မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှုအများဆုံးဒေသအဖြစ် ရှမ်းပြည်နယ် ပါဝင်နေပြီး အထူးသဖြင့် ကွန်ဟိန်းမြို့နယ် လည်းပါဝင်နေသည်ကို တွေ့ရသည့်အတွက် စိတ်မကောင်း ဖြစ်ရပါကြောင်း၊ ကွန်ဟိန်းမြို့နယ်တွင် သက်ဆိုင်ရာများမှ မူးယစ်ဆေးဝါးပပျောက်ရေးစီမံကိန်း ပြုလုပ်သော်လည်း ထိရောက်မှုအလွန်အားနည်း လျက်ရှိနေပါကြောင်း၊ သီးနှံအစားထိုးပေးခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ပညာပေး လှုံ့ဆော်မှုများမရှိသေးသည့် အတွက် ပြည်သူများက များစွာလိုလားတောင့်တလျက်ရှိနေပြီး အဆိုပါစီမံကိန်း ပေါ်ပေါက်စေရန် နိုင်ငံတော်မှ တစ်ပါးတခြားအားကိုးစရာမရှိပါကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးရွားမှုဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် မိဘပြည်သူများက မူးယစ်ဆေးဝါးပပျောက်ရန် လိုလားလျက် ရှိနေပါကြောင်း၊ ထို့ကြောင့် (က) ကွန်ဟိန်းမြို့နယ် တွင် မူးယစ် ဆေးဝါးပပျောက်ရေးစီမံကိန်းကို မည်သို့ဆောင်ရွက်ထားပါသနည်း။ (ခ) ကွန်ဟိန်းမြို့နယ်တွင် သီးနှံအစားထိုးပေးခြင်း၊ ပြန်လည်ထူထောင်ခြင်း နှင့် ပညာပေးလှုံ့ဆော်မှုများပြုလုပ်ပေးရန် အစီအစဉ်ရှိပါသလား။ (ဂ) မရှိပါက အဘယ်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်းစသည့်ဖြင့် မေးမြန်းသွားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက်ကို ၁၉၇၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ ၉ ဖွဲ့၊ တိုင်းဒေသကြီး/ပြည်နယ် /မြို့နယ်အဖွဲ့များကိုပါ သတ်မှတ်ပေးခဲ့ပါတယ်။ မူးယစ်ဗဟိုအဖွဲ့မှာ ဥက္ကဋ္ဌ အဖြစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဝန်ကြီး၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၀ ဦးွဖင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ ပါတယ်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့မှာ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အား အဖွဲ့ဝင် ၁၄ ဦးဖြင့်လည်းကောင်း၊ ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှာ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို အဖွဲ့ဝင် ၂၁ ဦးဖြင့်လည်းကောင်း၊ ၁၉၉၇ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဗဟိုအဖွဲ့နှင့် အဖွဲ့ဝင် ၂၄ ဦး၊ လုပ်ငန်းအဖွဲ့ ၁၃ ဖွဲ့ဖြင့်လည်းကောင်း၊ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှာ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အား အဖွဲ့ဝင် ၂၄ ဦးဖြင့်လည်းကောင်း၊ ၂၀၁၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အား အဖွဲ့ဝင် ၁၉ ဦးဖြင့် လည်းကောင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး မူးယစ်ဗဟိုအဖွဲ့အောက်ရှိ အဖွဲ့ ၁၀ ဖွဲ့ကိုလည်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဟာ ဗျူဟာ ၂ ရပ်ကို ချမှတ်ပြီး နည်းဗျူဟာ ၃ ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ပြည်နယ်အုပ်ချုပ်ရေးမှူးမှလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အတွင်းရေးမှူးအဖြစ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ တွဲဖက်အတွင်းရေးမှူး အဖြစ် တောင်ကြီးမူးယစ်အထူးအဖွဲ့ ကြီးကြပ်သူအရာရှိ သို့မဟုတ် ရဲမှူးဦးစီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး တို့အပါအဝင် အဖွဲ့ဝင် ၇ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို ၁၉၉၉-၂၀၀၀ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ခုနှစ်အထိ ၅ နှစ်စီ သုံးပိုင်းခွဲ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ စီမံကိန်းကာလကုန်ဆုံးမည် ဖြစ်ပါ တယ်။ ၁၅ နှစ်စီမံကိန်းဆောင်ရွက်ရာမှာ ပထမ ၅ နှစ်စီမံကိန်းကို ရှမ်းပြည်နယ်မှာ ၂၂ မြို့နယ်၊ ဒုတိယ ၅ နှစ်စီမံကိန်းကို ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှာ ၂၀ မြို့နယ်နှင့် တတိယ ၅ နှစ်စီမံကိန်းကို ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှာ ၉ မြို့နယ်၊ စုစုပေါင်း ၅၁ မြို့နယ်မှာ ဆောင်ရွက်ခဲ့ပါတယ်။ ကွန်ဟိန်းမြို့နယ်ဟာ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းရဲ့ ပထမ ၅ နှစ်စီမံကိန်း ၁၉၉၉-၂၀၀၀ ခုနှစ်မှ ၂၀၀၃-၂၀၀၄ ခုနှစ်အထိ ပါဝင်တဲ့ စီမံကိန်းဝင်နယ်မြေဖြစ်ပါတယ်။ မူးယစ်ဆေးဝါး ပပျောက်ရေး ၁၅ နှစ်စီမံကိန်းကာလအတွင်း ကွန်ဟိန်းမြို့နယ်မှာ ပထမ ၅ နှစ်ကာလအတွင်း မူးယစ်ဆေးဝါး ၂၆ မှု၊ ဒုတိယ ၅ နှစ်ကာလအတွင်း မူးယစ်ဆေးဝါး ၁၃ မှု၊ တတိယ ၅ နှစ်ကာလ အတွင်း မူးယစ်ဆေးဝါး ၁၆ မှု၊ စုစုပေါင်း ၅၅ မှု ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ပါတယ်။ အစိုးရသစ်ကာလ တားဆီးနှိမ်နင်းရေးအနေဖြင့် ၂၀၁၁ ခုနှစ်မှာ မူးယစ်ဆေးဝါး ၂ မှု၊ တရားခံကျား ၅ ဦးကို စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉ ပြား၊ ဘိန်းစိမ်း ၁၆၉.၃ ဂရမ်၊ ၂၀၁၂ ခုနှစ်မှာ မူးယစ်ဆေးဝါးမှု ၆ မှု၊ တရားခံကျား ၈ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၁ ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၈၀ ပြား၊ ဘိန်းဖြူ ၁၇.၈၃ ဂရမ်၊ ဘိန်းဆီရေ ၁၅၀ မီလီမီတာ၊ ဘိန်းဆီခဲ ၃၆.၃ ဂရမ်၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၃၀ ရက်နေ့ထိ မူးယစ်ဆေးဝါးမှု ၃ မှု၊ တရားခံကျား ၂ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၄ ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၇၅.၅ ပြား၊ ဘိန်းစိမ်း ၄၇၃.၅၅ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိအရေးယူခဲ့ပြီး ဖြစ်ပါတယ်။ ဘိန်းခင်းများ ဖျက်ဆီးမှုအနေနဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်အတွင်းမှာ ၅၃.၇၁ ဧက၊ ၂၀၀၆-၂၀၀၇ ခုနှစ်အတွင်းမှာ ၁၁၂.၁ ဧက၊ ၂၀၀၇-၂၀၀၈ ခုနှစ်အတွင်းမှာ ၃၀ ဧက၊ ၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ၉၀ ဧက၊ ၂၀၀၉-၂၀၁၀ ခုနှစ်အတွင်း ၂၅၁ ဧက၊ ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ၂၅၄.၉၈ ဧက၊ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း ၁၇၂.၄ ဧက၊ ၂၀၁၂-၂၀၁၃ ခုနှစ် ဇွန်လအတွင်း ၈၄.၃ ဧကတို့ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူများပူးပေါင်းပြီး ဖျက်ဆီးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ထောက်ပံ့လမ်းညွှန်မှုနှင့် မူးယစ်ဗဟို၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး (UNOTC)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးကော်မရှင် (NNCC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONBC)နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ကွန်ဟိန်းမြို့နယ်အတွင်း ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးဆောင်ရွက်နိုင်ဖို့အတွက်ကို ၂၀၀၁ ခုနှစ်မှစ၍ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ထိ မူးယစ်ဗဟိုနှင့် ယခင်ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့ရဲ့ ရန်ပုံငွေအစီ အစဉ်ဖြင့် ဘိန်းအစားထိုးသီးနှံများကို ဖြန့်ဝေဆောင်ရွက်ခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရလက်ထက်အတွင်းမှာလည်း အစားထိုးသီးနှံများကိုဖြန့်ဝေခဲ့ရာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်အတွင်း အစားထိုးသီးနှံစိုက်ပျိုးဖို့ ကျေးရွာ ၆ ရွာမှာရှိတဲ့ တောင်သူ ၁၃ ဦးကို ငွေကျပ် ၃၈၉၀၀၀၀ တန်ဖိုးရှိတဲ့ ရိုးရိုးမြေပဲ ၇၇၈ တင်းဖြန့်ဝေပေးခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ် စိုက်ပျိုးရေး ရာသီမှာ မြို့နယ်အစီအစဉ်နှင့် ဝမ်လောကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုတို့မှာ ဘိန်းအစားထိုး သီးနှံဖြစ်တဲ့ ငွေချည်-၆ ဝါမျိုး ၁၀ ဧကစာမျိုးစေ့ကို အခမဲ့စိုက်ပျိုးစေခဲ့ရာ တောင်သူများ နှစ်သက် သဘောကျတဲ့အတွက် နောင်နှစ်များမှာလည်း ငွေချည်-၆ ဝါမျိုးကို ဆက်လက်ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ကွန်ဟိန်းမြို့နယ်မှ မူးယစ်ဆေးဝါးပပျောက်ရေး ပညာပေး လှုံ့ဆော်မှုများအနေနှင့် မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများတားဆီး အန္တရာယ်ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုရေးအသင်းအဖွဲ့များက မြို့နယ်အတွင်း ပညာပေးလှုံ့ဆော်မှု၊ ဟောပြောမှုများကို ၂၅ ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး တက်ရောက်သူ ၁၈၆၇ ဦးရှိပါတယ်။ အခြေခံပညာကျောင်းများမှာလည်း မူးယစ်ဆေးဝါးကင်းရှင်းရေး ဟောပြောမှု များကို ၂၅ ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး ကျောင်းသူကျောင်းသား ၂၃၆၇ ဦး တက်ရောက်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ မူးယစ်ဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၂/၂၀၁၂)မှ မူးယစ်ဆေးဝါးပပျောက်ရေး ၁၅ နှစ်စီမံကိန်းကို နောက်ထပ် ၅ နှစ် တိုးမြှင့်ပြီး ၂၀၁၄-၂၀၁၅ မှ ၂၀၁၈-၂၀၁၉ အထိ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဆုံးဖြတ်ချက် များချမှတ်ခဲ့တဲ့အတွက် ၅ နှစ်စီမံကိန်းမူကြမ်းကို ရေးဆွဲပြုစုလျက်ရှိရာ ရှမ်းပြည်နယ်မှာ ၄၁ မြို့နယ်၊ ကချင်ပြည်နယ်မှာ ၆ မြို့နယ်၊ ကယားပြည်နယ်မှာ ၃ မြို့နယ်နှင့် ချင်းပြည်နယ်မှာ ၂ မြို့နယ်၊ စုစုပေါင်း ၅၂ မြို့နယ်မှာဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ နောက်ထပ် သက်တမ်းတိုးမြှင့် ဆောင်ရွက်တဲ့ ၅ နှစ်စီမံကိန်းမှာ ကွန်ဟိန်းမြို့နယ်အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ၉ မြို့နယ်ပါဝင်ပါတယ်။ သို့ဖြစ်ရာ သီးနှံများအစားထိုးစိုက်ပျိုးရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှလည်းကောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီး ဌာနမှလည်းကောင်း ပညာပေးလှုံ့ဆော်ရေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့မှလည်းကောင်း စီမံကိန်းများအောင်မြင် အောင်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ဖြေကြားပါသည်။
