(ဂ)-လူငယ်အချို့ “ကော်” ရှုသုံးစွဲခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေပေါ်ထွက်ရေး ဆောင် ရွက်သွားမည့် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမနေ့ (၄.၇.၂၀၁၃)

လူငယ်အချို့ကော်ရှူသုံးစွဲခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေပေါ်ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း အားမေးမြန်းရာတွင် လူငယ်အချို့ကော်ရှူ သုံးစွဲခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများက မည်သို့ကာကွယ်တားဆီးထားပါကြောင်း၊ ဥပဒေအရ အရေးယူဆောင်ရွက် နိုင်မည့်အခြေအနေ မရှိပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ ဥပဒေပေါ်ထွက် လာရေး ဆောင်ရွက်သွားမည့် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း၊ ကော်ရှူသုံးသည့် လူငယ်များကို အရေးယူ ဆုံးမပေးရန် ရဲတပ်ဖွဲ့စခန်းကို အပ်နှံခဲ့ဖူးသော်လည်း တာဝန်ရှိသူများမှ အရေးယူရန် ဥပဒေမရှိပါဟု ပြောကြားခဲ့ပါကြောင်း၊ ယခုကဲ့သို့ တင်ပြရခြင်းမှာလည်း မိမိတို့မြို့နယ်ကဲ့သို့ အခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ဖြစ်စဉ်များရှိနေပါကြောင်း၊ လက်ရှိအခြေအနေ မှာတော့ ကော်ရှူသုံးစွဲခြင်းမှအစ လူငယ်အချို့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ခြင်း လေလွင့်လူငယ်များကို အင်တာဗျူး   မေးမြန်းခြင်းများကို ဂျာနယ်များတွင် တွေ့နေရပါကြောင်း၊ စိတ်ကြွဆေးပြား၊ မူးယစ်ဆေးဝါး၊ ဘိန်းဖြူ၊ ဘိန်းမဲသုံးစွဲခြင်းတွေလည်း ပါဝင်လာမှာ ဖြစ်ပါကြောင်း၊တီဗွီကော်နှင့် ပတ်သက်၍ လူငယ် တချို့သည် နည်းလမ်းမကျသော သုံးစွဲခြင်းကိုဆောင်ရွက်လာပြီး ဥပဒေနှင့်ဆန့်ကျင်သော အပြုအမူများကို ဆောင်ရွက်လာခြင်း များ တွေ့ရှိနေရပါကြောင်း၊ ဆေးဗူးတန်ဖိုးသည် ၆၀၀ ကျပ် ခန့်ရှိပါကြောင်း၊ ကော်ရှူခြင်းသည် လူငယ်များအတွက် အန္တရာယ်ရှိသောကြောင့် ကာကွယ်တားဆီးသွားရန် တာဝန်ရှိနေပါကြောင်း၊ လူငယ်များ၏ကောင်းမွနသော အနာဂတ်ကိုဖော်ဆောင် ပေးနိုင်ရန် တာဝန်ရှိ သူများက မည်သို့ကာကွယ်တားဆီးမည်နှင့် ဥပဒေ မရသေးပါက လည်း သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ဆက်လက်ဆောင်ရွက်မည်ကိုသိရှိလိုပါကြောင်း မေးမြန်း သွားခဲ့ပါသည်။


ဖြေကြားသူ
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကော်ရှူသုံးစွဲမှုရှိတဲ့အချို့မြို့နယ်များမှာ အစပျိုးလျက်ရှိတယ်ဆိုတာကို စိစစ်တွေ့ရှိရတဲ့ အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြားမှုဖြင့် ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လူငယ်များကော်ရှူသုံးစွဲမှုနှင့်ပတ်သက်ပြီးတော့ ကျန်းမာရေးဦးစီးဌာန မူးယစ်ဆေးစွဲရောဂါကုသရေးနှင့် သုတေသနဌာနကကျွမ်းကျင်သူအစုအဖွဲ့နဲ့ ၂၀၁၂ ခုနှစ်အတွင်းမှာ လေ့လာဆန်းစစ်ခဲ့ပါတယ်။ အဲ့ဒီ လေ့လာဆန်းစစ်ချက်အရ တွေ့ရှိချက်အချို့ကိုတင်ပြရမယ်ဆိုရင် ကော်ရှူသူကျောင်းသားလူငယ်တစ်ဦးနှင့် ကျောင်းသားမဟုတ်သူ ၁၂ ဦးရှိကြောင်းတွေ့ရှိခဲ့ပြီး အသက် ၂၀ နှစ်မှ ၂၄ နှစ်အကြား လူငယ်အများစုဖြစ်ပါတယ်။ ကော်တစ်မျိုးတည်းရှူသူ ၇ ဦးရှိပြီးတော့ အရက်၊ ဘိန်းမဲ၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးများ မသုံးရသည့်အခါ ကော်ရှူသူ ၆ ဦးဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ကော်အမျိုးအစားမှာ TV Special Adhesive နှင့် AB ကော်နှင့် ဆင်ကော်များ ဖြစ်ကြောင်း ကော်များကိုကားပစ္စည်းအရောင်းဆိုင်၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်၊ သင်္ဘောဆေးဆိုင်များမှ ဝယ်ယူရရှိကြောင်း၊ တစ်ရက်လျှင် ၇၀၀ ကျပ်မှ ၁၆၀၀ ကျပ်အထိကုန်ကျကြောင်း၊ မိဘကပေးသော မုန့်ဖိုးငွေကိုကျောင်းသားများက ကော်ဝယ်ရန် အသုံးပြုပြီး ကျပန်းအလုပ်များကရရှိသောငွေကိုတော့ ကျောင်းသားမဟုတ်တဲ့သူများက ကော်ဝယ်ရန် အသုံးပြုကြောင်း၊ သုံးစွဲသူများသည်ကော်ရှူခြင်းကို စမ်းသပ်လို၍လည်းကောင်း၊ သူငယ်ချင်း အပေါင်းအသင်းများရှူ၍လည်းကောင်း၊ မူးယစ်ဆေးများမရရှိချိန်တွင် အစားထိုးအနေဖြင့် လည်းကောင်းသုံးစွဲကြခြင်းဖြစ်ကြောင်း၊ သုံးစွဲခဲ့သည့်နေရာများမှာလည်း လားရှိုးမြို့မှာဆိုရင် ကျောင်း အိမ်သာ၊ သာသနာ ၂၅၀၀ ဘုရားတောင်ကုန်း၊ ရေကန်တောင်၊ နေအိမ်တို့ဖြစ်ကြောင်း၊ ပလပ်စတစ် အိတ် သို့မဟုတ် ကြွပ်ကြွပ်အိတ်အတွင်းမှာ ရေအနည်းငယ်ဖြင့်ကော်ကိုရောကာ ကျေအောင်ပွတ်ချေ ပြီး အနံ့ထွက်လာပါက ပလပ်စတစ်အိတ် သို့မဟုတ် ကြွပ်ကြွပ်အိတ်အား ဖောင်းအောင်ပြုလုပ်၍ အဝဘက်မှပိတ်ကာ အိတ်အတွင်းရှိလေကုန်သွားသည်အထိ နှာခေါင်းဖြင့်အသက်ရှူကြောင်းတွေ့ရှိခဲ့ ရပါတယ်။

အထက်ပါလေ့လာဆန်းစစ်မှုများနှင့်အတူ ကော်ရှူသုံးစွဲသူများ၏မိဘများနဲ့ညှိနှိုင်းတိုင်ပင်ကာ လိုအပ်သည့်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု၊ နှစ်သိမ့်ဆွေးနွေးပညာပေးမှုများဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက အရေးပေါ်ကျန်းမာရေးဆိုင်ရာ ပြုစုကုသမှုများဆောင်ရွက်ခြင်းနှင့် သားသမီးများမူးယစ်ကင်းစင် လူငယ်ဖြစ်အောင် မိဘများအနေဖြင့်ပြုစုစောင့်ရှောက်ရန် လိုအပ်သည်များကိုဆွေးနွေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါတယ်။ လက်တွေ့သုတေသနတွေ့ရှိချက်များအရ သင်ခန်းစာပို့ချမှုပုံစံဖြင့် ကျောင်းသား လူငယ်များအား ပညာပေးဆောင်ရွက်ခြင်းသည် လူငယ်တို့၏အသစ်အဆန်းမြင်လျှင် စူးစမ်းလိုသည့် စိတ်အားနှိုးဆွသကဲ့သို့ဖြစ်ပြီး ကော်ရှူသည့်ပြဿနာပိုမိုကြီးထွားနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

သို့ဖြစ်ပါ၍ ကော်ရှူသုံးစွဲမှုသတင်းရတဲ့မြို့နယ်များမှာ ကျောင်းသားများကော်ရှူသုံးစွဲပါက ဆရာ ဆရာမများကမိဘများအား ခေါ်ယူတွေ့ဆုံကာဆွေးနွေးညှိနှိုင်းခြင်း၊ ကျောင်းသားများအတွင်း ကင်းထောက်များထားရှိကာ စောင့်ကြပ်ကြည့်ရှုခြင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများက ကော်ရှူသူများအားခေါ်ယူတွေ့ဆုံပညာပေးဆုံးမခြင်း၊ ကားပစ္စည်းအရောင်းဆိုင်နှင့် သင်္ဘောဆေးဆိုင် ပိုင်ရှင်များက ပါဝင်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ကော်ဗူးရောင်းချ သောဆိုင်များကို ကလေးသူငယ်များအား ကော်ရောင်းချခြင်းမပြုရန်တားမြစ်ခြင်းစသည့်လုပ်ငန်းများ ကို ထိရောက်မှုရှိမည့်ကာကွယ်တားဆီးရေးလုပ်ငန်းများအဖြစ် ဌာနပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးပူးတွဲသုံးစွဲခြင်းရှိပါကလည်း ဆေးကုသရေးအဖွဲ့အနေဖြင့် မူးယစ်ဆေးစွဲရောဂါကုသနိုင်ရေးအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါ တယ်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှလည်း TV အမှတ်တံဆိပ် ကော်ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ မူးယစ်ဆေးဝါး ဖြစ်သည်ဟုလည်းကောင်း၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဖြစ်သည်ဟုလည်းကောင်း၊ ယင်းဥပဒေ ပုဒ်မ ၂၆ (ဈ)ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန် ထားခြင်းမရှိသည်ကိုတွေ့ရှိရပါသဖြင့် အဆိုပါ Tဠ အမှတ်တံဆိပ်ကော်ကိုရှူသည့် လူငယ်အချို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူနိုင်မည် မဟုတ်သည်ကိုလည်းစိစစ်တွေ့ရှိရကြောင်း၊ သို့ရာတွင် ကော်ရှူ၍ဖြစ်ပေါ်လာသော အကျိုးဆက် အဖြစ် ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ပါက ကျူးလွန်သူကို ပြစ်မှုဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ အခြားတည်ဆဲဥပဒေအရသော်လည်းကောင်း အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပရိဘောဂ လုပ်ငန်းများတွင်အသုံးပြုရန်ထုတ်လုပ်ထားသော TV အမှတ်တံဆိပ်ကော်ကို မူးယစ်စေတတ်သော အရာအဖြစ်လွဲမှားစွာရှူခြင်းကြောင့် သုံးစွဲသောလူငယ်များ၏ ကျန်းမာရေးနှင့် ဘဝကိုထိခိုက်စေနိုင်ပြီး လူငယ်များသည်အနာဂတ်တွင် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းရွက်ကြမည့် မျိုးဆက်သစ်များဖြစ်ရာ လူငယ်များ၏ကျန်းမာရေးနှင့် ဘဝဆုံးရှုံးပျက်စီးခြင်းသည် နိုင်ငံအတွက်ကြီးမားသော နစ်နာဆုံးရှုံးမှု ဖြစ်နိုင်ပါကြောင်း၊ ယင်းသို့ ကော်ရှူသည့်အလေ့အထ လူငယ်ထုအတွင်း တစ်စတစ်စကျယ်ပြန့်လာ ပါက နိုင်ငံ၏အနာဂတ်ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်ရောက်ရှိနိုင်မည်ဖြစ်ရာ အလေးထားရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် TV အမှတ်တံဆိပ် ကော်ကိုရှူပါက ဖြစ်ပေါ်လာနိုင်သည့်ကိုယ်၊ စိတ်အခြေအနေ၊ အပြုအမူ၊ ကျန်းမာရေးထိခိုက်မှုနှင့် အကျိုးဆက်တို့ကို ပြည်‌့ပြည့်စုံစုံသိရှိနိုင်ရန်လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများပြုလုပ်၍ သက်ဆိုင်ရာ ဌာနများပူးပေါင်းညှိနှိုင်းပြီး လိုအပ်သလိုဆောင်ရွက်နိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားရမည့် ကိစ္စရပ်ဖြစ်သည်ဟု တင်ပြဖြေကြားထားပါတယ်။

သို့ဖြစ်ပါ၍ လူငယ်အချို့ကော်ရှူသုံးစွဲမှုအား ပညာပေးဆုံးမခြင်း၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင် များ၊ မိဘပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ကာကွယ်တားဆီးရေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်သင့် ပါကြောင်းနှင့် ကော်ရှူသုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ပူးပေါင်း၍ ပညာရှင်များ၏အကြံပြုချက်နှင့် လိုအပ်သောအမိန့်ကြော်ငြာစာများကိုအမြန်ဆုံး ရေးဆွဲဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ပါသည်။