(ဈ)-ပညာရေး ဝန်ကြီးဌာန၏ ကြယ်ပွင့်ပြ မေးခွန်း အပေါ် ပြန်လည် ဖြေကြားချက်များအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေတွင် ပါဝင်မှု မရှိခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂.၇.၂၀၁၃)

ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့သော နမ့်စန်မြို့နယ် ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁) ကျေးရွာအခြေခံပညာ မူလတန်းကျောင်းသည် ကျောင်းဥပတိရုပ် မကောင်းပါသဖြင့် ပြုပြင်ပေးနိုင်ရန် သို့မဟုတ် အသစ်တည်ဆောက်ပေးရန် မေးမြန်းခဲ့သည့်မေးခွန်းအပေါ် ပညာရေးဝန်ကြီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းတွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ရာ ယင်းဖြေကြားချက်မှာ မိမိမေးမြန်းချက်ဖြင့် အနည်းငယ် ကွဲလွဲနေပါကြောင်း၊  မိမိမေးမြန်းထားသည်မှာ ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁) ကျေးရွာအခြေခံမူလတန်းကျောင်း ဖြစ်ပြီး ဝန်ကြီးဌာန၏ ဖြေကြားချက်မှာ ဝမ်ပုံကျေးရွာအုပ်စု အမှတ်(၁) ကျေးရွာ ဝမ်ပုံအခြေခံပညာ မူလတန်းကျောင်းအဖြစ် ဖြေကြားထားရာ အမှတ်(၁)ကျေးရွာတွင် ဝမ်ပုံအခြေခံပညာ မူလတန်းကျောင်း မရှိပါကြောင်း၊ ဝမ်ပုံကျေးရွာအုပ်စု ဝမ်ပုံကျေးရွာတွင်သာလျင် အခြေခံပညာ မူလတန်းကျောင်း ရှိပါကြောင်း၊ ထို့အတွက်ကြောင့် ဝန်ကြီး၏အဖြေမှာ မိမိမေးမြန်းခဲ့သည့် ဝမ်းပုံကျေးရွာအုပ်စု အမှတ်(၁)ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းကို ပြန်လည်ဖြေကြားပေးထားခြင်းအဖြစ် ယူဆပြီး ဤမေးခွန်းအား မေးမြန်းရခြင်း ဖြစ်ပါကြောင်း။

ဒုတိယအချက်အနေဖြင့် နမ့်စန်မြို့နယ် မြို့မ အထက်တန်းကျောင်းတွင် လိုအပ်နေသော သိပ္ပံဓာတ်ခွဲ ခန်းနှင့် လက်တွေ့ခန်းအတွက် ပေ ၉၀ ×  ပေ ၃၀ အုတ်ညှပ် နှစ်ထပ်ကျောင်းဆောင်အဖြစ် တင်ပြ မေးမြန်းထားရာ ယင်းဖြေကြားချက်အပေါ် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပြန်လည်ဖြေကြားခဲ့သည်မှာ နမ့်စန်မြို့နယ် မြို့မအခြေခံပညာ အထက်တန်းကျောင်းအတွက် လိုအပ်နေသော ကျောင်းစာကြည့်တိုက်၊ သိပ္ပံလက်တွေ့ခန်း အတွက် ပေ ၉၀ ×  ပေ ၃၀ အုတ်ညှပ်နှစ်ထပ် အဆောက်အဦဆောက်လုပ်ရန် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းထဲတွင် လျာထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့ရာ ယင်းဖြေကြားချက်မှာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဘဏ္ဍာရေး စာအုပ်တွင် ထည်‌့သွင်းဖော်ပြထားခြင်းမရှိပါကြောင်း၊ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မေးမြန်းကြရာ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဖြေကြားချက် ကတိကဝတ်များကို ပြည်သူများအပေါ်မှာ ပြန်လည်ရှင်းလင်းတင်ပြရာ ပြည်သူများအနေဖြင့် ဝမ်းသာပီတိ ဖြစ်ရပါကြောင်း၊ သို့သော် ယခုကဲ့သို့ ဝန်ကြီးဌာန၏ ဖြေကြားချက်များ ကို ပြည်သူများအပေါ် ပြန်လည်ရှင်းပြပြီးမှ  ငွေလုံးငွေရင်းဘဏ္ဍာငွေထဲတွင် ထည့်သွင်းထားခြင်းမရှိပါ က ပြည်သူများအနေဖြင့် မိမိတို့လွှတ်တော်ကိုသာမက၊ အစိုးရအဖွဲ့ကိုလည်း ယုံကြည်မှုကင်းမဲ့သွားနိုင်ပါကြောင်း ထို့အတွက်ကြောင့် အောက်ပါမေးခွန်းများကို မေးမြန်းလိုပါကြောင်း မေးမြန်းပါသည်။

ပညာရေးဝန်ကြီးဌာနမှ ကတိကဝတ်ပြု ထားသည့် မေးခွန်းများအပေါ် ပြန်လည်ဖြေကြားပြီး ကတိကဝတ်ဖြစ်သည့် လုပ်ငန်းများဖြစ်သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းထဲမှာ လျာထားခြင်းမရှိသေးသော လုပ်ငန်းများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း၊ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဘတ်ဂျက်စာရင်းဇယားများအရ အမှတ်(၂) အခြေခံ ပညာဦးစီးဌာန ကွပ်ကဲမှုအောက်မှာရှိပါတယ်ခင်ဗျား။ အဲ့ဒီကွပ်ကဲမှုအောက် ငွေလုံးငွေရင်း စာရင်းဇယားများကို ပြန်လည်စိစစ်တဲ့အခါမှာ အမှတ်စဉ် (၁၁၆၂) မှာ အ.ထ.က နမ့်စန် ပေ ၉၀ ဍ္ဍ  ပေ ၃၀ အုတ်ညှပ်တစ်ထပ် သိပံ်ပဆောင်အသစ်ဆောက်လုပ်ခြင်းအတွက် ၃၂.၄ သန်းသည် ခွင့်ပြုတဲ့အထဲ ပါပြီးဖြစ်တဲ့အကြောင်း ပထမအချက်အနေနဲ့ တင်ပြအပ်ပါတယ်။ ဒုတိယကတော့ ကျောင်းနံပါတ် မှားယွင်းတဲ့ကိစ္စဖြစ်ကောင်းဖြစ်ပါမယ်။ ဒုတိယအနေနဲ့တော့ အမှတ်စဉ် (၄၀/၄၁၇)မှာ မူလွန်ဝမ်ပုံ ပေ ၉၀ ဍ္ဍ  ပေ ၃၀ အုတ်ညှပ်တစ်ထပ်ဆောင် ရှမ်းတောင်(နမ့်စန်) ၃၂.၄ သန်း ခွင့်ပြုပြီး ဖြစ်ပါတယ်။ ဒီကြားထဲမှာ လွဲမှားမှုအကြောင်းတစ်ခုရှိရင်လည်း ပြန်လည်စိစစ်ပြီးတော့ အကောင်းဆုံးပြန်လည် ဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း ဖြေကြားပါသည်။