ပြည်ထောင်စုအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက နိုင်ငံရဲ့လူဦးရေ ၇၀ ရာခိုင်နှုန်း ကျော်ရှိတဲ့ တောင်သူလယ်သမားများအရေးကို ဦးစားပေးဆောင်ရွက်လာတာကို တွေ့ရ တဲ့အတွက် အထူးပဲဝမ်းမြောက်ဝမ်းသာကြိုဆိုအပ်ပါတယ်။ အများစုဖြစ်တဲ့ လယ်သမားများ ချမ်းသာ လို့ရှိရင် လယ်သမားများဖွံ့ဖြိုးတိုးတက်လာလို့ရှိရင် တိုင်းပြည်လည်းဖွံ့ဖြိုးတိုးတက်လာမှာ၊ ချမ်းသာ လာမှာပဲဖြစ်ပါတယ်။ အခုလိုအပေါ်ထပ် အဆောက်အအုံမူဝါဒတွေပြောင်းလဲလာသလိုပဲ အောက်ခြေ တောင်သူလယ်သမားများ တစ်ဦးချင်းစီထိ အကျိုးသက်ရောက်မှုများ မှန်မှန်ကန်ကန်ရှိဖို့စနစ်တကျ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်ပေးပါလို့လည်း ထပ်မံအကြံပြုအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့နယ်ရှိ စစ်တောင်းမြစ်ရေကြီးမှုကိုကာကွယ်ပေးတဲ့ ပကိုင်တာကြီးဟာ ယခုနှစ် မိုးရာသီ မိုးရွာသွန်းတာများတာကြောင့် ကျိုးလုကျိုးခင်ဖြစ်ခဲ့ရပြီးတော့ လူထုအားနဲ့ကာကွယ်ခဲ့ရတယ် လို့သိရှိရပါတယ်။ အဲဒီပကိုင်တာကြီးဟာ ၁၉၉၇ ခုနှစ်မှာ ကျိုးပေါက်ခဲ့လို့ ဝေါမြို့နယ်၊ သနပ်ပင် မြို့နယ်နဲ့ ကဝမြို့နယ်တို့မှာအကြီးအကျယ် ရေကြီးနစ်မြုပ်ခဲ့ရပါတယ်။ လူနဲ့တိရစ္ဆာန်တွေများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ လယ်ဧကပေါင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အထက်မှာရှိတဲ့ ပကိုင်တာကျိုးလို့ရှိရင် အောက်မှာရှိတဲ့ ဝေါအပါအဝင် သနပ်ပင်၊ ကဝတို့ပါ အကျိုးပျက်စီးကြရပါ တယ်။ ဒဏ်ခံကြရပါတယ်။ အခုအခါမှာ ပကိုင်တာကြီးရဲ့ကြံ့ခိုင်မှုအားနည်းလာနေတဲ့အတွက် မိုးတွင်း ကာလမိုးများစွာရွာသွန်းတဲ့အခါမှာ ဝေါမြို့နယ်ပကိုင်တာအောက်ပိုင်းမှာရှိတဲ့ ကျေးရွာများမှာ ရင်တမမနဲ့ အစိုးရိမ်ကြီးစွာရှိကြရပါတယ်။ သနပ်ပင်မြို့နယ်နဲ့ ကဝမြို့နယ်မှာရှိတဲ့ ပြည်သူများပါ ပကိုင်တာကြီးကျိုးပေါက်၍ ရေကြီးရေလျှံဖြစ်မှာကို စိုးရိမ်နေကြရပါတယ်။ သို့ပါ၍ ကျွန်တော် မေးမြန်းလိုတာကတော့ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ပကိုင်တာကြီးအား အကြီးစားပြုပြင်မှု ပြုလုပ်ရန်အစီအစဉ်ရှိ၊ မရှိသိလိုပါတယ်။ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သို့ဆောင်ရွက် ပေးမည်ကို မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ် အတွင်း တည်ရှိသော ပကိုင်တာသည် အလျား ၁၇ မိုင် ၄ ဖာလုံရှိပြီး အကျိုးပြုရေဘေးဧရိယာ ၉၇၁၅၈ ဧက ဖြစ်ပါတယ်။ ပကိုင်တာမှာ ပဲခူး- စစ်တောင်းတူးမြောင်း စတင်တည်ဆောက်စဉ်ကာလ ၁၈၇၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး နှစ်ပေါင်း ၁၃၅ နှစ်ခန့် ကြာမြင့်ပြီဖြစ်၍ စီမံကိန်းအသွင်ဖြင့် အဆင့်မြှင့် ပြုပြင်မွမ်းမံမည်ဆိုပါက လျော်ကန်သင့်မြတ်ပါတယ်။ သာမန်ထိန်းသိမ်းပြုပြင်မှု များကို အခါအားလျော်စွာ ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိအခြေအနေအရ ပကိုင်တာ၏အထက်ဘက် တွင် ယခင်ကာလက တည်ဆောက်နိုင်ခြင်းမရှိသော ပဲခူးရိုးမအရှေ့ခြမ်း ရေလှောင်တမံများဖြစ်သည့် ပျဉ်ပုံကြီး၊ ဝါးကတုတ်၊ ဘောနီ၊ ကောလိယ၊ ဘိုင်းဒါး စသောရေလှောင်တမံများနှင့် ပဲခူးမြစ်၏ လက်တက်ချောင်းများပေါ်တွင် ဇောင်းတူ၊ ကိုဒူကွဲ၊ စလူ၊ ရွှေလောင်းစသော ရေလှောင်တမံများကို တည်ဆောက်ပြီးစီးခဲ့ပြီး၊ မိုးရာသီတစ်လျှောက် ပဲခူးမြစ်နှင့် စစ်တောင်းမြစ် များသို့စီးဝင်မည့်ရေများကို သိုလှောင်ထိန်းသိမ်း ထားနိုင်ပြီဖြစ်၍ ယခင်ကာလကဲ့သို့ မိုးရာသီ ရေကြီးရေလျှံမှုဖြစ်ပေါ်ရန် အလားအလာလွန်စွာနည်းပါးသွားပြီ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ပိုမို၍ ဦးစားပေးဆောင်ရွက်ရမည့် ဆည်မြောင်း၊ တာတမံလုပ်ငန်း များဆောင်ရွက်နေရသဖြင့် လတ်တလောတွင် ပကိုင်တာကြီးအား အကြီးစားပြုပြင်ပြုလုပ်ရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
