ယနေ့ နိုင်ငံတော်မှာ တိုးတက်များပြားလာသောလူဦးရေနဲ့အညီ မော်တော်ကား၊ မော်တော်ဆိုင်ကယ် စသည့် စက်တပ်ယာဉ်များမှာလည်း တိုးတက်များပြားလာသည်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ယာဉ် အစီးရေတိုးတက်များပြားလာသည်နဲ့အညီ ယာဉ်မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများမှာလည်း နိုင်ငံ အဝှမ်းမှာ နေ့စဉ်နဲ့အမျှကြားသိခဲ့ရပါတယ်။ သေဆုံးသူများရှိသလို ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါတယ်။ ၎င်းထိခိုက်ဒဏ်ရာရရှိသူများထဲမှ အချို့သည်ဆေးရုံသို့အချိန်မီရောက်ရှိခြင်းမရှိသည့် အတွက် မသေသင့်ပဲသွေးလွန်၍သေဆုံးနေရသည်ကိုလေ့လာသိရှိခဲ့ရပါတယ်။ ထိုသို့ သေဆုံးရခြင်း မှာ ယာဉ်တိုက်မှုဖြစ်ပွားခြင်းဟာ သတင်းပေးနောက်ကျ၍သော်လည်းကောင်း၊ တာဝန်ရှိသူများမှ ယာဉ်ကိုမှတ်တမ်းယူနေ၍သော်လည်းကောင်း၊ မျက်မြင်သက်သေရှာနေ၍သော်လည်းကောင်း အချိန် ကြာမြင့်လျက်ရှိပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာဝန်ထမ်းများအခင်းဖြစ်ပွားသည့် နေရာသို့မရောက် ရှိခင် ယာဉ်တိုက်မှုဖြစ်ပွားသောနေရာမှလူနာများဟာ အချိန်မီနီးစပ်ရာဆေးရုံသို့ တာဝန်သိပြည်သူ များမှ အလျင်အမြန်ပို့ဆောင်ပေးနိုင်ပါက မသေသင့်ဘဲသေဆုံးမှုများလျော့ကျနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း တာဝန်သိပြည်သူများအနေဖြင့် နီးစပ်ရာဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးချင် သော်လည်း ဥပဒေနဲ့ငြိစွန်းမည်ကိုစိုးရိမ်သည့်အတွက် ကူညီပေးနိုင်ခဲ့ခြင်းမရှိသည်ကိုသိရှိခဲ့ရပါတယ်။ ထို့ကြောင့် ယာဉ်မတော်တဆမှုများတွင် တာဝန်သိပြည်သူများမှ အချိန်နဲ့တစ်ပြေးညီ အပြစ် ကင်းရှင်းစွာဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရန်လိုအပ်ချက်များကိုသိရှိထားမည်ဆိုပါက ကူညီဆောင်ရွက် ပေးသည့်ပြည်သူများအတွက်ရော လူနာများအတွက်ပါအကျိုးရှိစေမှာဖြစ်သည့်အတွက် လူနာများအား နီးစပ်ရာဆေးရုံသို့ သက်ဆိုင်ရာမှမရောက်ရှိခင် အလျင်အမြန်ပို့ဆောင်ပေးပါက ဥပဒေနဲ့ငြိစွန်းမှုရှိ၊ မရှိသိရှိလိုပါကြောင်း ဖြေကြားပါသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်တာဝန်များဖြစ်တဲ့ ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးတို့ကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ဖြစ်ပွားတဲ့ယာဉ်တိုက်မှုများကို စုံစမ်းဖော်ထုတ် တရားစွဲတင်ပို့ခြင်းများဆောင်ရွက်လျက်ရှိပါတယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကျင့်သုံးဆောင်ရွက်လျက်ရှိ တဲ့ အပြည်ပြည်ဆိုင်ရာယာဉ်ထိန်းသိမ်းနည်းစနစ် ၅ မျိုးအနက်မှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းမှာ အလွန်အရေးကြီးပြီး ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူများကို အရေးပေါ်ကုသခြင်းနှင့် အချိန်မီဆေးရုံ ကိုပို့ဆောင်ဖို့အရေးကြီးပါတယ်။ အဲ့ဒီလို မပြုလုပ်နိုင်လို့ရှိရင် ပိုမိုဆိုးရွားတဲ့အခြေအနေနဲ့ကြုံတွေ့ရပြီး အသက်အန္တရာယ်ပါ ဆုံးရှုံးနိုင်ပါတယ်။ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ် များမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၁၅၀၃ ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကုန် အထိ ယာဉ်အစီးရေစုစုပေါင်းက ၃၁၉၉၄၈၄ စီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့လူဦးရေ ကသန်း ၆၀ ခန့်ဖြစ်လို့ အချိုးကျမှုက ယာဉ်ထိန်း ၁ ဦး ယာဉ် ၂၄၅၂ စီး၊ လူဦးရေ ၄၅၉၇၇ ယောက် ဖြစ်ပါတယ်။ ယာဉ်မတော်တဆမှုများမှာ တာဝန်သိပြည်သူများက အချိန်နဲ့တစ်ပြေးညီကူညီ စောင့်ရှောက်ဖို့လိုအပ်ပါတယ်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၉ မှာ မိမိရှေ့မှာ ရာဇဝတ်မှု ကျူးလွန်သူကိုတွေ့ရှိပါက ဖမ်းဆီး၍ရဲတပ်ဖွဲ့သို့အပ်နှံနိုင်ပါသည်။ ဖမ်းဆီးပြီးပါက ချက်ချင်းရဲစခန်းသို့ ပို့ရမည်လို့လည်း ပြဋ္ဌာန်းထားပါတယ်။ အဲ့ဒါကြောင့် တင်ပြခဲ့တဲ့ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်း ထားတဲ့အတိုင်း ပြည်သူများမှလည်း တာဝန်သိစွာကူညီဖို့တာဝန်ရှိတာနဲ့အညီ ဆေးရုံဆေးခန်းများကို အချိန်မီပို့ဆောင်ပေးမယ်ဆိုရင် ယာဉ်မတော်တဆဖြစ်ပွားမှုများမှာ ထိခိုက်ဒဏ်ရာရသေဆုံးမှုတွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ ယာဉ်တိုက်မှုများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ပြီး ပေါ့လျော့စွာပြုမူဆောင်ရွက်သူကိုသာ အရေးယူဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပြစ်မှု ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၄၂၊ ၄၄ နှင့် ၅၉ တို့အရဆောင်ရွက်နိုင်ခွင့်များရှိပါတယ်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၅၇၊ ရဲလက်စွဲဒုတိယတွဲအပိုဒ် ၁၆၈၅ အရ ရဲတပ်ဖွဲ့အတွက် စုံထောက် စစ်ဆေးမည့်မှုခင်းဖြစ်ရပ်က အရေးကြီးတဲ့အတွက် မှုခင်းဖြစ်ရပ်မပျက်စီးစေရေး အမှတ်အသားများ မှတ်သားထားရှိပြီး လူနာကို အချိန်မီနီးစပ်ရာဆေးရုံသို့ပို့ပေးပါက ဥပဒေနဲ့ငြိစွန်းမှုရှိမှာ မဟုတ်ပါဘူး။ မိမိကိုယ်တိုင်မဆောင်ရွက်နိုင်ပါကလည်း တာဝန်ရှိတဲ့ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ ကို ဖုန်းနဲ့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ တစ်ဆင့်ဆက်သွယ်လို့ဖြစ်စေ သတင်းပို့ပေးပါက သက်ဆိုင်ရာ တာဝန်ရှိသူများက အချိန်မီသိရှိပြီး ကူညီစောင့်ရှောက်ပေးနိုင်မှာဖြစ်ကြောင်း ဖြေကြားပါသည်။
