မိုင်းပန်မြို့နယ် ဟာ အကျယ်အဝန်းအားဖြင့် ၆၀၈၁၀၀ ဧကခန့်ရှိပြီး သစ်တောကြိုးဝိုင်း ငါးခုရှိပါတယ်။ သစ်တော ကြိုးဝိုင်းငါးခုရဲ့ စုစုပေါင်းဧကကတော့ ၄၁၄၅၆၀ ဧက ရှိပြီး တစ်မြို့နယ်လုံး သစ်တောဖုံးလွှမ်းမှုမှာ ၇၀ ရာခိုင်နှုန်း ခန့်ရှိပါတယ်။ ယခုအခါ သစ်တောကြိုးဝိုင်းငါးခုအတွင်းသို့ RCSS ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့နှင့် NGE SSPP ဝါဟိုင်း၊ လွိုင်လိုင်း၊ CD Centaury Dragon၊ တင်မြင့်ရီ စတဲ့သစ်ထုတ်ကုမ္ပဏီများက ကျွန်းနှင့် သစ်မာများထုတ်ယူရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ တရားဝင် ခွင့်ပြုချက်အရ ရောက်ရှိလုပ်ကိုင်ခြင်းနှင့် လာရောက်ကွင်းဆင်းလေ့လာခြင်းများ ပြုလုပ်နေကြပြီ ဖြစ်ပါတယ်။ ယခင်ခေတ်ကာလများကလည်း ဥပဒေနှင့် မညီညွတ်ဘဲ စည်းမဲ့ကမ်းမဲ့ သစ်ခုတ်ခဲ့မှုများ၊ တရားဝင်လုပ်ငန်းလိုင်စင်မရှိဘဲ သစ်ခုတ်ခဲ့ကြသည့် သစ်စက်လုပ်ငန်းရှင်များ နှစ်ကာလကြာ လုပ်ကိုင် လာခဲ့ကြတာကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောပြုန်းတီးမှုများ ပိုမိုဆိုးဝါးလာသည်ကို ပြည်သူ များကအထူးစိုးရိမ်လာကြပါတယ်။ မြို့မိ၊ မြို့ဖများ၊ ဆယ်သူကြီးအဖွဲ့ဝင်များပါဝင်တဲ့ မြို့နယ်လူထု စုစုပေါင်း ၃၅၀ ဦးခန့်ဟာ ၆-၁၀-၂၀၁၂ ရက်နေ့က မိုင်းပန်မြို့ ငွေတောင်ဘုန်းတော်ကြီးကျောင်းမှာ စုပေါင်းဆွေးနွေးခဲ့ကြပြီး သစ်ထုတ်ကုမ္ပဏီများအား ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ အဆိုပါ ကန့်ကွက်ဆွေးနွေးပွဲသို့ မိမိအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးအား ဖိတ်ကြားခဲ့ပြီး မြို့နယ် သစ်တောဦးစီးမှူးနှင့် ဝန်ထမ်း ၂ ဦးတို့က လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ မိမိနှင့် သစ်တောဦးစီးမှူးတို့က ယခုလာရောက်ကြသည့် သစ်ထုတ်ကုမ္ပဏီများမှာ နိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုထားသည့် ကုမ္ပဏီများ ဖြစ်ကြပါကြောင်း သစ်ထုတ်လုပ်ရခြင်းအကြောင်းရင်းနှင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများလည်း ရှိပါကြောင်း အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲမှ ပြည်သူ ၃၅၀ ဦးခန့်က နောက်ဆုံးလက်မှတ်ရေးထိုး အတည်ပြုဆုံးဖြတ်ကြရာ မိုင်းပန် မြို့နယ် ရေဝေရေလဲဒေသဖြစ်သော တောင်ကိုင်းသစ်တောကြိုးဝိုင်း ၁၄၀၈၀ ဧက၊ နမ့်တောင် သစ်တောကြိုးဝိုင်းဒေသ ၁၂၄၀၀၆ ဧကရှိ သစ်တောကြိုးဝိုင်းနှစ်ခုအတွင်းမှာ သစ်ထုတ်လုပ်၍ သစ်ထုတ်လုပ်မည့် ကုမ္ပဏီများအား ကန့်ကွက်ပါကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြပေးကြစေလိုကြောင်း ဆုံးဖြတ်ခဲ့ကြပါသဖြင့် ပြည်သူ့ဆန္ဒအပေါ် အောက်ဖော်ပြပါ မေးခွန်းနှစ်ခုအား မေးမြန်းတင်ပြအပ်ပါတယ်။
(၁) တောင်ကိုင်း သစ်တောကြိုးဝိုင်းနှင့် နမ့်တောင်ကြိုးဝိုင်းအတွင်းလာ၍ သစ်ထုတ်နေသည့် ကုမ္ပဏီများအပေါ် ဆန့်ကျင်ကန့်ကွက်နေကြသည့် ပြည်သူများ၏ဆန္ဒအား ပြည်ထောင်စုအစိုးရက မည်ကဲ့သို့ ဖော်ဆောင်ပေးပါမည်နည်း။ (၂) ပြည်ထောင်စုအစိုးရအဖွဲ့၏ တရားဝင်ခွင့်ပြုချက်ဖြင့် လာရောက်လုပ်ကိုင်နေသည့် သစ်ထုတ်ကုမ္ပဏီများအား မည်ကဲ့သို့ညှိနှိုင်းဖြေရှင်းပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရဲ့ သစ်တောအုပ်ချုပ်လုပ်ကိုင်မှု နှင့် သစ်ထုတ်လုပ်မှုစနစ်များကို ဦးစွာရှင်းလင်း တင်ပြမှာဖြစ်ပါတယ်။ သစ်တောသယံဇာတများ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရေး ရာသီဥတုပြောင်းလဲမှုများနှင့် သဘာဝ ဘေးအန္တရာယ်ကျရောက်မှု လျော့နည်းသက်သာစေရေးတို့အတွက် ထာဝစဉ်တည်တံ့စေမည့် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစနစ် (Sustainable Forest Management) ကိုကျင့်သုံးပြီးသစ်တော များကို စနစ်တကျစီမံအုပ်ချုပ်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုနည်းတူစွာပင် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် တရားဝင်သစ်ထုတ်လုပ်ခွင့်ပြုရာတွင် သစ်တောသယံ ဇာတအရင်းအမြစ်များ ရေရှည်တည်တံ့မှုကို မထိခိုက်စေရန်အတွက် မြန်မာ့ရွေးချယ်ခုတ်လှဲခြင်းစနစ် (Myanmar Selection System- MSS) ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ သဘာဝသစ်တောများ ကိုအပြောင်အရှင်း ခုတ်လှဲခြင်းမပြုဘဲ သစ်မျိုးအလိုက် သတ်မှတ်ထားသည့် လုံးပတ်အရွယ်အစား ပြည့်မီသော အပင်များကိုသာ ရွေးချယ်ခုတ်လှဲခြင်း၊ တစ်ပြိုင်နက်မှာပဲ လုံးပတ်မပြည့်မီသေးတဲ့ အပင်များကို အနာဂတ်ကာလတွင် ထုတ်လုပ်နိုင်ရန်နှင့် ပတ်ဝန်းကျင်အခြေအနေကောင်းများ ပေါ်ပေါက်နိုင်ရန် ချန်ပင်များအဖြစ် စနစ်တကျစာရင်းကောက်ယူ မှတ်တမ်းတင်ခြင်းလုပ်ငန်းစနစ် ဖြစ်ပါတယ်။ သစ်ခုတ်လှဲထုတ်လုပ်ရာတွင် စည်းကမ်းချက်များ အတိအကျပြဋ္ဌာန်းလိုက်နာစေခြင်း၊ ခုတ်လှဲထုတ်ယူမှုကြောင့် အနီးပတ်ဝန်းကျင်ရှိ အပင်များ ထိခိုက်ပျက်စီးပါက သစ်မျိုးအလိုက် ဒဏ်ကြေးငွေများ ပေးဆောင်စေခြင်း၊ ထိုက်သင့်သည့်အရေးယူခြင်း နည်းလမ်းများဖြင့်လည်း ကြပ်မတ် ဆောင်ရွက်လျက် ရှိပါတယ်။ ထိုနည်းတူစွာပင် ခရိုင်အသီးသီးတွင် ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း (Forest Management Plan ) များကို ၁၀ နှစ်ကာလ သက်တမ်းသတ်မှတ်ပြီး နှစ်အလိုက် ထုတ်လုပ်မည့် ကျွန်းနှင့်သစ်မာပမာဏနှင့် ဒေသတို့ကို အတိအကျထည့်သွင်းပြဋ္ဌာန်း ရေးဆွဲထား ပါတယ်။ အဲဒီစီမံကိန်းများကို ၅ နှစ်တစ်ကြိမ် ဆန်းစစ်သုံးသပ်ခြင်း၊ ၁၀ နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင် ရေးဆွဲခြင်းတို့ကိုလည်း ပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ဖော်ပြတဲ့ မိုင်းပန်မြို့နယ်ပါဝင်သော လင်းခေး ခရိုင် သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းကို ၂၀၀၆-၂၀၀၇ ခုနှစ်မှ ၂၀၁၅- ၂၀၁၆ ခုနှစ် အထိ ရေးဆွဲထားပြီး စီမံကိန်းပါသတ်မှတ်ချက်များနှင့်အညီ သစ်ထုတ်လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ပါ တယ်။ ၂၀၁၀ ခုနှစ်မှာကောက်ယူရရှိတဲ့ သစ်တောသယံဇာတများစာရင်းနှင့် ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့မှ လေ့လာဆန်းစစ်ချက်များအရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး ဖော်ပြထား တဲ့ မိုင်းပန်မြို့နယ်ရှိ ကြိုးဝိုင်း၅ ခုမှာ ဧက ၄၁၂၆၇၀ ဧက ရှိပြီးတော့မှ အဲဒီကြိုးဝိုင်း ၅ ခုအတွင်း ရင်စို့လုံးပတ် ၂ပေ နှင့်အထက် ကျွန်းပင် ၅၇၆၇၀၄ ကုဗတန်နှင့် သစ်မာမျိုးစုံ ၁၁၀၄၉၅၉၂ ကုဗတန်ခန့် ထွက်ရှိနိုင်ကြောင်း လေ့လာဆန်းစစ်ရရှိပါတယ်။ အဲဒီအပေါ် အခြေခံပြီးတော့ သစ်တော သယံဇာတ အရင်းအမြစ်များကို စနစ်တကျ စီမံအုပ်ချုပ် ဆောင်ရွက်လျက်ရှိပါတယ်။ မိုင်းပန်မြို့နယ် တောင်ကိုင်းသစ်တောကြိုးဝိုင်းနှင့် နမ့်တောင်းကြိုးဝိုင်းတို့မှာ ကျိုင်းတုံသစ်ထုပ်လုပ်ရေးဒေသ မြန်မာ့ သစ်လုပ်ငန်း၏ သစ်ထုတ်လုပ်ရေး ကွပ်ကွဲမှုနယ်မြေဖြစ်ပြီး RCSS နှင့် တင်မြင့်ရီကုမ္ပဏီများအား ကျွန်းနှင့်သစ်မာ ထုတ်လုပ်ခွင့်ပြုထားပါတယ်။ နမ့်တောင်းကြိုးဝိုင်းအတွင်းမှာ တင်မြင့်ရီကုမ္ပဏီမှ ကျွန်းသစ်များ ခုတ်လှဲထားရှိပြီးဖြစ်သော်လည်း ဒေသခံတို့ရဲ့ကန့်ကွက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်း ထားရှိပါတယ်။ အဆိုပါကြိုးဝိုင်းများမှာ သစ်တောဖုံးလွှမ်းမှု သစ်ပင်ပေါက်ရောက်မှု ကောင်းမွန်ခြင်း၊ ထုတ်လုပ်ခွင့်ပြုသည့် သတ်မှတ်ပမာဏအရ မြန်မာ့သစ်လုပ်ငန်း၏ ကြီးကြပ်မှုဖြင့် စနစ်တကျ သစ်ထုတ်လုပ်ခြင်းတို့ကြောင့် သစ်တောပြုန်းတီးနိုင်မှုမရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ သို့သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများမှ ဖော်ပြထားသည့် ဥပဒေမဲ့၊ စည်းကမ်းမဲ့သစ်ထုတ်လုပ်ခြင်း၊ တရားမဝင်သစ်စက်များ တည်ထောင်လည်ပတ်ခြင်း၊ ရွှေ့ပြောင်း တောင်ယာလုပ်ကိုင်ခြင်း စသည်တို့ကြောင့် သစ်တောပြုန်းတီးမှု ဖြစ်ပေါ်နိုင်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ကာကွယ်ထိန်းသိမ်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
မိုင်းပန်မြို့နယ် တောင်ကိုင်းဒေသကြိုးဝိုင်းနှင့် နမ့်တောင်းကြိုးဝိုင်းများမှာ သစ်ထုတ်လုပ်ခြင်း နှင့် ပတ်သက်လို့ ရှမ်းပြည်နယ် မြန်မာ့သစ်ထုတ်လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာနှင့် တင်မြင့်ရီ ကုမ္ပဏီတို့သည် ၂၆-၁၀-၂၀၁၂ မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီး ၁၁း၃၀ နာရီ တွင် ရှမ်းပြည်နယ်၊ မိုင်းပန်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်းနှင့် တွေ့ဆုံ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ ဒေသခံပြည်သူတို့၏ သဘောဆန္ဒအရ တောင်ကိုင်းကြိုးဝိုင်းတွင် သစ်ထုတ်လုပ်ခြင်းမပြုဘဲ ရေဝေရေလဲဧရိယာနှင့် လွတ်ကင်းသော နမ့်တောင်းကြိုးဝိုင်းအတွင်း သစ်ထုတ်လုပ်ခြင်းကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက် သွားရန်၊ မိုင်းပန်မြို့နယ်၊ မိုင်းဟောင်းချောင်း ပြုပြင်ရေးလုပ်ငန်းကို တင်မြင့်ရီကုမ္ပဏီမှဆောင်ရွက် ပေးရန် ပညာရေး၊ လျှပ်စစ်မီးသွယ်တန်းရေး၊ လမ်းတံတားပြုပြင်ရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များမှာ တင်မြင့်ရီကုမ္ပဏီမှ တတ်အားသရွေ့ ကူညီဆောင်ရွက်ပေးရန်နှင့် ဆောက်လုပ်ရေး၊ စိုက်ပျိုး ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဘိလပ်မြေ၊ ဒီဇယ်ဆီစသည့် ကုန်ပစ္စည်းများသယ်ယူရာတွင် စရိတ်သက်သာစေရန်အတွက် တင်မြင့်ရီကုမ္ပဏီ၏ သစ်သယ်ယာဉ်များဖြင့် စီစဉ်ဆောင်ရွက် ပေးရန် သဘောတူညီမှုများ ရရှိခဲ့ပါတယ်။
သို့ဖြစ်ပါ၍ နိုင်ငံတော်စီးပွားရေးတိုးတက်ဖွံ့ဖြိုးရန်အတွက် တရားဝင်စနစ်တကျ သစ်ထုတ် လုပ်ခွင့်ပြုခြင်းဖြင့် သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိနိုင်ခြင်း၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့သစ်ထုတ်လုပ်ငန်းနှင့် တင်မြင့်ရီ ကုမ္ပဏီတို့ဆွေးနွေးညှိနှိုင်းသဘောတူညီချက် ရရှိပြီးဖြစ်ခြင်းနှင့် ကုမ္ပဏီမှလည်း သစ်ထုတ်လုပ်ရန် ငွေကြေး၊ ယာဉ်ယန္တရားများ စိုက်ထုတ်သုံးစွဲထားပြီး နမ့်တောင်းကြိုးဝိုင်းအတွင်း သစ်ခုတ်လှဲထုတ်လုပ် ဆောင်ရွက်နေပြီဖြစ်ခြင်းတို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြန်မာ့သစ်လုပ်ငန်းနှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ညှိနှိုင်းသဘောတူညီထားသည့်အတိုင်း တောင်ကိုင်း ကြိုးဝိုင်းအတွင်း သစ်ထုတ်လုပ်ခြင်းမပြုတော့ဘဲ နမ့်တောင်းကြိုးဝိုင်းအတွင်း သစ်ထုတ်လုပ်ခြင်းကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် စနစ်တကျ ဆက်လက် ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ပြီး မိုင်းပန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာကုမ္ပဏီများမှ ဆွေးနွေးသဘောတူညီထားသည့်အတိုင်း ဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးရေးကိုလည်း ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
သစ်ခုတ်လှဲထုတ်လုပ်သူများမှ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာ ဆောက်ရွက်ရေး၊ သစ်တောသယံဇာတအရင်းအမြစ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အတွက် ဒေသခံပြည်သူများမှ ယခုကဲ့သို့ပင် ဝိုင်းဝန်းပူပေါင်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း ဖြေကြားပါသည်။
