(ခ)-တစ်ဖက်နိုင်ငံတွင်တရားဝင်ဆေးကုသရင်း သေဆုံးသူ၏သက်မဲ့ရုပ်ခန္ဓာအား မိမိနိုင်ငံအတွင်းသို့ လွယ်ကူစွာပြန်လည်သယ်ယူနိုင်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၁) ရက်မြောက်နေ့ (၄.၃.၂၀၁၃)

 

တာချီလိတ်မှာနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားလူထုတွေအားလုံးက ကျန်းမာရေးနှင်‌့ပတ်သက်ပြီး တစ်ဖက်သောနိုင်ငံကိုသွားပြီးတော့ ဆေးဝါးကုသကြပါတယ်။ အဲ့လို ဆေးဝါးကုသတဲ့အချိန်တွင် သေဆုံးသွားတဲ့အချိန်မှာ သေဆုံးသွားတဲ့သက်မဲ့ရုပ်ခန္ဓာတွေကို မိမိနိုင်ငံကို ပြန်လည်သယ်ယူလာချင်ကြပါတယ်။ အဲ့လို သယ်ယူလာတဲ့အချိန်မှာ တာချီလိတ်မှာဖြစ်တဲ့ ပြဿနာလေးတစ်ခုက သယ်ဆောင်လာဖို့သက်ဆိုင်ရာတွေနဲ့သွားပြီးတော့ သူတို့ညှိနှိုင်းပါတယ်။ ညှိနှိုင်းပြီးတော့ တရားမဝင်လို့ယူဆရတဲ့ငွေကြေးတွေပေးဆောင်ရပါတယ်။ ပေးဆောင်ပြီးသယ်ယူလာ တဲ့အချိန်မှာ မယ်ဆိုင်ချောင်းကိုဖြတ်တဲ့အချိန်မှာ အလောင်းရော၊ အခေါင်းပါရေထဲမျောပါသွားတယ်။ ရေထဲမျောပါသွားတဲ့အချိန်ကျတော့ ကာယကံရှင်က အလောင်းမရလာဘူးဆိုပြီးတော့ သက်ဆိုင်ရာ ဆီကိုပြန်ပြီးတော့ ပိုက်ဆံပြန်တောင်းတယ်။ အဲ့ဒါမပေးဘူး။ ပြန်မပေးဘူး။ အဲ့လိုပြဿနာတွေလည်း ရှိခဲ့ဖူးပါတယ်။ တချို့တွေကျတော့ ဒီသေဆုံးသူရဲ့သက်မဲ့ရုပ်ခန္ဓာကို ပုလင်းကြီးချိတ်ပြီးတော့ လူနာပုံစံ လိုမျိုး ချစ်ကြည်ရေးတံတားပေါ်တင်လာတယ်။ အဲ့လိုနဲ့ဖြတ်ကြတာလည်းရှိပါတယ်။ အဲ့လိုမျိုး ဖြတ်ကြတဲ့အချိန် ဒေသခံတွေကလည်းပြောကြပါတယ်။ သူတို့ကတော်တော် တော်တဲ့လူတွေပဲတဲ့။ ဒီသေဆုံးတဲ့လူကို လူနာပုံစံဖြစ်အောင်သရုပ်ဆောင်နိုင်တယ်။ အဲ့လိုလည်းပြောတဲ့လူတွေလည်းရှိပါ တယ်။ အဲ့ဒါကြောင့်မို့လို့ ဒီ တာချီလိတ်မှာမကဘဲ ဒီနယ်စပ်ဒေသမှာအားလုံး တစ်ဖက်နိုင်ငံကို ဆေးဝါးကုသပြီး သေဆုံးသူတွေရဲ့သက်မဲ့ရုပ်ခန္ဓာတွေကို မိမိနိုင်ငံကိုပြန်သယ်လာဖို့ တစ်ဖက်နိုင်ငံကို တရားဝင်ဆေးကုသရင်း သေဆုံးသူများနှင့် အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသောသူများကို မိမိနိုင်ငံအတွင်းသို့ လွယ်ကူစွာပြန်လည်သယ်ယူလာနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ တစ်ဖက်နိုင်ငံနဲ့ တရားဝင်ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်ယော်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပြည်ပတွင်အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများနှင့် ၎င်းတို့အားမှီခိုနေထိုင်ကြသော မိသားစုဝင်များ၏အကျိုးစီးပွားအား သက်ဆိုင်ရာနိုင်ငံ၏ဥပဒေ ပြဋ္ဌာန်းချက်ဘောင်အတွင်းမှ ကာကွယ်စောင့်ရှောက်ရန် နိုင်ငံတော်ကအပ်နှင်းထားသည့်တာဝန်အား အကောင်အထည်ဖော်ရာတွင်လည်းကောင်း၊ ကောင်စစ်ရေးရာလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာ တွင် အရေးကြီးတာဝန်တစ်ရပ်အဖြစ် မိမိနိုင်ငံသားများ၏အကျိုးစီးပွားအား ဥပဒေနှင့်အညီကာကွယ် စောင့်ရှောက်မှုပေးရန်လည်းကောင်း၊ ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်ထားသည့်မြန်မာသံရုံး၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများက အပြည့်အဝအကူအညီများပေးနေ လျက်ရှိနေပါတယ်။ ကမ္ဘာ့နိုင်ငံများကထမ်းဆောင်ရမည့် ကောင်စစ်ရေးရာလုပ်ငန်းတာဝန်များကို ကောင်စစ်ဆက်ဆံရေးဆိုင်ရာဗီယင်နာကွန်ဗင်းရှင်း (Venna Convention on Consular Relation)က သတ်မှတ်ပြဋ္ဌာန်းထားပြီး ယင်းကွန်ဗင်းရှင်းအား အပြည်ပြည်ဆိုင်ရာဥပဒေတစ်ရပ် အဖြစ်နိုင်ငံအားလုံးက တညီတညွတ်တည်းလက်ခံကျင့်သုံးခဲ့ကြပါတယ်။ မြန်မာနိုင်ငံသည်လည်း ကွန်ဗင်းရှင်းဝင်နိုင်ငံဖြစ်ခြင်းကြောင့် ကောင်စစ်ရေးရာလုပ်ငန်းတာဝန်များကိုထမ်းဆောင်ရာတွင် မိမိ နိုင်ငံသားများ၏အကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက်မှုကိုပါ အရေးကြီးတာဝန်အဖြစ် ရှေးကာလများစွာကပင်တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

သို့ဖြစ်ပါ၍ ပြည်ပနိုင်ငံများသို့တရားဝင်သွားရောက်ဆေးကုသမှုခံယူရာမှ ကွယ်လွန်ခဲ့ရသူများ ၏ကြွင်းကျန်သည့်ရုပ်အလောင်းအား  မိမိနိုင်ငံအတွင်းသို့ ပြန်လည်သယ်ဆောင်လိုသောကိစ္စရပ်များ တွင် ကျန်ရစ်သူမိသားစုများကအကူအညီတောင်းခံခဲ့ပါက လွယ်ကူအဆင်ပြေစေရန်အတွက် ပြည်ပနိုင်ငံနှင့် တရားဝင်ညှိနှိုင်းဆောင်ရွက်ပေးရသည့်လုပ်ငန်းအား အရေးကြီးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး ပြည်ပရှိမြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများက ချက်ချင်း ကူညီဆောင်ရွက်ပေးကြပါတယ်။ အထူးသဖြင့် ရုပ်အလောင်းအား ပြန်လည်ယူဆောင် နိုင်ရေးအတွက် နိုင်ငံအများစုတို့က သတ်မှတ်ထားသည်‌့ လေကြောင်းလိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်း အရ လိုအပ်ချက်လည်းကောင်း၊ အခြားလိုအပ်ချက်များလည်းကောင်း၊ ယင်းနိုင်ငံများ၏တည်ဆဲ ဥပဒေနှင့်အညီ သတ်မှတ်ထားသည့်စာရွက်စာတမ်း၊ ထောက်ခံစာများကိုလည်းကောင်း တောင်းခံလေ့ ရှိကြပြီး ဤလိုအပ်ချက်များကို မိမိတို့သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများက ချက်ချင်းထုတ်ပေး ကြပါတယ်။ အဲ့ဒီလို ကူညီဆောင်ရွက်နေတာဟာလည်း လွန်ခဲ့တဲ့အချိန်ကာလ များစွာကပင်ဖြစ်ပြီး သံရုံး၊ အဖွဲ့ရုံးများအတွက် အစဉ်အလာအရကူညီဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းတစ်ရပ်လို့ဆိုနိုင် ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအပိုင်းအနေနဲ့ကတော့ မြန်မာနိုင်ငံသို့ ရုပ်အလောင်းရောက်ရှိ လာသည့်အခါမှသာ ဆောင်ရွက်ရန်ရှိကြောင်း၊ ပြည်ပတွင်ကွယ်လွန်ခဲ့သည့် ရုပ်အလောင်းအား လွယ်ကူစွာသြင်္ဂိုဟ်နိုင်ရေးအတွက် သေဆုံးရသည့်အကြောင်းအရင်းမှန်၊ မမှန်ကိုသာ မှုခင်းဆရာဝန် ရှိသည့်ဆေးရုံကြီးများတွင် အဆိုပါမှုခင်းဆရာဝန်ကစစ်ဆေးအတည်ပြုရကြောင်း၊ မှုခင်းဆရာဝန်မရှိ ပါက သက်ဆိုင်ရာဆေးရုံရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက စစ်ဆေးအတည်ပြုရပါကြောင်း၊ ဤသို့စစ်ဆေးအတည်ပြုပြီးလျှင် သြင်္ဂိုဟ်ရန်အတွက် လက်မှတ်ထုတ်ပေးရပါကြောင်း၊ ခရိုင်ဆေးရုံ များတွင်မူ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး၏ တာဝန်ခံမှုနှင့် ထပ်ဆင့် တာဝန်လွှဲအပ်သောသူက စစ်ဆေးပြီး သြင်္ဂိုဟ်လက်မှတ်ထုတ်ပေးရပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီးဖြေကြား အပ်ပါတယ်။

ဖြည့်စွက်ဖြေကြားလိုသည့်အချက်မှာတော့ အခြေအနေအရပ်ရပ်ကြောင့်သေဆုံးသွားခဲ့သော မြန်မာနိုင်ငံသားရုပ်အလောင်းကို ပြန်လည်ယူဆောင်နိုင်ခြင်းမရှိတဲ့အတွက် အကူအညီတောင်းခံ လာတဲ့အခါမှာ လိုအပ်တဲ့စာရွက်စာတမ်းများထုတ်ပေးခြင်း၊ မိသားစုဆန္ဒအရ သရဏဂုံတင်လိုပါက သံဃာတော်များပင့်လျှောက်ပေးခြင်း၊ မိသားစုဝင်များမရှိပါက မီးသြင်္ဂိုဟ်ပေးခြင်း၊ ကြွင်းကျန်သော အရိုးပြာများအား မိမိနိုင်ငံသို့ပြန်လည်ယူဆောင်လိုသည်ဆိုပါက ယူဆောင်သွားနိုင်ရန်ကူညီပေးခြင်း၊ ရေမျှောလိုသည်ဆိုပါက ကူညီ၍မျှောပေးခြင်းများအထိ မြန်မာသံရုံးအဖွဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများက ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။