(က) အာဇာနည်နေ့တွင်အစိုးရ အဆက်ဆက်ကကျင့်သုံးခဲ့သော အာဇာနည်ကြီးများကျဆုံးခဲ့သည့်အချိန် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြန်မာ့အသံမှ ဥသြဆွဲသံကိုပြန်လည်ထုတ်လွှင့်ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအနေဖြင့် အစီအစဉ်ရှိပါသလား။
(ခ) ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင်ဖြေကြားသည့် အာဇာနည်နေ့၌ မြန်မာ့အသံက ဥသြသံထုတ်လွှင့်ပြီး ကြားသိချိန်တွင် သွားလာနေသည့်ယာဉ်များ အားလုံးက ရုတ်တရက် ရပ်တန့်အလေးပြုမည်ဆိုပါက မလိုလားအပ်သည့် အန္တရာယ်ပြဿနာများပေါ်ပေါက်လာနိုင်ကြောင်း အကြောင်းပြချက်ကို ပြည်ထောင်စုအစိုးရက မည်ကဲ့သို့သဘောထားပါသနည်း။
(ဂ) (၆၆)ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ၏ ဂုဏ်ကျေးဇူးကို သတိရပြီး အစဉ်အလာအတိုင်းဂုဏ်ပြုနိုင်ရန်အတွက် ပြည်ထောင်စုအစိုးရက အာဇာနည်နေ့၌ မြန်မာ့ အသံမှဥသြဆွဲသံကို ပြန်လည်ထုတ်လွှင့်ပေးရန် ဆောင်ရွက်နိုင်ပါမည်လား။
(ဃ) မဆောင်ရွက်နိုင်ပါက အဘယ်ကြောင့်ဆိုသည်ကို သိလိုပါသည်။ စသည့်မေးခွန်းများကို မေးမြန်း သွားပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့မေးခွန်းကို ပြန်လည် ဖြေကြားသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ဒီလိုကျင်းပရာမှာ ၁၉၆၁-၁၉၆၂ ခုနှစ်ကစပြီး အာဇာနည်နေ့ ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရေဒီယိုအစီအစဉ်မှ ၂ မိနစ်ကြာဥသြဆွဲ၍ မော်တော်ယာဉ်နှင့် လူများကရပ်တန့် ဂုဏ်ပြုခဲ့ပါတယ်။ နောက်ပိုင်းကာလများမှာ အာဇာနည်နေ့မှာ ဥသြဆွဲခြင်းမပြုလုပ်တော့ဘဲ နိုင်ငံတော်ကိုယ်စားပြု အထွတ်အမြတ်အထိမ်းအမှတ်ဖြစ်တဲ့ နိုင်ငံတော်အလံကို တိုင်တစ်ဝက်လျှော့ချအလေးပြုခြင်း၊ ဂုဏ်ပြုသီချင်းအစီအစဉ်များနှင့် အခမ်းအနားသတင်းများကို ထုတ်လွှင့်ခြင်း၊ အာဇာနည်ဗိမာန်တွင် နိုင်ငံတော်တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုများသွားရောက်အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချခြင်းအစီအစဉ်များကို မြန်မာ့ရုပ်မြင်သံ ကြား၊ သတင်းစာတို့မှ ထုတ်လွှင့်ဖော်ပြပေးခဲ့ပါတယ်။ ထို့အပြင် ၂၀၁၂ ခုနှစ် အာဇာနည်နေ့မှာ အာဇာနည်ဗိမာန်မှာ အခမ်းအနားကျင်းပပုံများကို မြန်မာ့ရုပ်မြင်သံကြားကတိုက်ရိုက်ထုတ်လွှင့် ပေးခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နိုင်ငံတော်အဆင့် အာဇာနည်နေ့ကျင်းပတဲ့နိုင်ငံများကို လက်လှမ်းမီ သရွေ့ရှာဖွေ လေ့လာကြည့်ရာမှာ ၁၆ နိုင်ငံရှိကြောင်းလေ့လာတွေ့ရှိရပါတယ်။ ၎င်းတို့မှာ အာဖဂန်နစ္စတန်၊ အယ်ဘေးနီယား၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လက်ဘနွန်၊ လစ်ဗျား၊ မာလာဝီ၊ ပါကစ္စတန်၊ ပနားမား၊ ဆီရီးယား၊ တိုဂို၊ တူနီးရှား၊ ဗီယက်နမ်နှင့် ယူဂန်ဒါနိုင်ငံ တို့ဖြစ်ပါတယ်။ အဆိုပါ နိုင်ငံများမှာ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဥသြဆွဲခြင်း၊ ယာဉ်၊ လူများအနေဖြင့် ဥသြသံကြားပါက ရပ်တန့်အလေးပြုခြင်းတို့ကို ဆောင်ရွက်ခြင်းမရှိကြောင်းသိရှိရပြီး ထိုနေ့ကို နိုင်ငံ၏ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခြင်း၊ အာဇာနည်ဗိမာန်သို့သွားရောက် လွမ်းသူ့ပန်းခွေချ အလေးပြုခြင်းကိုသာဆောင်ရွက် ကြောင်းလေ့လာတွေ့ရှိရပါတယ်။
မြန်မာနိုင်ငံတွင် အာဇာနည်နေ့မှာဥသြဆွဲ၍ ယာဉ်၊ လူအများရပ်တန့်ဂုဏ်ပြုသည့် အစီအစဉ် ကိုပြန်လည်ဆောင်ရွက်မည်ဆိုပါက ရရှိလာမည့်အကျိုးကျေးဇူးနှင့် ပြည်သူတချို့အတွက် အဆင်မပြေ မှုများကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ပြည်သူလူထုသဘောထားအမြင်ကို အခြေခံထားစဉ်းစား ဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မေးမြန်းတဲ့ မြန်မာနိုင်ငံတွင် (၆၆)နှစ်မြောက် အာဇာနည်နေ့မှစ၍ ဥသြဆွဲသံပြန်လည်ထုတ်လွှင့်ပေးရေးနှင့်စပ်လျဉ်းတဲ့ မေးခွန်းနှင့်ပတ်သက်ပြီး လောလောဆယ်အစီအစဉ် မရှိသေးပါကြောင်း ဖြေကြား ပါသည်။
