ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့သည် ယခုအခါမှာ လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ဖြန့်ဖြူးပေးနေပြီး လက်ရှိသုံးစွဲနေသော ဓာတ်အားစနစ်မှာ ၃၃/ဝ.၄ ကေဗွီစနစ် ဖြစ်သည့်အတွက်ကြောင့် ကျွဲပွဲမြို့တစ်မြို့လုံးရှိ အိမ်ပေါင်း ၁၈၀၀ ကျော်၊ လုပ်ငန်းသုံးမီတာ အလုံး ၄၀ ခန့်ရှိရာ မီးအားမနိုင်သည့်အတွက်ကြောင့် မြို့နေပြည်သူများမှာ လျှပ်စစ်မီးအခက်အခဲများကို ခံစားနေရသည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာပြီ ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၃၃/၁၁.၄ ကေဗွီဓာတ်အားခွဲရုံ စနစ်တပ်ဆင်နိုင်မည်ဆိုပါက ကျွဲပွဲမြို့သာမက နီးစပ်ရာကျေးရွာများသို့လည်း လျှပ်စစ်ဓာတ်အား ပေးနိုင်သည့်အပြင် နောက်ထပ် အိမ် ၃၀၀၀ လောက်ကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ကျွဲပွဲမြို့အား ၃၃/၁၁.၀၄ ကေဗွီစနစ်ဓာတ်အားခွဲရုံအား တည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။
အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့သည် မီးသုံးသူဦးရေ ၁၄၇၃ ဦး ရှိပြီးတော့ ၁၉၉၀ ခုနှစ်မှစ၍ ၃၃။ဝ.၄ ကေဗွီ၊ ၂၅၀ ကေဗွီအေနှင့် ၃၃။ဝ.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာ ၂ လုံးဖြင့် ဓာတ်အားဖြန့်ဖြူးပေးထားခဲ့ပါတယ်။ ၃၃။ဝ.၄ ကေဗွီ၊ ၁၀၀ ကေဗွီအေ ထရန်စဖော်မာရဲ့သုံးစွဲဝန်အားများနေတဲ့အတွက် မီးသုံးသူများလျှပ်စစ်ဓာတ်အား အပြည့်အဝသုံးနိုင် ရန် ၂၂-၈-၂၀၁၂ ရက်နေ့မှာ ၃၃/ဝ.၄ ကေဗွီ၊ ၃၁၅ ကေဗွီအေ ထရန်စဖော်မာဖြင့် လဲလှယ်တပ်ဆင် ဓာတ်အားပေးထားခဲ့ပါတယ်။ ကျွဲပွဲမြို့ဓာတ်အားစနစ် တိုးတက်ကောင်းမွန်ရေးအတွက် ၃၃။ဝ.၄ ကေဗွီ ဓာတ်အားခွဲရုံအား ၃၃။၁၁ ကေဗွီဓာတ်အားခွဲရုံသို့ တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ဖြည့်ဆည်းတပ်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လျာထားပါကြောင်းဖြေကြား ပါသည်။
