(ဂ)-တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့်အသေးစား လျှပ်စစ် ဓာတ်အားထုတ်လုပ် ဖြန့်ဖြုးရေးလုပ်ငန်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၂၃.၁၀.၂၀၁၂)

[ဦးကြည်သာ၊ ဂွမဲဆန္ဒနယ်ကိုယ်စား ဦးဝင်းမြင့်၊ ပြည်မဲဆန္ဒနယ်မှ မေးမြန်းပါသည်။]

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအ‌ြခေခံဥပဒေဇယား(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေ ပြုစာရင်း ပုဒ်မ ၄ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တောကဏ္ဍ ပုဒ်မခွဲ (က)မှာ ပြည်ထောင်စုက စီမံခန့်ခွဲခွင့်ရှိတဲ့ အကြီးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးမှအပ မဟာဓာတ်အားလိုင်းနဲ့ ဆက်သွယ်ခြင်းမရှိသော တိုင်းဒေသကြီးနဲ့ ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိတဲ့ အလတ်စား၊ အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ပြုလုပ်နိုင်ခွင့်ရှိသည်လို့ပါရှိ ပါတယ်။ ဒါပေမယ့်အလတ်စားနဲ့ အသေးစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှာ မည်သည်‌့ပမာဏရှိပြီး ဥပမာ အသေးစားဆိုလျှင် ၅ မဂ္ဂါဝပ်၊ အလတ်စားဆိုလျှင် ၃၀ မဂ္ဂါဝပ် စသည့် တပ်ဆင်အင်အား စက်ရုံကို ခေါ်ဆိုသည်ဆိုသည့် ဖော်ပြချက်မျိုး ရှင်းလင်းပြတ်သားစွာ သိရှိရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့်ရှိသည့် အလတ်စားနှင့်အသေးစား လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေး လုပ်ငန်းပမာဏများအား နိုင်ငံတော်က မည်ကဲ့သို့သတ်မှတ်ထားသည်ကို သိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦး
အဖြေ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အား စီမံခန့်ခွဲခွင်‌့ရှိသည့် အလတ်စားနှင့် အသေးစားလျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်း၏ ပမာဏကို နိုင်ငံတော်မှ အတိအကျသတ်မှတ်ထားခြင်း မရှိသေးပါ။ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိအ‌ြခေအနေအရ စက်တပ်ဆင်အင်အား ၁၀ မဂ္ဂါဝပ်အောက်ကို အသေးစားဟူ၍ လည်းကောင်း၊ ၁၀ မဂ္ဂါဝပ် မှ ၃၀ မဂ္ဂါဝပ်ကို အလတ်စားနှင့် ၃၀ မဂ္ဂါဝပ်အထက်ကို အကြီးစား လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးခြင်းဟူ၍ သတ်မှတ်သင့်ကြောင်းကို ရေးဆွဲနေဆဲဖြစ်သည့် လျှပ်စစ်ဥပဒေမူကြမ်းတွင် ထည့်သွင်းအဆိုပြုသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။