ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်တဲ့မေးခွန်းတစ်ခုမေးမြန်း လိုပါတယ်။ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း ဘေးရှိ သူဌေးကုန်းကျေးရွာမှ အမြန်လမ်းဘေးမြို့ချောင်းကျေးရွာသို့ဆက်သွယ်ထားသော လမ်းပေါ်ရှိ ကင်းရွာသို့ဆက်သွယ်သော သူဌေးကုန်း-ကင်းရွာလမ်းမှာ အရှည် ၁၀ မိုင် ၂ ဖာလုံခန့်ရှိပြီး ၂၀၀၉-၂၀၁၀ ခုနှစ်တွင် GE တပ်မှ ၁၂ ပေအကျယ် ကျောက်ချောလမ်းအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ယင်းလမ်းဘေးတွင် ကျေးရွာအုပ်စု ၄ အုပ်စု၊ ရွာပေါင်း ၂၀၊ အိမ်ခြေ ၁၇၃၉၊ လူဦးရေ ၁၁၇၇၂ ဦးတို့ မှီတင်းနေထိုင်သွားလာကြပါတယ်။ ယခုအခါတွင် သစ်လုံးတင်ယာဉ်ကြီးများ၊ သစ်ခွဲသားတင် ယာဉ်ကြီးများသွားလာမှုကြောင့် လမ်းပျက်စီးလျက်ရှိရာ သွားလာရေးတွင်ခက်ခဲခြင်း၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများဆောင်ရွက်ရာတွင် အခက်အခဲများရှိနေခြင်းကြောင့် ဤဆက်သွယ်ရေးလမ်းမကြီး ပျက်စီးနေသည်ကို ပြုပြင်ပေးရန်အစီအစဉ်ရှိ။မရှိနှင့် ရှိပါကမည်သည့် အချိန်တွင်ပြုပြင်ပေးမည်။ မရှိပါက မည်သည့်အကြောင်းကြောင့်ဆိုသည်ကိုသိရှိလိုပါသဖြင့် မေးမြန်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီး ဒေါက်တာခင်မောင်ဆွေမှ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးမြန်း ထားတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ သူဌေးကုန်း ကျေးရွာမှ အမြန်လမ်းဘေး မြို့ချောင်းကျေးရွာနဲ့ဆက်သွယ်ထားသော လမ်းပေါ်သို့ ကင်းရွာအထိ ဆက်သွယ်တဲ့လမ်းကို သူဌေးကုန်း-ကင်းရွာလမ်းအားပြုပြင်ပေးရန် အစီအစဉ်ရှိ။မရှိ စပ်လျဉ်းတဲ့ မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်ခင်ဗျား။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီမေးခွန်းကတော့ ဝန်ကြီးဌာနသုံးခုဖြစ်တဲ့ ကျွန်တော်တို့ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနသုံးခုနှင့်ပတ်သက်တဲ့ မေးခွန်းဖြစ်သော်လည်းပဲ ကျွန်တော်တို့ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဖြေဆိုရန်တာဝန်ပေးတဲ့ အတွက် ဝန်ကြီးဌာနသုံးခုကိုယ်စား ကျွန်တော်ရှင်းလင်းဖြေကြားခွင့်ပြုပါခင်ဗျား။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဟာ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၃)လမ်းဆုံကနေစပြီးတော့ မိုင်တိုင်(ဝ/၀) ကနေ ပြီးတော့ မိုင်တိုင်(၈၃/၆) မြို့ချောင်းအထိကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့တာဖြစ်ပါ တယ်။ ထို့အတူပဲ မိုင်တိုင် (၈၃/၆) မြို့ချောင်းကျေးရွာကနေပြီးတော့ မိုင်တိုင် (၁၇၃/၁) သာဂရအထိ ကို ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးအစီအစဉ်နဲ့ ဆောက်လုပ်ခဲ့တာဖြစ် ပါတယ်။ တဖန် မိုင်တိုင် (၁၇၃/၁) ကနေပြီးတော့ (၃၆၆ ။၃) အထိကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းကနေပြီးတော့ ဆောင်ရွက်ခဲ့တဲ့ လမ်းမကြီးဖြစ်ပါတယ်။ ဒီလမ်းမကြီး ဟာ ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလကနေပြီးတော့ စတင်ဖောက်လုပ်ခဲ့ပါတယ်။ ဒီလိုဖောက်လုပ်တဲ့အခါမှာ လည်း ကျွန်တော်တင်ပြခဲ့တဲ့အတိုင်း အပိုင်း ၃ ပိုင်းခွဲပြီးတော့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီမှာ သူဌေးကုန်း-ကင်းရွာလမ်းဟာ ၁၀ မိုင်နှင့် ၂ ဖာလုံရှည်လျားပြီးတော့ ရန်ကုန်-မန္တလေးအမြန်လမ်း ဖောက်လုပ်စဉ်ကာလတုန်းက ဆောက်လုပ်ရေးပစ္စည်းများ လုပ်ငန်းခွင်သို့ လျင်မြန်စွာသယ်ယူ ပို့ဆောင်နိုင်ရန်အတွက် အထောက်အကူပြုလမ်းအဖြစ် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ၎င်းလမ်းအပိုင်းကို ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှာ ကျောက်ချောလမ်း အဖြစ်ဖောက်လုပ်ခဲ့သော်လည်းပဲ မြို့ချောင်းသစ်ဆိပ်နှင့် အမှတ်(၉၁)သစ်စက်တို့မှ သစ်လုံးတင်ယာဉ် များဖြတ်သန်းသွားလာမှုကြောင့် ကျောက်လမ်းပျက်စီးခဲ့ရခြင်းဖြစ်ပါတယ်။ ရန်ကုန်-မန္တလေးအမြန် လမ်းပြီးစီးချိန် ၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာတော့ မြို့ချောင်း-သာဂရအပိုင်းဖြစ်တဲ့ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးက တာဝန်ယူတဲ့အပိုင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းကိုလွှဲပြောင်းပြီးတော့ သူဌေးကုန်း-ကင်းရွာလမ်းအပိုင်းကိုတော့ ကျေးလက် ဒေသဖွံ့ဖြိုးရေးလမ်းအဖြစ် အသုံးပြုပြီး နယ်စပ်ရေးရာဝန်ကြီး ဌာနကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သူဌေးကုန်း-ကင်းရွာလမ်းအား အရှည် ၁၀ မိုင်နှင့် ၂ ဖာလုံ ရှိတဲ့ကျောက်ချောလမ်းခင်းမည်ဆိုပါက ငွေကျပ် ၆၂၀ သန်း ကုန်ကျမှာဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွှံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေကျပ်သန်း ၃၁၀ နဲ့ ကျောက်ချောလမ်း ၅ မိုင် ၁ ဖာလုံအားလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေကျပ်သန်း ၃၁၀ နဲ့ကျောက်ချောလမ်း ၅ မိုင် ၁ ဖာလုံ ကိုလည်းကောင်း၊ စုစုပေါင်း ၁၀ မိုင် ၂ ဖာလုံကို ဆောင်ရွက်ရန်လျာထားလျက်ရှိပါကြောင်း ဖြေကြားပါသည်။
