နေ့စဉ်ထုတ်သတင်းစာများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့်အဆင့်များကို ကွင်းဆင်းဆောင်ရွက်ပေးနေတာကို နေ့စဉ် နေ့တိုင်း မြင်တွေ့နေရပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် လူ့ဘဝ တစ်သက်တာအတွက် ကျွန်တော် အမြဲတမ်းပြောနေတဲ့ အခြေခံအကျဆုံးနှင့် ဦးဆောင်မှု အပေးနိုင်ဆုံး သော ဌာနဖြစ်သည်နှင့်အညီ ပြည်သူများကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ (၁) မိုးပွင့်စီမံကိန်း မဟုတ်ဘဲနှင့် ရုံးတွင်လာရောက်သူ တိုင်းရင်းသားပြည်သူများကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးနိုင်ပါသလား။ (၂) နိုင်ငံသားစိစစ်ရေးကတ်ပြား များ လျှောက်လွှာများကို လျှောက်ထားပါက ရက်ပေါင်းမည်မျှကြာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကို ထုတ်ပေးနိုင်ပါသနည်း။ (၃) လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့်စီမံချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)နှင့်အညီ တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော်ကို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်ရာ မည်သည့်နေရာဒေသမဆို ကွင်းဆင်း၍ ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
လွှတ်တော် ကိုယ်စားလှယ်ကြီး၏ ပထမမေးမြန်းချက်ဖြစ်သည့် စီမံကိန်းဖြစ်သော မိုးပွင့်အဆင့်မဟုတ်ဘဲ ရုံးတွင် လာရောက်သူ တိုင်းရင်းသားပြည်သူများကို သတ်မှတ်နှုန်းထားများနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက်ပေးနိုင်ပါသလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရန် အသက် ၁၀ နှစ်ပြည့်၊ အသက် ၁၈ နှစ်ပြည့် လျှောက်ထားခြင်း အတွက် ၆ ကျပ်၊ အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ နှစ်ပြည့် လဲလှယ်လျှောက်ထားခြင်းအတွက် ၃ ကျပ်၊ ပျက်စီး/ပျောက်ဆုံး မိတ္တူလျှောက်ထားခြင်းအတွက် ၁၀ ကျပ် နိုင်ငံတော်သို့ ပေးသွင်းရန် သတ်မှတ်ထားရှိပါတယ်။ အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်းအတွက် သတ်မှတ် အခကြေးငွေများသည် မိုးပွင့်စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်လည်းကောင်း၊ ရုံးတွင် လာရောက်ဆောင်ရွက်ရာတွင်လည်းကောင်း တစ်ပြေးညီကောက်ခံရန် ၁၉၈၃ ခုနှစ် မြန်မာနိုင်ငံသား ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ သတ်မှတ်ထားရှိသည့် နှုန်းထားများ ဖြစ်ပါတယ်။ နိုင်ငံသား စိစစ်ရေးကတ် လျှောက်ထားလိုသူများအတွက် ကြိုတင်ယူဆောင်လာရန် လိုအပ်သော အထောက် အထားစာရွက်စာတမ်းများနှင့် သတ်မှတ်နှုန်းထားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနရုံးများတွင် ကြေညာထားရှိပြီးဖြစ်သကဲ့သို့ အများပြည်သူများ သိရှိစေရန် အတွက် လက်ကမ်းကြော်ငြာများ ဖြန့်ဝေခြင်း၊ ရပ်ကွက်/ ကျေးရွာအုပ်စု အထွေထွေအုပ်ချုပ်ရေးမှူးရုံး များတွင် ကြော်ငြာထားခြင်းတို့အပြင် မြန်မာ့အသံရုပ်သံလွှင့်ဌာန၊ မြဝတီရုပ်သံလွှင့်ဌာနတို့မှလည်း တွေ့ဆုံ မေးမြန်းခန်းများ အကြိမ်ကြိမ် ထုတ်လွှင့်ပြသခဲ့ပြီးလည်း ဖြစ်ပါတယ်။ သတ်မှတ်နှုန်းထား ထက်ပိုမို ကောက်ခံပါကလည်း အထောက်အထားခိုင်လုံစွာဖြင့် တိုင်ကြားလျှင် ထိရောက်စွာအရေးယူ လျက်ရှိပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မိမိဝန်ကြီးဌာန၏ မိုးပွင့်စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စေတနာကို နားလည်ကြသော ပြည်သူများမှလည်း နိုင်ငံတော်သို့ ပေးသွင်းရမည့်ငွေဖြစ်သည့် ၃ ကျပ်၊ ၆ ကျပ်၊ ၁၀ ကျပ်စသည့် ကျသင့်ငွေများကို တတ်နိုင်သ၍ ဝင်ရောက်လှူဒါန်းပေးမှုများ ရှိနေပါတယ်။ ၎င်းအပြင် မြို့နယ်အများအပြား၌ ယခုလွှတ်တော်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ကိုယ်တိုင်လိုက်ပါ အားပေးကြည့်ရှုမှုများ၊ လှူဒါန်းမှုများ၊ ပံ့ပိုးကူညီမှုများရှိနေသည်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ထိုမျှမက သေးပဲ ယခုအခါ ကရင်ပြည်နယ်ဘက်တွင် INGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NRC (Norwaygain Refugee Council) ပံ့ပိုးကူညီမှုဖြင့် ဓာတ်ပုံရိုက်ခြင်း၊ သွေးစစ်ခြင်း၊ အထောက်အထား မှတ်တမ်းများ မိတ္တူကူးခြင်း၊ နောက်ဆုံးကတ်ပြားအား ပလပ်စတစ်လောင်းပြီးသည့်အထိ လိုအပ်သော လူလုပ်အား၊ စက်ကိရိယာ အကူအညီများဖြင့် One Stop Service ဆောင်ရွက်ပေးနေပါတယ်။ ၎င်းဆောင်ရွက် ပေးမှုမှာ ၂၅၈၉၂ ဦးအား ဆောင်ရွက်ပေးပြီး ဖြစ်ပါတယ်။ ၎င်းအပြင် အခြားနိုင်ငံတကာ အဖွဲ့အစည်း များမှလည်း အလားတူ အခြားပြည်နယ်/တိုင်းဒေသကြီး ၆ ခု၌ ကူညီပံ့ပိုးပေးရန် ကမ်းလှမ်းထားရှိပြီး ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါတယ်။ မိမိဝန်ကြီးဌာနမှ ပြုလုပ်ပေးနေသော မိုးပွင့်စီမံချက်ကို ပြည်သူ အများအပြားမှ ထောက်ခံနေကြပြီး မိမိမြို့နယ်ရုံးများတွင် လာရောက်ဆောင်ရွက်ရာ၌လည်း သတ်မှတ် နှုန်းထားထက် ပိုမိုကောက်ယူနေသည်ဟု မကြားသိရပါ။ သို့ဖြစ်၍ ကွင်းဆင်းရာတွင်လည်းကောင်း၊ ရုံးတွင် လာရောက်လုပ်ရာတွင်လည်းကောင်း သတ်မှတ်နှုန်းထားမှာ တစ်ပြေးညီပင် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒုတိယမေးခွန်းဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်လွှာ လျှောက်ထားပါက ရက်ပေါင်း မည်မျှကြာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးနိုင်မည်နည်းဆိုသည့် မေးခွန်းနှင့်ပတ်သက် ၍ ဖြေကြားရလျှင် တိုင်းရင်းသားစစ်စစ်များသည် လိုအပ်သော အထောက်အထားပြည့်စုံစွာဖြင့် လျှောက်ထားခြင်းဖြစ်ပြီး ကာယကံရှင်မှ ကိုယ်ရေးအချက်အလက်များ ရေးသွင်းခြင်း၊ လက်ဗွေနှိပ်ခြင်း၊ လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ပြီး၍ သက်ဆိုင်ရာ တိုက်နယ်မှူးမှ အမှုတွဲကို စနစ်တကျ တည်ဆောက်ပြီးသည့်အခါ မြို့နယ်ဦးစီးဌာနမှူးအနေဖြင့် လုံလောက်သည့်အချိန်ရရှိပါလျှင် နေ့ချင်း ပြီး ဆောင်ရွက်ရရှိနိုင်သကဲ့သို့ မိဘဘိုးဘွားများ၏ အထောက်အထားများ စုစည်းစိစစ်ရမှုအပေါ် မူတည်လျက် အများဆုံး ၂၈ ရက်အတွင်း အပြီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရုံးတွင် ကြော်ငြာကပ် ကာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သို့သော်လည်း နယ်စပ်ဒေသတွင် နေထိုင်သော တစ်ဖက်နိုင်ငံရှိ လူမျိုးများနှင့် မျိုးနွယ်တူ ရောနှောနိုင်သည့်သူများ၊ နိုင်ငံခြားသွေးနှောများအတွက်မူ ဥပဒေနှင့် ညီစေရန် လိုအပ်သော အထောက်အထားများ ပြည့်စုံစွာပြုစုရသဖြင့် အချက်အလက် အထောက် အထား ပြည့်စုံမှုပေါ်မူတည်၍ ကြာသင့်သလောက် ကြာနိုင်ပါတယ်။ တစ်ဖက်နိုင်ငံရှိ လူမျိုးများနှင့် မျိုးနွယ်တူများ ရောနှောပါဝင်လာနိုင်သဖြင့် မိမိနိုင်ငံဘက်ရှိ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့အစည်း များမှ မိမိနိုင်ငံဘက်မှ တိုင်းရင်းသားမှန်ကန်ကြောင်း ထောက်ခံချက်ပေးရန် အထောက်အထား တစ်ခု ခုဖြင့် ပြုစုဆောင်ရွက်ခဲ့သော်လည်း မှုခင်းရှိ၍ တစ်ဖက်နိုင်ငံမှ ၎င်းတို့နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူပါဟု ပြောဆိုလာမှသာလျှင် သိရှိလာရသဖြင့် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရသည့် သာဓကများလည်း များစွာ ရှိပါတယ်။ မိမိတို့ ယခုပေးသော သာဓကများသည် မည်သည့်နယ်မြေတွင် ဖြစ်ပွားခဲ့သည်ကို ကိုယ်စားလှယ်တော်ကြီး သိရှိပြီးဖြစ်မည်ဟု ထင်ပါတယ်။ သို့ဖြစ်၍ တစ်ဖက်နိုင်ငံမှ နိုင်ငံသားလား၊ မိမိနိုင်ငံတွင် ဘိုးဘွားစဉ်ဆက်နေထိုင်သော တိုင်းရင်းသား မှန်ကန်ရဲ့လား စိစစ်ရန် လိုအပ်သဖြင့် ယခုကဲ့သို့ အချိန်ကြာသင့်သလောက် ကြာရခြင်းဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ် ခင်ဗျား။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တတိယမေးခွန်းဖြစ်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသည် မိုးပွင့်အဆင့် များကို ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)နှင့်အညီ ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများကို မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာတည်ရာ မည်သည့်နေရာဒေသမဆို ကွင်းဆင်း၍ ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားရလျှင် နိုင်ငံသားဖြစ်ခြင်း သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်သော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပထမ ဦးစွာ ပြောကြားလိုပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရာ၌ လိုအပ်သော ဘိုးဘွားမိဘများ ၏ နိုင်ငံသားဖြစ်မှုအခြေအနေကို မိမိရုံးလက်ခံမှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးပြီးမှသာ ဥပဒေနှင့် အညီရသင့်သော ကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးရသည်ဖြစ်၍ မိမိဌာနဝန်ထမ်းများအနေဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရန် တာဝန်မရှိပါ။ ပြည်သူများအနေဖြင့်သာ မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်၍ မြို့နယ်ရုံးများသို့ ကိုယ်တိုင်လာရောက်ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ သို့ပါသော် လည်း မိမိတို့ဝန်ကြီးဌာနသည် လက်ရှိအစိုးရသစ် တာဝန်ယူချိန်မှစ၍ တိုင်းရင်းသားပြည်သူများ၏ တောင်းဆိုချက်အရ မိမိနိုင်ငံသားများအပေါ် စေတနာထားရှိပြီး ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းလုံး ဖြေလျော့ရေးနည်းလမ်းဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေးခြင်း၊ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးရေး၊ မိုးပွင့်စီမံချက်များဖြင့် ဥပဒေနှင့် အညီ အဆင့်ဆင့် ဆောင်ရွက်ပေးလျက်ရှိရာ မိုးပွင့်စီမံချက် အဆင့်(၁) ကို ၁-၇-၂၀၁၁ မှ ၃၁-၁၀-၂၀၁၁ ရက်နေ့အထိ ၄ လတာ ကာလသတ်မှတ်၍ လည်းကောင်း၊ မိုးပွင့် စီမံချက်အဆင့်(၂)ကို ၁-၂-၂၀၁၂ မှ ၃၁-၃-၂၀၁၂ ရက်နေ့ထိ ၂ လတာ ကာလသတ်မှတ်၍ လည်းကောင်း၊ စီမံချက်အဆင့်(၃)ကို ၁-၆-၂၀၁၂ မှ ၃၁-၇-၂၀၁၂ ရက်နေ့ထိ ၂ လတာ ကာလသတ်မှတ်၍လည်းကောင်း ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်၍ စီမံချက်အဆင့်(၄)ကို ၁-၁၀-၂၀၁၂ မှ ၃၁-၁၂-၂၀၁၂ ရက်နေ့ထိ ၃ လတာ ကာလသတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိမိဌာနအနေဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းအား ပြည်သူများအချိန်ကုန်သက်သာစေရန်၊ သွားလာ စားသောက်စရိတ်သက်သာစေရန် ဟူသော စေတနာဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ ကွင်းဆင်းနေသော အစီအစဉ်တွင် လုံခြုံမှုရှိသော ဒေသဖြစ်ပါက သက်ဆိုင်ရာ ကျေးရွာသူ ကျေးရွာ သားများ၏ ဆန္ဒဖြင့် ဝန်ထမ်းများအား ကြို/ပို့ စီစဉ်ပေးခြင်း၊ တည်းခိုစားသောက်ရေးကိစ္စများ စီစဉ် ပေးမည်ဟူသော အချက်များဖြင့် ဖိတ်ခေါ်လျှင် စီမံချက်ကာလအတွင်းသာမက စီမံချက်ပြင်ပတွင် လည်း မည်သည့်ဒေသတွင်မဆို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာဖြင့် ပြန်လည်ဖြေကြားပါသည်။
