၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းက ဟဲဟိုးလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွား အတွက် ရည်ရွယ်ပြီးတော့ မေးမြန်းမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လေယာဉ်ပျက်ကျမှုကို လေ့လာကြည့်ရင် ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ စုစုပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၁၃ ကြိမ်မှာ မြန်မာ့လေကြောင်းလိုင်းက ၁၀ ကြိမ်ဖြစ်ပါတယ်။ Air ပုဂံမှ ၂ကြိမ်ဖြစ်ပြီးတော့ Air ကမ္ဘောဇက ၁ ကြိမ် ဖြစ်ပါတယ်။ ဒီ ၁၃ ကြိမ်မှာ လူဦးရေ ၁၀၀ အသက်ဆုံးရှုံးခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ယနေ့ နိုင်ငံခြားခရီးသွားတွေကလည်း ဒါကို စိုးရိမ်ပါတယ်။ စိုးရိမ်တဲ့အတွက် ကြောင့် ယနေ့ဧည့်သည်များသည် လေကြောင်းလိုင်းကို အသုံးမပြုဘဲနဲ့ တချို့ဖြစ်နိုင်ရင် မော်တော်ယာဉ်နဲ့သွားနေကြပါတယ်။ အလားတူ တချို့လည်း အခြေအနေအရပ်ရပ်ကို ယုံကြည်မှု အနေအထားကို စောင့်ကြည့်ပြီးတော့ သွားလာမှုနည်းပါးလာတာကို တွေ့ရှိရပါတယ်။ နိုင်ငံတော် အနေနဲ့ နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲပြီးတော့ ယနေ့လုပ်ကိုင်နေတဲ့အချိန်မှာ နိုင်ငံခြား အရင်းအနှီးတွေကို ဖိတ်ခေါ်နေပါတယ်။ နိုင်ငံခြားသားဝင်ရောက်မှုဟာ ယနေ့ ပိုမိုပြီးတော့ များပြား လာတဲ့အချိန် ဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာလည်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ နိုင်ငံခြားဧည့်သည် ၅၅၇၄၅၅ ဦးဝင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါ့ကြောင့် ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့ တစ်ကြိမ်သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ကော်မရှင်ဖွဲ့ပြီးတော့ စစ်ဆေး တယ်ဆိုပြီးတော့ ကြေညာထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် ဒီအခြေအနေများသည် ပြည်တွင်း ပြည်ပလေကြောင်းလိုင်းမှာ သွားလာနေတဲ့ ခရီးသည်များအတွက် ယုံကြည်မှုကို အပြည့်အဝမရနိုင် သေးဘူး ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီနဲ့ ကုမ္ပဏီတာဝန်ရှိတဲ့လူကြီးတွေ သက်ဆိုင်ရာဝန်ကြီးဌာန ကနေပြီးတော့ လေယာဉ်ကွင်းတွေရဲ့ အခြေအနေ၊ လေယာဉ်တွေရဲ့အခြေအနေ၊ လေယာဉ်မောင်တွေ ရဲ့ အရည်အသွေး၊ လေယာဉ်မယ်တွေရဲ့ အရည်အသွေးစသည်ဖြင့် ယုံကြည်မှုတွေကို ပြည်တွင်းနဲ့ ပြည်ပမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ဆောင်ရွက်မှသာလျှင် နိုင်ငံတော်က ရည်မှန်းထားတဲ့ ၂၀၁၃-၂၀၁၄ ရည်မှန်းချက်တွေ၊ ငါးနှစ်စီမံကိန်းအတွက် ရည်မှန်းထားတဲ့ နိုင်ငံခြားဧည့်သည် ၁.၅ သန်း ဝင်ရောက်ဖို့ အတွက် ဆောင်ရွက်နေတဲ့အခြေအနေ အောင်မြင်မှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို မေးမြန်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်မေးမယ့်မေးခွန်းကတော့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၀၈း၂၈ နာရီအချိန်မှာ မနက်ပိုင်းက ဟဲဟိုးလေယာဉ်ကွင်းအနီးမှာ လေယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အသွင်ကူးပြောင်းရေးကာလဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ကြိုးစားအားယူနေတဲ့ ယနေ့အချိန်အခါမျိုးမှာ အဆိုပါဖြစ်စဉ်ဟာ အတိုင်းအတာ တစ်ခုသော အတားအဆီးကို ဖြစ်ပေါ်စေနိုင်တဲ့အတွက်ကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ပြည်တွင်း ပြည်ပခရီးသွားတွေ နားလည်ယုံကြည်လာအောင်ပြုလုပ်ဖို့ အခြေအနေမှန်တွေရှင်းလင်းဖို့ ထပ်မံ မဖြစ်ဖို့အတွက် ကြိုတင် ကာကွယ်ထားတဲ့ စီမံဆောင်ရွက်မှုတွေကို သိရှိလိုတဲ့အတွက် မေးမြန်းခြင်း ဖြစ်ပါသည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၅၁ မိနစ်မှာ အဲပုဂံလေကြောင်းလိုင်းပိုင် F.100 လေယာဉ် XY-AGC ဟာ ဟဲဟိုးလေယာဉ်ကွင်းသို့ ဆင်းသက်စဉ်မှာ လေယာဉ် မတော်တဆထိခိုက်ပျက်စီးမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်မတော်တဆထိခိုက်မှုဖြစ်ပွားတဲ့ နေ့မှာပဲ ကျွန်တော်တို့ နာရီပိုင်းအတွင်းမှာပဲ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိတဲ့သူတွေဟာ ဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပြီးတော့ အဲဒီနေ့မှာပဲ ကျွန်တော်တို့ အဖွဲ့ဝင်ငါးဦးပါတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းနှင့် အများပြည်သူသိရှိနိုင်ဖို့ နိုင်ငံတော်ပိုင် သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခြင်းတို့ အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက် ခဲ့ပါတယ်။
လေယာဉ်မတော်တဆဖြစ်ပွားမှုဟာ ယေဘုယျအားဖြင့်တော့ လေယာဉ်ကွင်းသို့ ချဉ်းကပ်တဲ့ အမြင့်ဟာ ရှိသင့်တာထက်နိမ့်၍ ချဉ်းကပ်တာကြောင့်လို့ ယူဆရပါတယ်။ အဲဒီလိုဖြစ်တဲ့ဖြစ်စဉ် ကတော့ Man, Machine, Media ဟူသောအကြောင်းအချက် သုံးချက်အနက်တစ်ခုခုကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လူ၏အမြင် မှားယွင်းခြင်း၊ ဆုံးဖြတ်ချက်မှားယွင်းခြင်း၊ စက်ပစ္စည်းတို့၏ သဘော အရ အပူအအေးကြောင့် မှားယွင်း ညွှန်ပြတတ်ခြင်း၊ ရာသီဥတုအခြေအနေကလည်း မြူနှင်းများ ထူထပ်စွာကျရောက်သည့် ဆောင်းရာသီ ဖြစ်တဲ့အတွက် သဲကွဲစွာမမြင်ရတဲ့ အခြေအနေဖြစ်ခြင်းစတဲ့ အွခေအနေအချက်တွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
ကျွန်တော်တို့ စုံစမ်းရေးအဖွဲ့အနေနဲ့ အဲဒီအချင်းဖြစ်ပွားတဲ့ ၂၅-၁၂-၂၀၁၂ ရက်နေ့နှင့် ၂၆-၁၂-၂၀၁၂ ရက်နေ့တွေမှာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးတော့ လေယာဉ်ရဲ့ ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ Flight Data Recorder နှင့် လေယာဉ်မှူးနဲ့ လေကြောင်းညွှန်ကြားမှုဦးစီး ဌာန ဆက်သွယ်တဲ့ ကျွန်တော်တို့ အသံမှတ်တမ်းတင်ထားတဲ့ Cockpit Voice Recorder တို့ကို Download and Analysis ပြုလုပ်နိုင်ဖို့အတွက် စင်ကာပူနိုင်ငံမှာရှိတဲ့ Air Accident Investigation Bureau (AAIB)နဲ့ ညှိနှိုင်းခဲ့တဲ့အခါ မီးလောင်ပျက်စီးမှု အတိုင်းအတာများတဲ့အတွက် ကြောင့်မို့လို့ အဲဒီကနေအကြံပြုချက်အရ Facility ပိုမိုပြည့်စုံတဲ့ သြစတြေးလျနိုင်ငံမှာရှိတဲ့ Australia Transport Safety Bureau (ATSP) မှာဆောင်ရွက်ဖို့ဆိုပြီးတော့ ကျွန်တော်တို့ အဖွဲ့ဝင်ငါးဦးဟာ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာရှိတဲ့ (ATSB) မှာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၅ ရက် နေ့အထိ သွားရောက်စစ်ဆေးပြီးတော့ ဖော်ထုတ်ခဲ့ပြီး ကနဦးအစီရင်ခံစာ ရရှိခဲ့ပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေပွင့်လင်းမြင်သာစွာ သိရှိနိုင်ရေးအတွက်လည်း သတင်းမီဒီယာများကို ဖိတ်ကြားပြီးတော့ ကနဦးအစီရင်ခံစာကိုအခြေပြုပြီး ယနေ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ရန်ကုန်မြို့မှာရှိတဲ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းဆွေထွန်းမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း တင်ပြ အပ်ပါတယ်။
ကျွန်တော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မေးမြန်းထားတဲ့ ပြည်တွင်း ပြည်ပခရီးသွားများ နားလည်ယုံကြည်မှုရရှိလာရေးအတွက် ကျွန်တော်တို့စုံစမ်းစစ်ဆေးရေးအဖွဲ့မှ အပြီးသတ် အစီရင်ခံစာ (Final Report) ရရှိတဲ့အခါ ပြည့်ပြည့်စုံစုံလည်း ကျွန်တော်တို့ ထပ်မံပြီးတော့ သတင်းထုတ်ပြန် ကြေညာသွားမှာ ဖြစ်ပါတယ်။ နောင်အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက်ကိုလည်း လေယာဉ်မှူးများ၊ လေယာဉ်ထိန်းဌာနများကို ကျွန်တော်တို့ လိုအပ်တဲ့ညွှန်ကြားချက်တွေ ထုတ်ပြန် ထားပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ဒီ Final Report ရ ပြီးတဲ့အခါမှာလည်း ဒီဖြစ်စဉ် မှတွေ့ရှိတဲ့ သင်ခန်းစာဖော်ထုတ်ချက်တွေ ပြုပြင်ဆောင်ရွက်ရန် ရှိတာတွေကို မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ ပြည်တွင်းလေကြောင်းလိုင်းများမှ စီမံခန့်ခွဲသူများ၊ လေယာဉ်မှူး၊ လေယာဉ်သားများ၊ စက်မှုလက်မှု အင်ဂျင်နီယာများ၊ လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတွေကို ကျွန်တော်တို့ ဖိတ်ကြားပြီးတော့ ရှင်းလင်းဆွေးနွေးခြင်း၊ သင်တန်းတွေမှာ ထည့်သွင်းပြီးတော့ သင်ကြားသွားခြင်း ဒါတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းရှင်းလင်း ဖြေကြားပါသည်။
