည်း သိလိုသည့်အတွက် မေးမြန်းပါသည်။

          [ဦးကျော်စိုးလေး၊ မိုးညှင်းမဲဆန္ဒနယ်ကိုယ်စား ဦးကျော်နိုင်ဌေး၊ အင်းတော်မဲဆန္ဒနယ်မှ မေးမြန်းပါသည်။]      


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း
အဖြေ

မိုးညှင်းမြို့နယ်၊ မော်ဟန် ဒေသမှာ CDMA နှင့် GSM မိုဘိုင်းဖုန်းများ ဆက်သွယ်အသုံးပြုနိုင်ဖို့ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနိုင်မည် နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာမှာ အိမ်ခြေ ၃၀၇ လုံးခန့်နှင့် လူဦးရေ ၂၅၅၂ ဦးရှိပြီးတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ ၂၈-၆-၂၀၀၉ ရက်နေ့ကနေပြီးတော့ ဖွင့်လှစ်ပေးခဲ့တဲ့ လိုင်းအင်အား ၂၆၀၀ ပါ မိုးညှင်း CDMA-450 MHZ မိုဘိုင်းရေဒီယိုစခန်းကနေပြီးတော့ CDMA-450 MHZ တယ်လီဖုန်းများကို အထိုင်ဖုန်း Fit Terminal  နှင့် ပြင်ပအင်တီနာ Outdo အင်တီနာတို့ဖြင့် ဆက်သွယ်ပြောဆိုလို့ ရအောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ အဆိုပါကျေးရွာမှာ GSM မိုဘိုင်းဖုန်း တယ်လီဖုန်းတပ်ဆင်ပေးရေးကို လတ်တလောအနေနဲ့ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး ပါကြောင်း ဖြေကြားပါသည်။