ဘားအံမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းကို ဒေသခံပြည်သူများမှ ကန့်ကွက်ကြောင်း နှင့် ဆင်းရဲမှုလျှော့ချရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးစေသော နည်းပညာများ၊ စက်မှုသင်တန်းကျောင်းများနှင့် အခြားစက်ရုံ၊ အလုပ်ရုံများအား ထားရှိပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းပဲဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီးရှင်။ ဆင်းရဲမှုလျှော့ချရေး၊ အလုပ်အကိုင်ရရှိရေးကိုအကြောင်းပြုပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေသော ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းကို မပြုလုပ်ဘဲ ဒေသခံလူငယ်များ၏ နောင်အနာဂတ်ကာလမှာ မပျက်စီး မဆုံးရှုံး တတ်သော လူ့စွမ်းအားအရင်းအမြစ်နည်းပညာများ၊ အခြားစက်ရုံအလုပ်ရုံများအားထားရှိပေးစေလို ပါတယ်ရှင်။ အဘယ်ကြောင့်ဆိုသော် ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းမှာ လက်ရှိလည်ပတ် နေသော ဘိလပ်မြေစက်ရုံ တန် ၉၀၀ နှင့် တန် ၄၀၀၀ ရှိနေပြီဖြစ်ပါတယ်ရှင်။ ထိုစက်ရုံများကြောင့် အနီးပတ်ဝန်းကျင်မှာရှိနေတဲ့ ကျေးရွာများမှာ လမ်းသွားလမ်းလာအခက်အခဲများ၊ လယ်ယာမြေ ဥယျာဉ်ခြံများကိုသိမ်းဆည်းထားသည့် ပြဿနာများ၊ ကျန်းမာရေးပြဿနာများစသည့် လူမှုရေး ပြဿနာများဟာ ယနေ့ထက်တိုင် ပြေလည်မှုမရရှိသေးပါရှင်။ ထိုစက်ရုံများကြောင့် နစ်နာဆုံးရှုံးရ သော ကျေးရွာလူထုများသည် ယခု နောက်ထပ် တန် ၅၀၀၀ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် လျာထားသော ဒေသခံမဟုတ်သော စိုးနိုင်ဖြိုးကုမ္ပဏီနှင့် တန် ၁၀၀၀၀ ဘိလပ်မြေဆောက်လုပ်ရန် လျာထားသော အိန္ဒိယနိုင်ငံ၊ ရှရီစီပင့်ကုမ္ပဏီလီမီတက်နှင့် နန့်လီတီဝီတီကုမ္ပဏီလိမီတက်တို့အား သဘောမတူဘဲ ကန့်ကွက်ကြောင်း တင်ပြလာပါတယ်ရှင်။ သို့ဖြစ်ပါ၍ သံလွင်မြစ်အနောက်ဘက် ခြမ်းမှာရှိတဲ့ တောင်များနှင့် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဇွဲကပင်တောင်အပါ စုစုပေါင်း ၁၂ တောင် မပပျောက်ရေး ကျောက်ထုတ်လုပ်ခြင်း၊ ဘိလပ်ွမေစက်ရုံတည်ဆောက်ခြင်းအား ကန့်ကွက်ကြောင်း သက်ဆိုင်ရာသို့တင်ပြပေးရန်နှင့် ဒေသခံလူထုများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် အလုပ်အကိုင် ရရှိရေးအတွက် အခြားလူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေသော နည်းပညာများ၊ သင်တန်းကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် အခြားစက်မှုလက်မှုများစီစဉ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းပါသည်။
ဘားအံမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ခြင်းကို ဒေသခံပြည်သူများမှ ကန့်ကွက်ကြောင်းနှင့် ဆင်းရဲမှုလျှော့ချရေး ဒေသခံ ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးစေသော နည်းပညာများ၊ အခြားစက်ရုံအလုပ်ရုံများထားရှိပေးရန်အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်ပြီး စက်မှုဝန်ကြီးဌာနကိုယ်စား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။
မြန်မာနိုင်ငံမှာ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံစုစုပေါင်း ၁၄ ရုံ ရှိပြီး နှစ်စဉ်ပျမ်းမျှ ထုတ်လုပ်မှုအား တန်ချိန် ၂.၈ သန်းခန့်သာရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းလိုအပ်ချက်အတွက် နှစ်စဉ်ပြည်ပမှ ဘိလပ်မြေတန်ချိန် ပျမ်းမျှတန်ချိန် ၂ သန်းခန့် တင်သွင်းရပါတယ်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တည်ဆောက်ရန်ခွင့်ပြုထားတဲ့ ဘိလပ်မြေစက်ရုံ ၉ ရုံ ရှိပါတယ်။ ၎င်းစက်ရုံ များဟာ အစောဆုံး ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်းမှာလည်ပတ်နိုင်ပြီဖြစ်သဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးပါ။ လက်ရှိမှာ ကရင်ပြည်နယ်မှာ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် အောက်ပါကုမ္ပဏီ ၄ ခုမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျှောက်ထားသဖြင့် စိစစ်ဆဲ ဖြစ်ပါတယ်-
(က) ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်မြစ်အနောက်ဘက်ခြမ်းတွင် United Cement ကုမ္ပဏီမှ မိကရင်နှင့်ကျောကရင်တောင်မှ ထုံးကျောက်ကိုအသုံးပြု၍ တစ်နေ့လျှင် တန် ၁၀၀၀ ကျ ဘိလပ်မြေစက်ရုံ၊
(ခ) ကရင်ပြည်နယ်၊ ဘားအံမြို့ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတွင် စိုးနိုင်ဖြိုးကုမ္ပဏီမှ တရုတ်နိုင်ငံ Ji Doung Cement ကုမ္ပဏီ နှင့်အကျိုးတူပူးပေါင်း၍ လေထီးတောင်နှင့် လှိုင်းကလေးတောင်တို့မှ ထုံးကျောက်ကို အသုံးပြု၍ တစ်နေ့လျှင် တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ၊
(ဂ) ကရင်ပြည်နယ်၊ ဘားအံမြို့ သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် Myanmar Nawarat Cement ကုမ္ပဏီမှ တဝမ်ဖန်တရနှင့် နောက်ကပြိုင်ထုံးကျောက်တောင်တို့မှ ထုံးကျောက်ကို အသုံးပြု၍ တစ်နေ့ တန် ၅၀၀၀ ကျ ဘိလပ်မြေစက်ရုံ၊
(ဃ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ သံလွင်မြစ်အရှေ့ဘက်ခြမ်းတွင် Golden High Light Mining ကုမ္ပဏီမှ ကမော့ပေါတောင်နှင့် ပန်းတောမီးတောင်တို့မှ ထုံးကျောက်ကို အသုံးပြုမည့် တစ်နေ့တန် ၆၀၀၀ ကျ ဘိလပ်မြေစက်ရုံ။
အဆိုပါ ဘိလပ်မြေစက်ရုံများ တည်ဆောက်ရေးနှင့်ပတ်သက်၍ စက်မှုဝန်ကြီးဌာန၏ သဘောထားမှတ်ချက်ကို အောက်ဖော်ပြပါအချက်များထည့်သွင်း၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ ပြန်ကြားထားပါတယ်-
(က) အရည်အသွေးမီ ထုံးကျောက်လုံလောက်သော ပမာဏရှိခြင်း၊ အခြားကုန်ကြမ်းများ ဖြစ်သော ရွှံ့စေး၊ သံကျောက်နှင့် ဂေါတန်ကျောက်များအနီးပတ်ဝန်းကျင်တွင် ရရှိနိုင် သဖြင့် လိုအပ်သော ကုန်ကြမ်းများထုတ်လုပ်ခွင့်ကို သတ္တုတွင်းဝန်ကြီးဌာနနှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့တို့မှရယူရန်လိုအပ်ပါသည်။
(ခ) စက်ရုံတည်ဆောက်မည့် မြေနေရာ၊ ကုန်ကြမ်းထုတ်လုပ်မည့် မြေနေရာများနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ သဘောထားကို ပြေလည်စွာရယူထားရန် လိုအပ် ပါသည်။
(ဂ) ဘိလပ်မြေထုတ်လုပ်ခြင်းလုပ်ငန်းသည် လေထုညစ်ညမ်းမှုဖြစ်စေသော လုပ်ငန်း အမျိုး အစားဖြစ်သဖြင့် ထွက်ရှိသော အခိုးအငွေ့နှင့် အမှုန်များသည် ပတ်ဝန်းကျင်ဒေသတွင်း ပျံ့နှံ့ပြီးညစ်ညမ်းမှုမဖြစ်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ကုမ္ပဏီများသည် Environmental Impact Assessment (EIA) နှင့် Social Impact Assessment (SIA) တို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါတယ်။
တစ်ဖက်မှလည်း ဘိလပ်မြေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်မြောင်း၊ တာတမံ၊ လမ်း၊ တံတားစတဲ့ အခြေခံအဆောက်အအုံများ တည်ဆောက်ရေး၊ နေအိမ်များနှင့် ခေတ်မီ အဆောက်အဦများ တည်ဆောက်ရေးမှာ လိုအပ်တဲ့ စက်မှုထုတ်ကုန်ပစ္စည်းဖြစ်ပါသဖြင့် ပြည်တွင်း လိုအပ်ချက်အရ ဆောင်ရွက်ရမည့်လုပ်ငန်းလည်း ဖြစ်နေပါတယ်။ လက်ရှိအခြေအနေမှာ ကရင် ပြည်နယ်၌ ဘားအံစက်မှုဇုန်ကို တည်ထောင်ထားရှိပြီး၊ အထည်ချုပ်လုပ်ငန်း၊ သစ်အခြေခံနှင့် အချောထည်လုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းတို့ကိုသာ ဦးစားပေးလုပ်ကိုင်စေလျက်ရှိပါတယ်။ ထို့အပြင် မြဝတီစက်မှုဇုန်နှင့် ဘုရားသုံးဆူစက်မှုဇုန်တို့ကိုလည်း တည်ဆောက်အကောင်အထည် ဖော်နေပြီးဖြစ်သဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်ပြီး၊ သက်ဆိုင်ရာ ထုတ်လုပ်မှုနည်းပညာများ ရရှိမည်ဖြစ်ပါတယ်။ သို့ပါ၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဟာ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ဒေသတွင်း စက်မှုကဏ္ဍများဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးနိုင်ရေးနှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး တို့ကို ဘက်စုံ၊ ထောင့်စုံမှ လေ့လာသုံးသပ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
ဒေါ်နန်းစေအွာ(ဘားအံမဲဆန္ဒနယ်)။ ။ နောက်ဆက်တွဲအနေနဲ့ ပြည်ထောင်စု ဝန်ကြီးဖြေသွားပါတယ်။ ဒေသခံလူထုတွေ အလုပ်အကိုင်ရရှိဖို့ စက်ရုံအလုပ်ရုံတွေ၊ စက်မှုဇုန်တွေ တည်ဆောက်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခုနက ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဖြစ်တဲ့အတွက် ပြည်သူတို့ရဲ့ဆန္ဒအရ တင်ပြပေးခြင်း ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာ ဘိလပ်မြေစက်ရုံ ၂ ရုံကြောင့် ဒေသခံလူထုတွေရဲ့ လယ်ယာမြေတွေ၊ ပြဿနာတွေ အခက်အခဲများစွာ ရင်ဆိုင်နေကြရပါတယ်။ ဒါကို ပြည်ထောင်စုဝန်ကြီးအနေနဲ့ သိချင်လည်း သိပါလိမ့်မယ်ရှင်။ ဒါပေမယ့် အခုထိ အဲဒီ့ပြဿနာတွေဟာ ရှင်းလို့မရသေးပါဘူးရှင်။ ဒါ့အပြင် ဒေသခံလူထုတွေဟာ ဒီဘိလပ်ွမေစက်ရုံ ၂ ရုံကြောင့် ရှူရှိုက်နေရတဲ့ ဖုန်လုံးတွေဟာ နေ့စဉ်နှင့် အမျှ ပါပဲ။ ဒီဖုန်လုံးတွေကြောင့် အထူးသဖြင့် တီဘီရောဂါခံစားနေကြရပါတယ်။ ဒါကို ပြန်ပြီးတော့ ကုပေး ရပါတယ်ရှင်။ ဒါကြောင့်မို့လို့ အခုလက်ရှိရှိနေတဲ့ စက်ရုံ ၂ ရုံတောင်မှ ဒီလိုမျိုး လူမှုပြဿနာမျိုးစုံ ရင်ဆိုင်နေရတဲ့အချိန်မှာ နောက်ထပ်ဘိလပ်မြေစက်ရုံ ၄ ရုံအတွက် ဘယ်လိုကတိကဝတ် အာမခံတွေ ကို ပေးပြီးတော့ တကယ်လို့ ဒီကတိတွေကို ဖောက်ဖျက်လာမယ်ဆိုရင် ဘယ်လို အရေးယူဆောင်ရွက် လို့ရပါသလဲ။ လူထုကနေပြီးတော့ ရပ်တန့်ပါလို့ ပြောတဲ့အချိန်မှာ ရပ်တန့်ခွင့်ရောရှိပါသလားဆိုတာ ကိုသိချင်ပါတယ်ရှင်။
ဦးမျိုးအောင်(ဒုတိယဝန်ကြီး၊ စက်မှုဝန်ကြီးဌာန) ။ ။ အခုဘိလပ်မြေစက်ရုံတည်ဆောက်ခွင့် အဆိုပြုချက်တွေ ဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြပါတယ်ခင်ဗျား။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နေပြီးတော့ ကျွန်တော်တို့ စက်မှုဝန်ကြီးဌာနကို သဘောထားမှတ်ချက်တောင်းပါတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာအချက်အလက်များနှင့် စောစောကလို အထူးသဖြင့် ဖြစ်နေတဲ့ Environmental ကိစ္စဘာညာမှာ ကျွန်တော်တို့ အလေးအနက်ထားပြီးတော့ သဘောထားမှတ်ချက်တွေ ပေးနေပါတယ်။ အဲဒီတော့ စက်မှုလုပ်ငန်းထူထောင်တဲ့နေရာမှာ ဘိလပ်မြေ စက်ရုံမှ မဟုတ်ပါဘူး။ တစ်ခြားစက်ရုံတွေအဆိုပြုချက်တွေမှာလည်း စောစောကလိုပဲ သူ့စက်ရုံ တည်ဆောက်မှုကြောင့် Environmental ဆိုင်ရာ မလိုလားအပ်တဲ့ Impact တွေ မဖြစ်ပေါ်ရေးနှင့် တစ်ခြား ဒီမြေကိစ္စတို့ ဘာတို့နှင့်ပတ်သက်တဲ့ Social Impact တွေမဖြစ်ပေါ်ရေးကို အဓိက ထားပြီးတော့ ကျွန်တော်တို့ အကြံပြုပေးလျက်ရှိပါတယ်။ အခု ဒီဘိလပ်မြေစက်ရုံတွေမှာတော့ စောစောက ကျွန်တော်တင်ပြသွားတဲ့အထဲမှာပါသလိုပဲ အဓိကကတော့ ဒီဘိလပ်မြေစက်ရုံအတွက် ထုံးကျောက်ထုတ်လုပ်မှု လိုအပ်တဲ့ ရွှံ့ကျောက်၊ ရွှံ့စေး၊ သံကျောက်ပါ ကုန်ကြမ်းထုတ်လုပ်မှုတွေကိုပါ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေပြီး ခွင့်ပြုချက်ချမှတ်ပေးရမှာဖြစ်ပါတယ်။ နောက် ဒီမှာလည်း ကျွန်တော်တို့အနေနဲ့ကတော့ စက်ရုံတည်ဆောက်တဲ့ မြေနေရာနဲ့ အခြားမြေနေရာ နှင့်ပတ်သက်ပြီး ဒေသခံပြည်သူများရဲ့သဘောထားကို ပြေလည်စွာရယူထားရန် လိုအပ်ပါတယ်ဆိုပြီး ကျွန်တော်တို့ တင်ပြထားပါတယ်။ နောက် ထုတ်လုပ်သူတွေအနေနဲ့ကတော့ မိမိတို့တည်ဆောက်မယ့် စက်ရုံပတ်ဝန်းကျင်မှာရှိတဲ့ ဒေသခံပြည်သူတွေရဲ့ သဘောထားကို ရယူပြီးတော့ပဲ ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း ကျွန်တော်တင်ပြအပ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ အခုမေးမြန်းတဲ့ မူလမေးခွန်း၊ ထပ်ဆင့်မေးခွန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ဖြေကြားသွားပါတယ်။ ဖြေကြားတဲ့နေရာမှာလည်း လုပ်ငန်းများမစတင်ခင် EIA, SIA နောက်ပေါ်ပေါက်လာတဲ့ EITI အဖွဲ့အစည်းတွေက လိုအပ်တဲ့ စစ်ဆေးမှုတွေ၊ စူးစမ်းမှုတွေ ပြုပြီးနောက်ပိုင်းမှာ ခွင့်ပြုခြင်း၊ မပြုခြင်းဆိုတာ ဖြစ်မယ်လို့ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်နန်းစေအွာ မေးတဲ့မေးခွန်းကို သက်ဆိုင်ရာဝန်ကြီးက ဖြေတဲ့နေရာမှာ EIA, SIA, EITI အဖွဲ့အစည်း များက ရရှိလာတဲ့ စူးစမ်းလေ့လာမှု အစီရင်ခံစာပေါ်မူတည်ပြီးတော့ ဆက်လုပ်ခြင်း၊ ဆက်မလုပ်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ အဲဒီလို လုပ်လိုက်တဲ့အခါမှာလည်း မူလသဘောတူထားတဲ့အတိုင်း ဖြစ်မလာဘူးဆိုလို့ရှိရင်တော့ စာချုပ်စာတမ်းများပါအတိုင်းပဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် မယ်လို့ ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ဒီမေးခွန်းကိုမေးပေးတဲ့ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာရော၊ ဖြေကြားပေးတဲ့ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးရော လွှတ်တော်အနေနဲ့ ကျေးဇူးတင်ပါတယ်။ သို့ရာတွင် နောက်ပိုင်းဆောင်ရွက်တဲ့အခါမှာလည်း ခုနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ဖို့နဲ့ ဒီလိုဆောင်ရွက်တဲ့နေရာမှာလည်း ဥပဒေနှင့် အညီဖြစ်ဖို့ကိစ္စကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနအပိုင်းကရော၊ ပြည်သူများအပိုင်းကရော လိုက်နာ ဆောင်ရွက်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဆက်ပြီးတော့ မေးခွန်းတစ်ခု မေးဖို့ ဖိတ်ခေါ်ပါ့မယ်။
