(ဃ)-ရန်ကုန်မြို့၊ မန္တလေးမြို့စသော မြို့ကြီးများတွင် မော်တော်ကား အသုံးမပြုရနေ့ တစ်နှစ်တွင် တစ်နေ့ သတ်မှတ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ (၅.၁၁.၂၀၁၂)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အစိုးရဝန်ကြီးဌာနများမှ စွမ်းအင်ချွေတာရေးအတွက် သော်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်သော်လည်းကောင်း အကန့်အသတ ်များဖြင့် မော်တော်ကားအသုံးမပြုရနေ့ တစ်နေ့ထားရှိကြောင်းသိရပါသည်။ ယခုအခါတွင် ကမ္ဘာနဲ့အဝှမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ဆောင်ရွက်ချက်အနေဖြင့် နိုင်ငံ၏မြို့တော်၊ ကားရှုပ်ထွေးသော မြို့ကြီးများတွင် တနင်္ဂနွေနေ့ တစ်ရက်သော်လည်းကောင်း၊ တစ်နှစ်တွင် တစ်ရက် မော်တော်ကားအသုံးမပြုရ Car Free Zone နေ့ တစ်နေ့စတင်စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း ရေဒီယို၊ တီဗွီသတင်းများမှ တစ်ဆင့်ကြားသိမြင် တွေ့နေရပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ရန်ကုန်မြို့၊ မန္တလေးမြို့စသော မြို့ကြီးများတွင် မော်တော်ကားအသုံးမပြုရနေ့ တစ်နှစ်တွင်တစ်နေ့သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုပါတယ်။ အစီအစဉ်မရှိသေးလျှင် မည်ကဲ့သို့ ပြဿနာအခက်အခဲများရှိနေသေးကြောင်းနှင့် မည်သည့်အချိန် ကာလများတွင် ဆောင်ရွက်ရန်ရှိကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်
အဖြေ

ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ယခုအချိန်မှာ စည်းကမ်းပြည့်ဝ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်လာရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်ဖြစ်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ပြီး နိုင်ငံတော်ရဲ့လူမှုစီးပွားရေးဘဝကို လျင်မြန်စွာတိုးတက်လာစေရေးအတွက် စက်ရုံ၊ အလုပ် ရုံများ တိုးချဲ့ဆောက်လုပ်ဆောင်ရွက်နေချိန်ဖြစ်တဲ့အတွက် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချဆောင်ရွက် နေရတဲ့အချိန်ဖြစ်ပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း ရရှိမည့်အကျိုးကျေးဇူးနဲ့ ပေးဆပ်ရမည့်တန်ဖိုးတို့ကိုတွက်ချက်ပြီး Time is money ဆိုတဲ့အတိုင်း ကြိုးစားနေချိန်ဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးများမှာ မော်တော်ကားအသုံးမပြုရနေ့အဖြစ် သတ်မှတ်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။

          Car Free Zone နှင့် ကားမမောင်းရနေ့သတ်မှတ်ရာမှာ လက်တွေ့ကျင့်သုံးနေတဲ့နိုင်ငံများရဲ့ အခက်အခဲများကို သင်ခန်းစာယူရမှာဖြစ်ပါတယ်။ ကားမမောင်းရနေ့မှာ လူမှုရေး၊ စီးပွားရေးနှင့် ပတ်သက်၍ ပြည်သူလူထုရဲ့မသွားမဖြစ်တဲ့ သွားရမယ့်ကိစ္စရပ်များအတွက် ရထားနှင့် အခြားသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများကို အဆင်ပြေအောင် အစိုးရဘက်မှ စီစဉ်ဆောင်ရွက်ပေးရပါတယ်။ ရေကြောင်း၊ လေကြောင်းယာဉ်များနှင့် ရထားသွားလာရေးအဆင်ပြေတဲ့ နိုင်ငံများတွင်သာ အဆင်ပြေ ချောမွေ့တာကိုတွေ့ရှိရပါတယ်။ အချို့နိုင်ငံများမှာ ကိုယ်ပိုင်ကားများကိုသာ မမောင်းရန်သတ်မှတ် ထားပြီး လူထုအတွက် ဘတ်စ်ကားနှင့် အခြားပို့ဆောင်ရေးနည်းလမ်းများကို သီးသန့်အစိုးရကနေ စီစဉ်ပေးရပါတယ်။ အာဆီယံနိုင်ငံများကိုလေ့လာပါက ထိုင်းနိုင်ငံမှာ ဘန်ကောက်နှင့် အခြားမြို့ကြီး များမှာ စက်တင်ဘာ ၂၂ ရက်နှင့် အနီးစပ်ဆုံးသော တနင်္ဂနွေနေ့မှာကျင်းပပြုလုပ်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ စက်တင်ဘာ ၂၂ ရက်နေ့မှာ Car Free Day ဆိုပြီးတော့ ရှေးဟောင်း မြို့တော်ဖြစ်တဲ့ Hoi An မြို့တစ်မြို့တည်းမှာသာ ကျင်းပတာတွေ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဂျာကာတာမြို့တွင် တစ်ပတ်ခြား စနေနေ့တိုင်း မနက် နာရီကနေ မနက် နာရီအထိသာ ကားမမောင်းရအချိန်ဟု သတ်မှတ်ထားတာတွေ့ရပါတယ်။ အခြားအာဆီယံနိုင်ငံများမှာ ကားမမောင်း ရနေ့ကျင်းပတာလုံးဝမတွေ့ရှိရပါ။ မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုကိုထိန်းသိမ်းပေးခြင်း၊ လေထုအတွင်း ညစ်ညမ်းစေသည့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ထွက်ရှိမှုကို ထိန်းသိမ်းပေးခြင်းတို့ အပြင် နိုင်ငံခြားငွေနဲ့ဝယ်ယူတင်သွင်းနေရသည့် ဒီဇယ်၊ ဓာတ်ဆီကုန်ကျမှုကို ချွေတာခြိုးခြံမှုစတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ဆောင်ရွက်လိုသော်လည်းပဲ နိုင်ငံတော်ရဲ့ လူမှုစီးပွားရေးဘဝတိုးတက်မှု ကို ဦးစားပေးဆောင်ရွက်ရမယ့်ကာလဖြစ်နေတဲ့အတွက် ပြည်သူလူထုအတွက် မော်တော်ကားအစား အခြားကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းယာဉ်များနှင့် မီးရထားသွားလာရေးအစီအမံများ အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်တဲ့ အချိန်ရောက်မှသာ စဉ်းစားဆောင်ရွက်ပေးနိုင်မှာဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားပါသည်။