(ဃ)-နိုင်ငံတော်မှ လွတ်လပ်ရေးမော်ကွန်းဝင်အဆင့်အလိုက် လူပုဂ္ဂိုလ်အရေအတွက် မည်မျှရှိခဲ့ပြီး မည်မျှ ကွယ်လွန်၍ မည်မျှကျန်ရှိပါသနည်း၊ အဆိုပါပုဂ္ဂိုလ်များအား တစ်လုံးတစ်ခဲတည်း ချီးမြှင့်ရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၃.၇.၂၀၁၃)

မိမိတို့ နိုင်ငံတော်၏ လွတ်လပ်ရေးရရှိရန်အတွက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး နှစ်ပေါင်းများစွာ သက်စွန့်ဆံဖျား ဆောင်ရွက် ခဲ့ကြသည်ကို တစ်နိုင်ငံလုံး အသိဖြစ်ပါကြောင်း၊  အမျိုးသားခေါင်းဆောင်ကြီး အပါအဝင် လွတ်လပ်ရေးရယူရန်အတွက် ပါဝင်ခဲ့ကြသော ပုဂ္ဂိုလ်အသီးသီး ကို နိုင်ငံတော်သမ္မတကြီးက ပထမ အဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်စသဖြင့် ချီးမြှင့်ခဲ့ကြောင်း၊ ထိုပုဂ္ဂိုလ်များသည် အသက်အရွယ်အားဖြင့်  အိုမင်းလာခဲ့ပြီး မိမိတို့ စားဝတ်နေရေးဖူလုံမှုမရှိဘဲနှင့်ဘဝကို အခက်အခဲ အမျိုးမျိုးရင်ဆိုင်ဖြတ်ကျော်နေရသည်ကို တွေ့ရပါကြောင်း၊ မိမိအနေဖြင့် လွတ်လပ်ရေး မော်ကွန်း ဝင်များနှင့် ပတ်သက်ပြီးမေးခွန်း ၅ ချက်မေးလိုပါကြောင်း၊ (၁) မိမိတို့ ယနေ့ စတင်ပြီးတော့ ပေးခဲ့သည့် လွတ်လပ်ရေးမော်ကွန်းဝင် ဦးရေ မည်မျှရှိပါကြောင်း၊ ယနေ့ ဘယ်လောက်ကျန်သည်ကို သိလိုပါကြောင်း (၂) ထိုပုဂ္ဂိုလ်ကြီးများကို နိုင်ငံတော်အစိုးရအနေဖြင့် တစ်လုံးတစ်ခဲတည်းဆုချီးမြှင့်ဖို့ အစီအစဉ် ရှိ/ မရှိနှင့် ရှိပါက မည်သည့် ကာလတွင် မည်မျှထိ ချီးမြှင့်ရန် ရည်ရွယ်ထားသည်ကို သိလိုကြောင်း၊ (၃) ယနေ့  လွတ်လပ်ရေးမော်ကွန်းဝင်များကို လစဉ်ထောက်ပံ့မှုပေးနေသည်မှာ လက်ရှိတွင် မည်သည့်နှုန်း   နှင့် ပေးနေပါကြောင်း၊ (၄) ယခုပေးနေသည့် နှုန်းထားသည် မည့်သည်စနစ်ဖြင့် ထုတ်ပေးနေကြောင်း၊ (၅) ယနေ့ခေတ်ကာလသည် ကုန်ဈေးနှုန်း အင်မတန်မြင့်မားသောကြောင့်  မော်ကွန်းဝင်ကြီးများ ကို ထောက်ပံ့နေ သည့်ထောက်ပံ့ငွေများသည် ခေတ်စနစ်နှင့် လျော်ညီမှုရှိပါသလား။ မရှိပါက နိုင်ငံတော်အစိုးရ အနေဖြင့် ကုန်ဈေးနှုန်းနှင့် ကိုက်ညီအောင်တိုးမြှင့်ပြီး ထောက်ပံ့ပေးရန် အစီအစဉ်ရှိ၊မရှိ၊ ရှိပါက မည်မျှ ထောက်ပံ့မည်၊ မည်သည့်အချိန်တွင် ထောက်ပံ့မည်ဆိုသည့် မေးခွန်းများကို မေးမြန်းသွားသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံမှာ တိုင်းပြည်နဲ့လူမျိုးလွတ်လပ်မှုအတွက် ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အတွင်း စစ်ရေး သို့မဟုတ် နိုင်ငံရေးစွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်အပ်နှင်း ရန်အတွက် လွတ်လပ်ရေးမော်ကွန်းဝင်ဆုများကို ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ တီထွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။ လွတ်လပ်ရေးမော်ကွန်းတင်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက်  ၁၉၅၅ ခုနှစ်မှာ လွတ်လပ်ရေးမော်ကွန်းဆိုင်ရာ စည်းမျဉ်းများကိုပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်ရေးမော်ကွန်းကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့ပါတယ်။ လွတ်လပ်ရေးမော်ကွန်းကော်မတီဟာ လွတ်လပ်ရေးမော်ကွန်းဝင် လျှောက်လွှာများကိုခေါ်ယူပြီး လွတ်လပ်ရေးမော်ကွန်းဝင်အဖြစ်         အသိအမှတ်ပြုသင်‌့သူများကို စိစစ်ရွေးချယ်ခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့မေးခွန်းများကို ခြုံငုံပြီး ပြန်လည်ဖြေရှင်းတင်ပြရရင် လွတ်လပ်ရေးရရှိရေးအတွက်ကို  ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများအား နိုင်ငံတော်မှ လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင်‌့နှင့် တတိယအဆင်‌့ဟူ၍ အဆင်‌့သုံးဆင့် ခွဲခြား၍ နိုင်ငံတော် သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးမော်ကွန်းတင်ခဲ့တဲ့ အဆင့်အလိုက် ပုဂ္ဂိုလ်အရေအတွက် မည်မျှ ရှိခဲ့ပြီး၊ မည်မျှကွယ်လွန်၍ ယနေ့အထိ မည်မျှကျန်ရှိနေပါသလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး လွတ်လပ်ရေးမော်ကွန်းတင်လုပ်ငန်းများနဲ့ စပ်လျဉ်း၍ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရလက်ထက်မှာ ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်မှာ တစ်ကြိမ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်လှန်ရေးအစိုးရလက်ထက် ၁၉၆၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ဒုတိယအကြိမ်နဲ့ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်အစိုးရလက်ထက်၁၉၇၆ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့မှ ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အတွင်း တတိယအကြိမ်၊ စုစုပေါင်း ၃ ကြိမ် စိစစ်ဆောင်ရွက်ခဲ့ပါတယ်။ စိစစ်ဆောင်ရွက်ချက်အရ နိုင်ငံတော်မှ လွတ်လပ်ရေးမော်ကွန်းဝင် ပထမ အဆင့် ၂၃၄၀ ဦး၊ ဒုတိယအဆင်‌့ ၅၈၆၇ ဦးနှင့် တတိယအဆင့် ၁၀၆၁၉ ဦး၊ စုစုပေါင်း ၁၈၈၂၆ ဦးအား လွတ်လပ်ရေးမော်ကွန်းဝင်အဆင့်များကို စိစစ်ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ လွတ်လပ်ရေး မော်ကွန်းတင်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ခြင်း၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ကောင်စီရုံးရဲ့ ၁၉၈၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် ရက်စွဲပါ လွတ်လပ်ရေးမော်ကွန်းတင်လုပ်ငန်းများနဲ့ စပ်လျဉ်း၍ သတင်း ထုတ်ပြန်ချက်အရ လွတ်လပ်ရေးမော်ကွန်းဝင်လျှောက်လွှာများကို စနစ်တကျ အကြိမ်ကြိမ်စိစစ် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အပြင် လွတ်လပ်ရေးမော်ကွန်းတင်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် လွတ်လပ်ရေးမော်ကွန်းတင်လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းတို့ကြောင့် ယခုအချိန်မှာ မော်ကွန်းဝင်ပုဂ္ဂိုလ်များ မည်သည့်နေရာတွင် နေထိုင်သည်၊ မည်မျှကွယ်လွန်၍ မည်မျှ ကျန်ရှိသည်ကို ရပ်ကွက်။ကျေးရွာအဆင်‌့အထိ အချိန်ယူ၍ စိစစ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် အဆိုပါမော်ကွန်းဝင်ပုဂ္ဂိုလ်များ သက်ရှိထင်ရှား ရှိ။မရှိကို ယခုစိစစ်ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း ဖြေကြားအပ်ပါတယ်။

ဆက်လက်ပြီးတော့ ယခုအချိန်အထိ နိုင်ငံတော်တာဝန်ယူခဲ့သော အစိုးရအဆက်ဆက်မှ လွတ်လပ်ရေးမော်ကွန်းဝင်များကို ချီးမြှင့်ဂုဏ်ပြုခဲ့ပါသော်လည်း ကျန်ရှိနေသေးသော လွတ်လပ်ရေး မော်ကွန်းဝင်အများစုမှာ အမျိုးမျိုးသော အကြောင်းအမျိုးမျိုးကြောင့်၊ အကြောင်းတရားများကြောင့် ဆင်းရဲချို့တဲ့စွာဖြင့် ဘဝကိုရင်ဆိုင်နေထိုင်နေရချိန်တွင် နိုင်ငံတော်အစိုးရအသစ်အနေနဲ့ အဆိုပါ ပုဂ္ဂိုလ်များ လွတ်လပ်ရေးရယူပေးရကျိုးနပ်သည်ဟု ခံစားမှုပြုနိုင်စေလောက်သော တစ်လုံး တစ်ခဲတည်း ချီးမြှင့်ငွေအား ချီးမြှင့်မှသာ ဘဝနေဝင်ချိန်တွင် အေးချမ်းသာယာပြည့်စုံစွာ မကြောင့်မကျ နေထိုင်လှူဒါန်းသွားနိုင်ကြမည်ဖြစ်ပြီး နိုင်ငံတော်အတွင်းရှိ မိဘပြည်သူများလည်း ထိုသို့ ဆန္ဒရှိနေကြ သဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ။မရှိနဲ့ ဆက်လက်ပြီး ပေးထားတဲ့ လစဉ် ထောက်ပံ့တဲ့နှုန်းထား တစ်လတစ်ကြိမ် ဘယ်လိုစနစ်နဲ့ဆောင်ရွက်မလဲ၊ ခေတ်စနစ်လျော်ညီမှု ရှိ။မရှိနှင့်ပတ်သက်၍ ဆက်လက်ပြီးဖြေကြားရလျှင် ကျန်ရှိနေသော လွတ်လပ်ရေးမော်ကွန်းဝင်များဟာ  တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေများ ပေးအပ်ရေးနှင့် ပတ်သက်၍ ယခုအ‌ွခေအနေမှာ ချီးမြှင့်ခြင်း အစီအစဉ်မရှိ သေးပါ ကြောင်းနဲ့ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များရှိပါက ပြည်သူ့လွှတ်တော်ကိုတင်ပြပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။