(ဃ)-အဆင့်မြင့်တက္ကသိုလ်များ ပြုပြင်ပြောင်းလဲရာတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်များ(လှိုင်နယ်မြေ)အား အကျိုးရှိစွာ အသုံးပြုမည့် အစီအစဉ်များနှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ (၉.၁၁.၂၀၁၂)

ရန်ကုန်တက္ကသိုလ်(လှိုင်နယ်‌ြမေ)ကို ၁၉၇၀ လောက်မှာ တက္ကသိုလ်ကြီး တစ်ခု အသစ်ကြီး တည်ဆောက်ပါတယ်။ နိုင်ငံခြားအကူအညီနဲ့ အဲဒီတက္ကသိုလ်ကြီးက စာသင်ဆောင် တွေလည်းပဲ ပြည့်စုံပါတယ်။ စာသင်ခန်းမကြီးလည်း Theatre တွေလည်းပါတယ်။ အားကစားရုံကြီး လည်း ပါပါတယ်။ နောက်အဆောင်တွေလည်းပါပါတယ်။ ဆရာတွေနေမယ့် ဝန်ထမ်းအိမ်ရာတွေလည်း ပါပါတယ်။ နိုင်ငံတကာအဆင့်မီ Campus ကြီးတစ်ခုအနေနဲ့ တည်ဆောက်ခဲ့ပါတယ်။ အဲဒီခေတ်တုန်း က ရန်ကုန်တက္ကသိုလ်ပြီးရင်နောက် ကျွန်တော်တို့ ပြည်လမ်းမှာရှိတဲ့ အခု ဆေးတက္ကသိုလ်ယူထားတဲ့ လိပ်ခုံးလို့ခေါ်တဲ့ အဆောက်အဦကြီးပြီးရင် နောက် ကြို့ကုန်းမှာတည်တဲ့ စက်မှုတက္ကသိုလ်ကြီးပြီးရင် ဒီလှိုင် Campus က တက္ကသိုလ်ကြီးဟာ ခေတ်အမီဆုံး ဖြစ်ပါတယ်။ အဲဒီတက္ကသိုလ်ကြီး ပြီးသွားတဲ့ အခါကျ‌တော့ ကျွန်တော်တို့ သီးခြားတက္ကသိုလ်တစ်ခုအနေနဲ့ မလုပ်တော့ဘဲနဲ့ ရန်ကုန်တက္ကသိုလ် အောက်မှာ လွှဲပေးလိုက်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီလှိုင်နယ်‌ြမေက အဆောက်အဦတွေကို ကျွန်တော်တို့ Natural Science Campus လုပ်ပြီးတော့ ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမနှစ်၊ ဒုတိယနှစ် Science သင်တန်းတွေကို စပြီးတော့ ကျွန်တော်တို့ ဖွင့်လှစ်ပါတယ်။ အဲဒီက ကျောင်းသား တွေဟာ ဒီနေ့အထိ  ဒီနယ်‌ြမေကို သူတို့ ခုံခုံမင်မင်နဲ့ လွမ်းဆွတ်နေတာ သိနိုင်ပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ပညာရေးစနစ်တွေ ပြောင်းသွားတဲ့အခါကျတော့  ဒီလှိုင် Campus ကြီးကို ကျွန်တော်တို့ ဒေသကောလိပ်အဖြစ် ပြောင်းလိုက်ပါတယ်။ ဒေသကောလိပ်အဖြစ် ပြောင်းပြီးတော့ ဒေသကောလိပ်တွေ ရပ်ဆိုင်းသွားတဲ့အခါကျတော့ ရန်ကုန်တက္ကသိုလ်ကို ပြန်ပေးပြီးတော့ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်‌ြမေ)ဆိုပြီးတော့ ကျွန်တော်တို့ ပထမနှစ်၊ ဒုတိယနှစ်သင်တန်းတွေ ပြန်ဖွင့်ပါတယ်။ အဲဒီအချိန်မှာ ဒီလှိုင်နယ်‌ြမေထဲမှာရှိတဲ့ ကျောင်းဆောင်တွေ၊ အဆောက်အဦတွေ တချို့ဟာ ကျွန်တော် တို့ စက်မှုတက္ကသိုလ်က ကျောင်းဆောင်များအဖြစ်၊ စီးပွားရေးတက္ကသိုလ်က ကျောင်းဆောင်များအဖြစ်၊ ကွန်ပျူတာတက္ကသိုလ်စထောင်တုန်းကလည်း အဲဒီမှာ ကွန်ပျူတာတက္ကသိုလ်အဖြစ် နေရာတွေခွဲပြီး တော့ ကျွန်တော်တို့ ပေးခဲ့ပါတယ်။ တစ်နည်းအားဖြင့် လှိုင် Campus ဟာ Fragment အပိုင်းအစ လေးတွေ ဖြစ်သွားပါတယ်။ အဲဒီနောက် ကျွန်တော်တို့ ပထမနှစ်၊ ဒုတိယနှစ်သင်တန်းတွေ ရန်ကုန် တက္ကသိုလ်က ရပ်ဆိုင်းလိုက်တဲ့အခါကျတော့ လှိုင်နယ်‌ြမေက သင်တန်းတွေ ကျွန်တော်တို့ ရပ်လိုက်ရ ပြီးတော့ အဲဒီသင်တန်းမှာရှိတဲ့ ကျောင်းသားတွေအားလုံးကို ရန်ကုန်မှာဖွင့်ထားတဲ့ ဒဂုံတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပြောင်းရွှေ့ပေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာ ဒီလှိုင်နယ်‌ြမေကြီးဟာ ကျွန်တော်တို့ စာသင်ခန်းတွေရော၊ Lab တွေရော၊ Theatre တွေရောဟာ အသုံးမပြုနိုင်တော့ဘဲနဲ့ ဒီအတိုင်းရှိပါတယ်။ ကျောင်းဆောင်တွေလည်း ဒီအတိုင်းပါပဲ။ ဟိုတုန်းကတော့ ကျွန်တော်တို့ ပညာရေးဝန်ကြီးအောက်မှာ စက်မှုတက္ကသိုလ်လည်း ရှိတယ်။ စီးပွားရေးတက္ကသိုလ်လည်း ရှိတဲ့အတွက်ကြောင့် အဲဒီက ကျောင်းသားတွေက အကုန်လုံး လှိုင်နယ်မြေ ထဲမှာ ကျောင်းဆောင်တွေမှာ ကျောင်းဆောင်တွေ အများကြီး ရှိပါတယ်။ သူတို့ ကျောင်းဆောင်နေခွင့် ရခဲ့ပါတယ်။ တစ်နည်းအားဖြင့် Campus Life အဲဒီမှာ ရရှိပါတယ်။ ဒီနေ့အခါမှာတော့ အဲဒီလှိုင် Campus ဟာ Campus Life ပျောက်သွားပြီးတော့ အဆောင်တွေဟာလည်း စာသင်ခန်းတွေ မပျက်စီးဖို့ ကျွန်တော်တို့ ပညာရေးတက္ကသိုလ်အောက်မှာ ရှိတဲ့ ပညာရေးလေ့ကျင့်ရေးကျောင်းပေါ့။ အဲဒီကျောင်းရဲ့ စာသင်ကျောင်းလေးတွေအဖြစ် တချို့ပေးထားပါတယ်။ ဒီနေ့ လှိုင် Campus မှာ ရပ်တည်နေတဲ့အခြေအနေဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးကို ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အသိပေးတင်ပြလိုပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေဟာ နေရာကောင်း ပါတယ်။ Campus လုပ်နိုင်တဲ့ နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ လုပ်နိုင်တဲ့တက္ကသိုလ်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဘာတွေအားနည်းနေလဲဆိုတော့ Campus ရှိပါလျက်နဲ့ Campus Life အသက်ဝင်လှုပ်ရှားနိုင်ဖို့ ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ အားနည်းပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ တက္ကသိုလ်တက်တဲ့ကျောင်းသားတွေဟာ Campus Life သဘာဝကိုတောင်မသိဘဲနဲ့ ဘယ်လို Campus Life သဘာဝကို ခံစားရမယ်ဆိုတာလည်း မသိဘူး ဖြစ်နေတယ်။ ဒီနေ့ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲမှုတွေ ပညာရေးအဆင့် မြှင့်တင်မှုတွေ လုပ်တဲ့နေရာမှာ အဓိက အကျဆုံးကတော့ Campus Life ကို ပြန်လည်ပြီးတော့ အသက်သွင်းပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီနေ့ ကျွန်တော်တို့ ပညာရေးပြုပြင်ပြောင်းလဲမှုလုပ်တဲ့နေရာမှာ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းပဲ ဖြစ်ပါတယ်။ တက္ကသိုလ်တွေရဲ့ Campus Life ကို ကျွန်တော်တို့ ပြန်လည်ပြီးတော့ အသက်သွင်းပေးဖို့ ဖြစ်ပါတယ်။ အခု ကျွန်တော်ဒီတက္ကသိုလ်များ (လှိုင်နယ်မြေ)ကို ကျွန်တော်တင်စားပြီးတော့ မေးခွန်းမေး ရခြင်းရဲ့ ရည်ရွယ်ချက်ဟာ တက္ကသိုလ်များအားလုံးအတွက်လည်း ကျွန်တော်ရည်ရွယ်ပြီးတော့ မေးခြင်းဖြစ်ပါ တယ်။ ဒီလှိုင် Campus Life ဟာ နိုင်ငံတကာမှာ ထင်ရှားပြီးတော့ သာယာလှပတဲ့ နေရာတစ်ခု ဖြစ်ပါလျက်နဲ့ ဒီနယ်မြေကောင်းကို ကျွန်တော်တို့ Campus Life အဖြစ် အသုံးမပြုဘဲထားနေခြင်း ဟာ ပညာရေးအဆင့်မြှင်‌့တင်ဆောင်ရွက်မှုမှာ ဆုံးရှုံးမှုတစ်ရပ် ဖြစ်တယ်လို့ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ကျွန်တော်မေးမယ့် မေးခွန်းဟာ ဒီနေ့ နိုင်ငံတကာကကော ကျွန်တော်တို့ တစ်ပြည်လုံးကကော မျှော်လင်‌့နေတဲ့ အဆင့်မြင်‌့ပညာတက္ကသိုလ်များ ပညာပြုပြင်ပြောင်းလဲရေး အဆင်‌့မြှင့်တင်လုပ်တဲ့နေရာမှာ Campus Life ပြန်လည်ထွန်းကားစေရေးအတွက် ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်များ (လှိုင်နယ်‌ြမေ)ကို ဘယ်လိုအကျိုးရှိစွာဖြင့် အသုံးပြုဆောင်ရွက်မယ်ဆိုတာ စီစဉ် ဆောင်ရွက်ထားမှု ရှိ၊ မရှိ။ ရှိပါကလည်း မည်ကဲ့သို့ ဆောင်ရွက်ထားပြီး ကျွန်တော်တို့ သိရှိရေးအတွက် မေးမြန်းပါသည်။ 


 

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဘရွှေ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

အဆင့်မြင်‌့ပညာကဏ္ဍမှာရှိတဲ့ တက္ကသိုလ်များကို ယနေ့အခါမှာ အာဆီယံ ဒေသနိုင်ငံများရဲ့ ပညာရေးအဆင့်အတန်း ထိုမှတစ်ဆင့် နိုင်ငံတကာထိပ်တန်း တက္ကသိုလ်ကြီးများရဲ့ ပညာရေးအဆင့်အတန်းနဲ့ တန်းတူရှိလာစေဖို့အတွက် လက်ရှိတက္ကသိုလ်ကြီးများကို အဆင့်မြင်‌့ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်နည်းတူ ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းတဲ့ တက္ကသိုလ်ပညာရေးဥပဒေ၊ ကိုယ်ပိုင်တက္ကသိုလ်မှတ်ပုံတင်ဥပဒေများနှင့်အညီ ဖွဲ့စည်း ပေါ်ပေါက်လာမယ့် တက္ကသိုလ်များနှင့် အဆင့်မြင်‌့ပညာရေးအသိုင်းအဝိုင်းများကို မျှော်မှန်းလျက် ကြိုတင်ပြင်ဆင်ရန် လိုအပ်သည့်အပိုင်း ကဏ္ဍများကိုလည်း နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ ပညာရှင်ကြီးများ၊ State Holder များ အားလုံး ဆွေးနွေးညှိနှိုင်းရှာဖွေဖော်ထုတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို အဆင့်မြင့်တက္ကသိုလ်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ မှာ ရန်ကုန်မြို့ရှိတက္ကသိုလ်များ (လှိုင်နယ်မြေ)ကို အကျိုးရှိစွာ အသုံးပြုနိုင်မယ့် အစီအစဉ်များကို လည်းပဲ စဉ်ဆက်မပြတ်ဆောင်ရွက်ထားရှိပါကြောင်း တင်ပြအပ်ပါတယ်။ ယခုအခါမှာ တက္ကသိုလ်များ (လှိုင်နယ်‌ြမေ)အတွင်းမှာရှိတဲ့  ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်‌ြမေ)မှာ ၁၉၉၈ ခုနှစ်က စပြီး တော့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းဖြစ်တဲ့ လက်မှတ်ရသင်တန်းများ၊ ဒီပလိုမာသင်တန်း များ၊ အဆင့်မြင်‌့ဒီပလိုမာသင်တန်းများ၊ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး တော့ စီးပွားရေးတက္ကသိုလ် ပတ္တမြားဆောင်မှာတော့ စီးပွားရေးလုပ်ငန်း၊ စီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်း MBA သင်တန်းကို နေ့သင်တန်း၊ ညနေပိုင်းသင်တန်းများအဖြစ် စီစဉ်ဖွင့်လှစ်ပို့ချသင်ကြားပေးလျက် ရှိပါတယ်။ အလားတူပဲ တက္ကသိုလ်များ (လှိုင်နယ်မြေ)အတွင်းမှာရှိတဲ့ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဌာန မှာ ဘွဲ့လွန်အသုံးချဘူမိဗေဒဌာန  Development Applied Geology သင်တန်းကို ဖွင့်လှစ်ပို့ချ လျက်ရှိတဲ့အပြင် ဘူမိဗေဒဆိုင်ရာသုတေသနလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ အလားတူပဲ တက္ကသိုလ်များ (လှိုင်နယ်မြေ)များအတွင်းမှာရှိတဲ့ သိပ္ပံပစ္စည်းအလုပ်ရုံမှာ သစ်သားဌာနစု၊ ပလပ်စတစ်ဌာနစု၊ အလင်းရောင်ဆိုင်ရာဌာနစု၊ ဟန်ဒယ်ဌာနစု၊ လျှပ်စစ်ဌာနစု၊ အရောင်တင်ဌာနစု၊ စက်မှုဌာနစု၊ ပစ္စည်းဝယ်ဖြန့်ဌာနစုနဲ့ သုတေသနနဲ့ အရည်အသွေးစိစစ်ရေးဌာနစုများကို ဖွဲ့စည်း ထားရှိပြီးတော့ တက္ကသိုလ်ဒီဂရီကောလိပ်များမှာ လိုအပ်တဲ့ သိပ္ပံလက်တွေ့ခန်းသုံးပစ္စည်းများကို ထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ အလားတူပဲတက္ကသိုလ်များ (လှိုင်နယ်‌ြမေ)အတွင်းမှာရှိတဲ့ ရန်ကုန် စီးပွားရေးတက္ကသိုလ်(လှိုင်နယ်‌ြမေ)မှာ MREDC မြန်မာ-အိန္ဒိယစီးပွားရေး စွမ်းဆောင်မှု ဖွံ့ဖြိုးရေးပညာသင်တန်းဌာနကို IAI အစီအစဉ်အရ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် India နိုင်ငံ (EDII)တို့နှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး တော့ စီးပွားရေးနှင့်စီမံခန့်ခွဲရေးဆိုင်ရာ လေ့ကျင်‌့သင်တန်းပေးမှု အစီအစဉ်များ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလားတူပဲ သိပ္ပံနှင့်    နည်းပညာဝန်ကြီးဌာနနဲ့ အိန္ဒိယနိုင်ငံ Center for Development of Advance Computing တို့ပူးပေါင်းပြီးတော့ ကွန်ပျူတာတက္ကသိုလ် (လှိုင်နယ်‌ြမေ)၌ အိန္ဒိယ-မြန်မာ Center for Advancement of Information Technology Skills (INCEITS) သင်တန်းဌာနကို ဖွင့်လှစ်ထားပြီးတော့ နည်းပညာဆိုင်ရာ လေ့ကျင်‌့သင်တန်းပေးမှုအစီအစဉ်များ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလားတူပဲ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ JACA တို့ ပူးပေါင်းပြီးတော့ ကွန်ပျူတာတက္ကသိုလ် (လှိုင်နယ်မြေ)မှာ သတင်းအချက်အလက်နှင့်ဆက်သွယ်မှု နည်းပညာဆိုင်ရာ သင်တန်း(လှိုင်နယ်မြေ)ကို ဖွင့်လှစ်ထားရှိပြီးတော့ နည်းပညာဆိုင်ရာလေ့ကျင့် သင်ကြားပေးမှု အစီအစဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ တက္ကသိုလ်များ (လှိုင်နယ်မြေ) အတွင်းမှာရှိတဲ့ အဆောင်တွေ၊ လေးထပ်တိုက်တွေ၊ ငါးထပ်တိုက်  ၁၂ ခန်းတွဲနဲ့  လုံးချင်းအိမ်ရာများကို ခွင့်ပြုရန်ပုံငွေ သတ်မှတ်ချက်နဲ့အညီ မွမ်းမံမြှင့်တင်ပြီးတော့ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများကို နေထိုင်ရေး အတွက် နေရာချထားစီစဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။ တက္ကသိုလ်များ (လှိုင်နယ်မြေ) အတွင်းမှာ ရှိတဲ့ ယခင်ကျောင်းဆောင်များဖြစ်တဲ့ အုန်းတောဆောင်မှာတော့ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် များအဖွဲ့ရဲ့ ရုံးအဖြစ်လည်းကောင်း၊ မေခဆောင်နဲ့ ဇွဲကပင်ဆောင်ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရုံး အဖြစ်လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင်‌့ရေးအထက်တန်းကျောင်းမှာ ကျောင်းသားများလာတဲ့အတွက် ဒီလှိုင်နယ်မြေမှာရှိတဲ့ သုံးထပ်စာသင်ဆောင် ၂ ဆောင်၊ တစ်ထပ်စာသင်ဆောင် ၁၆ ဆောင်နှင့် လူဦးရေ ၃၀၀ ဆံ့ Theatre ၇ ခန်း တို့ကိုလည်း လက်ရှိအသုံးပြုလျက်ရှိပါတယ်။ ပညာရေးဝန်ကြီးဌာနဟာ အမျိုးသား ပညာရည်မြင့်မားရေးအတွက် ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ နှစ် ၃၀ နှစ်ရှည် စီမံကိန်းကို ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိတဲ့အပြင် ယခုအခါ ၂၀၁၁-၂၀၁၂ မှ ၂၀၃၀-၂၀၃၁ အထိ ရေးဆွဲချမှတ်အကောင်အထည်ဖော်လျက်ရှိတဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ အဆင့်မြင့်ပညာကဏ္ဍရဲ့ ဆောင်ရွက်ရမယ့်လုပ်ငန်း အစီအစဉ်များတွင် တက္ကသိုလ်ပညာရပ်ဝန်းကျင်ကောင်း ဖန်တီးရေးဆိုင်ရာလုပ်ငန်း အစီအစဉ်တစ်ခု ပါဝင်ပါတယ်။ ဒီအစီအစဉ်အရ စာသင်ခန်းများ၊ စာသင်ဆောင်များ ဖြည့်ဆည်းတည်ဆောက်ပေးခြင်း၊ တက္ကသိုလ် အလိုက် လိုအပ်တဲ့ပညာရပ်ဝန်းကျင်ကောင်း အခြေခံအဆောက်အဦများ၊ ပြတိုက်၊ အားကစားရုံ၊ အားကစားကွင်း၊ ဆေးရုံ၊ စာတိုက်၊ အပန်းဖြေရိပ်သာ၊ ဘက်စုံသုံးခန်းမ ဒါတွေကို ဆောက်လုပ်ပေးရန် Facility များကို ဖြည့်ဆည်းပေးရန်အတွက် တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာမှာ တက္ကသိုလ်များ (လှိုင်နယ်မြေ) ကိုလည်းပဲ အဆင့်မြင်‌့တက္ကသိုလ်ပညာရေး ပြုပြင်ပြောင်းလဲမှုပြုရာမှာ အကျိုးရှိစွာအသုံးပြုမည့် အစီအစဉ်များကို ယခုထက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။