ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးစိုက်ရာ တောင်ကြီးမြို့ကနေပြီးတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော်ဖြစ်တဲ့ လားရှိုးမြို့သို့ကူးလူးဆက်သွယ်ရာမှာ အခြေအနေအရပ်ရပ် ကြောင့် မန္တလေးတိုင်းဒေသကြီးကို ဖြတ်ကျော်ပြီးမှသာလျှင် အဆင်ပြေချောမွေ့တာကိုတွေ့ရှိရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ခရိုင်ပေါင်း ၆ ခရိုင်၊ မြို့နယ် ပေါင်း ၂၃ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၁၁ မြို့ ရှိပြီးတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းနှစ်ခုပေါင်းမှာ ခရိုင်ပေါင်း ၇ ခရိုင်၊ မြို့နယ် ပေါင်း ၃၂ မြို့နယ်၊ မြို့နယ်ခွဲပေါင်း ၁၈ မြို့နယ်ရှိပါတယ်။ ရှမ်းပြည်နယ်မှာ နယ်မြေ အေးချမ်းသာယာရေး အတွက် စုစုပေါင်းစစ်တိုင်းကြီး ၄ တိုင်းနှင့် စစ်တိုင်းမှူး ၄ ဦးရှိပါတယ်။ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ မူးယစ်ဆေးဝါးအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ နေရာဒေသဖြစ်ခြင်း၊ ငြိမ်ချမ်းရေးယူ ထားသော လက်နက်ကိုင်အဖွဲ့အစည်းအများဆုံးရှိသည့် ပြည်နယ်ဖြစ်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ၉ ခုရှိသည့်အနက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းဟာ အဓိကနေရာဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်သမ္မတကြီးရဲ့ကဏ္ဍအသီးသီးကို လျင်မြန်စွာတိုးတက် ပြောင်းလဲစေသော စိတ်ရင်းစေတနာနဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ Reform Strategy ကို ထောက်ခံ အားပေးကူညီသောအားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထပ်မံ၍ ဝန်ကြီးချုပ်တစ်ဦးနှင့် ဝန်ကြီးများ တိုးချဲ့ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိသိလိုပါကြောင်း မေးမြန်းပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၁ မှာ နိုင်ငံတော်စုစည်းမှုကို ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ်လည်းကောင်း၊ ရပ်ကွက်များကိုမြို့ သို့မဟုတ် မြို့နယ်အဖြစ်လည်းကောင်း၊ ကျေးရွာအုပ်စုနှင့် ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်လည်းကောင်း၊ မြို့နယ်များကို ခရိုင်အဖြစ်လည်းကောင်း၊ ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ်စုစည်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်းဖွဲ့စည်းပြီးတော့ အဆိုပါ အစိုးရအဖွဲ့များရဲ့ကွပ်ကဲမှုအောက်မှာလည်း အုပ်ချုပ်ရေးမှူးများကိုအဆင့်ဆင့်ဖွဲ့စည်း၍ အထွေထွေ အုပ်ချုပ်ရေးမှူးများကို အဆင့်အလိုက်ခန့်ထားပေးပြီး အုပ်ချုပ်မှုအာဏာများကို ခွဲဝေပေးကာ တာဝန်ရှိမှုအလိုက် လုပ်ပိုင်ခွင့်များကိုလည်း ပေးအပ်ထားပြီးဖြစ်ပါတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၉ အပိုဒ်ခွဲ(က)မှာ တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ပြည်နယ်ဟာ ခွဲခြားထားပြီးတော့ ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်တို့ဟာ အဆင့်အတန်းတူညီကြသည်လို့ဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၃ မှာ တိုင်းဒေသကြီး ၇ ခုမှာ တိုင်းဒေသကြီးလွှတ်တော်တစ်ရပ်စီနှင့် ပြည်နယ် ၇ ပြည်နယ်မှာလည်းပဲ ပြည်နယ်လွှတ်တော်တစ်ရပ်စီ ရှိကြသည်လို့ဖော်ပြထားတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရှမ်းပြည်နယ်မှာလည်း လွှတ်တော်တစ်ရပ်နှင့် အစိုးရအဖွဲ့တစ်ဖွဲ့သာရှိရမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ ခရိုင် ၁၃ ခု၊ မြို့နယ် ၅၅ မြို့နယ်၊ မြို့နယ်ခွဲ ၂၉ ခု၊ မြို့ ၈၄ မြို့၊ ရပ်ကွက် ၄၉၁ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၆၆ စုနှင့် ကျေးရွာပေါင်း ၁၄၃၅၉ ရွာရှိပါတယ်။ ရှမ်းပြည်နယ် ကိုလည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ စနစ်တကျဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အနေနဲ့ အဆင့်ဆင့်သောတာဝန်ထမ်းဆောင်နေကြတဲ့ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးများဖြင့်သာ လက်ရှိအတိုင်း စနစ်တကျကွပ်ကဲအုပ်ချုပ်သွားရန်ဖြစ်ပါ ကြောင်း ဖြေကြားပါသည်။
