ရပ်စောက်မြို့နယ်၊ အင်းတော မြို့နယ်ခွဲ၊ ကျောက်ကူကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံ လိုအပ်လျက်ရှိပါ၍ ကျောက်ကူကျေးလက် ကျန်းမာရေးဌာနကို ကျောက်ကူတိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင် တည်ဆောက် ပေးပါရန် မေးခွန်းကို ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၏ စာဖြင့်ဖြေကြားချက်၌ လိုအပ်ချက်များ ပြည့်စုံလျှင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း သိရှိရပြီး၊ ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ ၂၀၁၃-၁၄ ဘဏ္ဍာနှစ် တွင် ကျောက်ကူတိုက်နယ်ဆေးရုံ တည်ဆောက် ပေးရေးအတွက် ဝန်ကြီးဌာနအထိ တင်ပြပြီးဖြစ်ကြောင်းနှင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုရန်ပုံငွေလျာထားချက်တွင် မတွေ့ရှိရ ပါကြောင်း ထည့်သွင်း၍ ဆွေးနွေးခဲ့ရာ ဝန်ကြီးဌာနမှ ပြန်လည်စိစစ်ပြီး ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းချက်များကိုလည်းကြားသိရပါကြောင်း၊ ယခုအခါ ကျောက်ကူကျေးလက် ကျန်းမာရေးဌာန ကို ကျောက်ကူ တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ပြုပြီး၊ ကျောက်ကူ တိုက်နယ်ဆေးရုံ တည်ဆောက်ရန် ကျေးရွာများ မှ ပြည်သူလူထုစုဆောင်းလှူဒါန်းရရှိငွေသိန်း ၃၀၀ ခန့်ရှိပါကြောင်းနှင့် ဝန်ထမ်းနေအိမ်များနှင့် ဆက်စပ် အဆောက်အဦများ ဆောက်လုပ်ရန် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှုများ ဝန်ကြီးဌာနသို့ တင်ပြတောင်းခံထားပြီး လည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ကူတိုက်နယ်ဆေးရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ်လျက်ရှိသော ခွင့်ပြုရန်ပုံငွေများ ရရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ ရန်ပုံငွေခွင့်ပြုပေးမည့် အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် ကျောက်ကူကျေးရွာမှာ တိုက်နယ်ဆေးရုံဆောက်လုပ်ခြင်းအတွက် ခွင့်ပြုမိန့်ကို ၁၁-၃-၂၀၁၃ ရက်နေ့တွင် ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။ အသစ်ဆောက်လုပ်တဲ့လုပ်ငန်းဖြစ်တဲ့ အတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းမှာ ဆောက်လုပ်တဲ့ရန်ပုံငွေကို အဆိုပြုလျာထားပြီး ခွင့်ပြုရန်ပုံငွေဖြင့် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
