ဦးဝင်းမြင့်(ပုသိမ်မဲဆန္ဒနယ်)
ကျွန်တော့်အနေနဲ့ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးကို လက်တွေ့အကောင်အထည်ဖော် ကြရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆင့်ဆင့်သောတရားရုံးများအား ညွှန်ကြား ချက်ထုတ်ပေးရေးအဆိုကို ၅-၁၁-၂၀၁၂ နေ့မှာ တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ၂၆-၁၁-၂၀၁၂ နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ယင်းအဆိုကို တင်သွင်းရတဲ့ အကြောင်းအကျိုး ဖော်ပြချက် တောင်းသဖြင့် ကျွန်တော်ရေးသားပေးပို့ခဲ့ပါတယ်။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌကြီးက ပြည်သူ့ လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပတဲ့အခါ ယင်းအဆိုကို မေးခွန်းအဖြစ် ပြောင်းလဲပေးရန် အကြံပြုသဖြင့် ပြောင်းလဲပေးခဲ့တဲ့အတွက် မေးခွန်းအဖြစ် ဆက်လက်မေးမြန်းသွားမှာဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ အခြေခံမူများနှင့် တရားစီရင်ရေးနှင့်စပ်လျဉ်းပြီး မူတစ်ခုအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉ (က) မှာ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးကိုပြဋ္ဌာန်းထားပါတယ်။ အဲဒီ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တရားစီရင်ရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာဆိုပြီး ပြည်ထောင်စုတရားစီရင်ရေးဥပဒေအမှတ် (၂၀/၂၀၁၀) ကိုထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ဥပဒေမှာပါတဲ့ တရားစီရင်ရေးဆိုင်ရာမူများအနက် လွတ်လပ်စွာတရားစီရင်ရေးကိုလည်း ပြဋ္ဌာန်းထား ပြီးဖြစ်ပါတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအနေဖြင့်သော် လည်းကောင်း၊ ကော်မတီမှာပါရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်သော်လည်းကောင်း သက်ဆိုင်ရာတရားသူကြီးများ နှင့် ထိတွေ့ဆက်ဆံဆွေးနွေးပြောဆိုကြတဲ့အခါမှာ လွတ်လပ်စွာ တရား စီရင်ရေးကို အလေးထားလိုတဲ့ တရားသူကြီးများရဲ့ ညဉ်းတွားသံများကို ကြားခဲ့ကြရပါတယ်။ အဲဒါတွေ ကတော့ တရားဥပဒေစိုးမိုးရေးကို တရားစီရင်ရေးတစ်ဖွဲ့တည်းနှင့် လုပ်လို့မရကြောင်း ဆက်နွယ်နေတဲ့ အဖွဲ့အစည်းအားလုံးတွင်လည်း တာဝန်ရှိကြောင်း၊ တရားသူကြီးများက အဓိကကျကြောင်း၊ တရားသူကြီးများဟာ ဘယာကတိကိုအမြဲတမ်း ကြောက်နေကြရကြောင်း၊ တရားသူကြီးများတွင် ဘယာ ကတိများရှိနေသေးကြောင်း အုပ်ချုပ်ရေးပိုင်းကို မကြောက်ပါနဲ့ လွတ်လပ်စွာ တရားစီရင်ကြပါလို့ ပြောနေရုံနဲ့မပြီးကြောင်း အောက်ခြေတွင် တရားရုံးများအပေါ်လွှမ်းမိုးမှုများရှိနေသေးကြောင်း၊ လွတ်လပ်စွာတရားစီရင်ရေးကို တရားသူကြီးများအနေနှင့် ပြည့်ဝစွာပြုလုပ်၍ မရသေးကြောင်း လွတ်လပ်ရမည်ဆိုလျှင် ကျွန်တော်တို့ချည်းလုပ်၍မရကြောင်း၊ စွက်ဖက်လွှမ်းမိုးမှုမရှိစေရေးညှိနှိုင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို မကြောက်ပါနဲ့ ပြောလို့မဖြစ်ကြောင်း၊ မကြောက် အောင် တရားသူကြီးများကို ဘာအာမခံချက်ပေးမလဲဟုမေးလိုကြောင်း၊ ဝန်ကြီးချုပ်အထိတင်ပြ ညှိနှိုင်း၍ဆောင်ရွက်နေရပါကြောင်း၊ တရားရုံးသည် အုပ်ချုပ်ရေး၏လက်အောက်ခံသဖွယ်ညွှန်ကြား လျက်ရှိပါကြောင်း၊ ယင်းအခြေခံစိတ်ထားများကို ပြောင်းလဲရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တွင်တာဝန်ရှိကြောင်း၊ အုပ်ချုပ်ရေးကောင်းမှ တရားစီရင်ရေးကောင်းမည်ဖြစ်ကြောင်း၊ တရားသူကြီး များသည်လည်း ဝန်ထမ်းများဖြစ်၍ ကြောက်တတ်ပါကြောင်းစသည်ဖြင့် ဆွေးနွေးပြောဆိုမှုများရှိခဲ့ ကြပါတယ်။ ဒီလိုပြောဆိုချက်များအရဆိုရင် နိုင်ငံတော်ရဲ့အခြေခံမူကြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) မှာပါရှိတဲ့ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းကိုပြုသည်ဆိုတဲ့ ပြဋ္ဌာန်းချက်နှင့် ကွဲလွဲဆန့်ကျင် နေတာတွေ့ရှိရပါတယ်။ ယခုလိုမဖြစ်ရအောင် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၇၃ မှာ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်လက်စွဲများကို ထုတ်ပြန်နိုင် သည့် ပြဋ္ဌာန်းချက်ရှိတဲ့အတိုင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မိမိရဲ့လုပ်ပိုင်ခွင့်ကို ထိထိ ရောက်ရောက်ကျင့်သုံးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုတရား စီရင်ရေးဥပဒေတို့မှာ ပြဋ္ဌာန်းပါရှိတဲ့အတိုင်း ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ကြရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆင့်ဆင့် သောတရားရုံးများအား ညွှန်ကြားချက်ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ။ စီစဉ်ပြီးပါက မည်သည့်နေ့ရက် တွင် ညွှန်ကြားချက်ထုတ်ထားကြောင်း သိလိုပါ၍ မေးမြန်းခြင်းဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၉ မှာ တရားစီရင်ရေးမူများကို သတ်မှတ်ခဲ့ရာမှာ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးဆိုတဲ့ မူတစ်ရပ်လည်း ပါဝင်ပါတယ်။ အလားတူပင် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ရာမှာ အဆိုပါဥပဒေပုဒ်မ အခန်း(၂) ပုဒ်မ ၃ တွင်လည်း ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေးဆိုတဲ့ မူကိုထည့်သွင်းပြဋ္ဌာန်းခဲ့ပါတယ်။ တရားစီရင်ရာမှာ အခြေခံထားပြီးလိုက်နာရမည့်စံများကို ခေတ်အဆက်ဆက်သော တရားစီရင်ရေး ဥပဒေများတွင် တရားစီရင်ရေးဆိုင်ရာ အခြေခံမူများအဖြစ် အတိအလင်းအခိုင်အမာထည့်သွင်း ပြဋ္ဌာန်းခဲ့ကြတာကို တွေ့ရှိခဲ့ရပါတယ်။ လွတ်လပ်စွာ တရားစီရင်ရေးဆိုတာဟာ တရားစီရင်ရေး အခြေခံမူများမှာ အဓိကအကျဆုံးအခြေခံမူလည်းဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၁ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို အခြေခံ မူတစ်ရပ်အဖြစ် ချမှတ်ခဲ့တာကို လည်းတွေ့ရပါတယ်။
ဒါကြောင့် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ရေးဆိုတဲ့မူကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ အုပ်ချုပ်ရေးအာဏာပိုင်များမှ စွက်ဖက်ခြင်း၊ ဆုံးဖြတ်ချက်ပေးခြင်း သဘော သက်ရောက်တဲ့ဖြစ်စဉ်များ မဖြစ်ပွားစေရန်အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍမှာ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းမှုရှိစေရန်နှင့် တရားစီရင်ရေးဆောင်ရွက်ရာမှာ မှန်ကန် သည့်လမ်းကြောင်းပေါ်မှာ ရပ်တည်ပြီးတော့ဆောင်ရွက်ဖို့ဆိုတဲ့ လမ်းညွှန်မှုများကို ကျွန်တော်တို့ အကြိမ်ကြိမ် ထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်များက အဖွဲ့အစည်း အဆင့်ဆင့်ဟာ တရားစီရင်ရေးလမ်းကြောင်းမှာ ဝင်ရောက်စွက်ဖက်ခြင်း၊ ဝင်ရောက်ဆုံးဖြတ်ခြင်း သဘောသက်ရောက်သည့်လုပ်ရပ်များကို ဆောင်ရွက်ခြင်းဖြင့် လွတ်လပ်စွာတရားစီရင်ရေးကို ထိခိုက်ပျက်ပြားစေတဲ့အတွက် အဆိုပါဖြစ်စဉ်များကို မဖြစ်ပွားစေရန်အတွက် မှန်မှန်ကန်ကန် ညှိနှိုင်းပေါင်းစပ် ပံ့ပိုးကူညီရန်ဆိုပြီးတော့ တရားရုံးချုပ်က ညွှန်ကြားချက်ထုတ်ပြန်ပြီး အဆင့်ဆင့်သော တရားရုံးများမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ တရားသူကြီးများထံ ဖြန့်ဝေခဲ့ပြီးဖြစ်ပါတယ်။ အလားတူပဲ တရားရုံးများသည် ပုဂ္ဂိုလ်ရေးသိကျွမ်းခင်မင်ရင်းနှီးမှုကြောင့် ဘက်လိုက်ဆောင်ရွက်ခြင်း မပြုမိစေဘဲ တော်တည့်မှန်ကန်စွာ ဆောင်ရွက်ရေးကိစ္စကို တရားရုံးချုပ်က ညွှန်ကြားချက်ထုတ်ပြန် ထားပြီးဖြစ်ပါတယ်။ ထို့အပြင်လည်း နိုင်ငံတကာမှာရှိတဲ့ တရားစီရင်ရေးနယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများ လိုက်နာသင့်တဲ့ တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ် များနှင့် လိုအပ်သည့်အရည်အသွေးစံနှုန်းများကို မြန်မာနိုင်ငံရှိ တရားရုံးအဆင့်ဆင့်မှာရှိတဲ့ တရားသူကြီးများအားလုံး လေ့လာမှတ်သားလိုက်နာစေရန်အတွက် The Bang Law Principles of Judicial Conduct ဆိုတဲ့ စာတမ်းကိုလည်း ကျွန်တာ်တို့ တရားရုံးချုပ်က ဖြန့်ဝေထားပြီးဖြစ်ပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များရဲ့ ညှိနှိုင်းအစည်းအဝေးများမှာလည်း ပြည်ထောင်စုတရားသူကြီးချုပ်က တရားသူကြီးများဟာ နိုင်ငံတော်ကပေးအပ်တဲ့ တရားစီရင်ရေးတာဝန်ကို ဆောင်ရွက်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေတို့တွင် ပြဋ္ဌာန်းထားတဲ့ လွတ်လပ်စွာ တရားစီရင်ရေးမူနှင့်အညီ ဆောင်ရွက်ကြရန်နှင့် တစ်စုံတစ်ဦး၏ မလျော်မကန် ဖိအားပေးမှု၊ မလျော်သြဇာ အသုံးပြုမှုများကို လက်မခံဘဲ ပြည်သူ့အကျိုးအတွက် ဖြောင့်မတ်မှန်ကန်စွာ ဥပဒေနှင့်အညီစီရင်သွားရန်ဆိုပြီးတော့ မှာကြားခဲ့ပြီးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေနဲ့လည်း အဆင့်ဆင့်သော တရားရုံးများက ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ကြရန်ဆိုပြီးတော့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့စွဲပါ ညွှန်ကြားချက်အမှတ် (၃/၂၀၁၂) ကိုထုတ်ပြန်ပြီးတော့ တရားရုံးအဆင့်ဆင့်က လိုက်နာဆောင်ရွက်ရန်အတွက် ကြီးကြပ် လျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ တရားစီရင်ရေး၏မူတစ်ခုဖြစ်တဲ့ ဥပဒေနှင့်အညီ လွတ်လပ်စွာတရား စီရင်ရေးကို လက်တွေ့အကောင်အထည်ဖော်ကြရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အဆင့်ဆင့်သောတရားရုံးများအား ညွှန်ကြားချက်ထုတ်ပြန်ပြီးဖြစ်ပါကြောင်း ဖြေကြားပါသည်။
