(ဆ)-စာသင်ကျောင်းများတွင် မူလတန်းအရွယ်မှ စတင် ၍ နိုင်ငံတာဝန် ထမ်းဆောင် နေကြ သူများ အပါ အဝင် Good Citizens “မြန်မာနိုင်ငံသားကောင်း” အဓိဋ္ဌာန်ကို နေ့စဉ်ရွတ်ဆိုပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ပဉ္စမနေ့ (၂.၇.၂၀၁၃)

မိမိတို့နိုင်ငံတွင် နိုင်ငံတော်သမ္မတကြီးမှ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရဖြစ်ရန် ဦးတည်ပြီး ဘက်ပေါင်းစုံမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ချိန်တွင်  မြန်မာနိုင်ငံသားကောင်းများရှိရန် လိုအပ်သည်ဟု မိမိယူဆပါကြောင်း၊ မြန်မာနိုင်ငံသားကောင်း အတွေးအခေါ်များ ရှိကြရန်လည်း မိမိတို့တွင် တာဝန်ရှိသည်ဟု ခံယူပါကြောင်း၊ အရာရာမှာ မြန်မာနိုင်ငံကို ပထမဦးစားပေးသော မြန်မာနိုင်ငံသားဖြစ်ရေးသည် အဓိကဖြစ်သည်ဟု မိမိယူဆပြီး အဆိုပါ အတွေးအခေါ်မျိုးကို ငယ်စဉ်က စပြီး မွေးမြူလေ့ကျင်‌့ပေးရန် လိုအပ်မည်ဟုလည်း ယူဆပါကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃ တွင် နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားတာရှိပါကြောင်း၊ ငယ်စဉ်စာသင်ကျောင်းမှစတင်ပြီး အနာဂတ်ကို စိတ်ဓာတ်ကောင်း၊ ခံယူချက်ကောင်း၊ အမူအကျင့်ကောင်း၊ ဓလေ့စရိုက်ကောင်း များဖြင့် မြန်မာနိုင်ငံသားကောင်း Good Citizens များဖြင့် ပြည်ပသို့ ခံယူချက်စွဲမြဲသွားရန် လိုအပ်မှာ ဖြစ်သည့်အတွက် မူလတန်းအရွယ်မှ စတင်၍ နိုင်ငံတာဝန် ထမ်းဆောင်နေကြသူများ အပါအဝင် “ကျွန်ုပ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး မြန်မာလူမျိုးပီပီ မြန်မာ့သမိုင်း ကောင်းမွန်ရေးအတွက် အဂတိတရား၏ကင်းပြီး မြန်မာနိုင်ငံ သားကောင်းပီသစွာ ပြုမူပြောဆို နေထိုင်လုပ်ကိုင် ဆောင်ရွက်ပါမည်” ဟု အဓိဋ္ဌာန်ပြုပါသည်ဆိုသည့် မြန်မာနိုင်ငံသားကောင်း အဓိဋ္ဌာန်ကို နေ့စဉ်ရွတ်ဆိုနိုင်ရေးပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း  မေးမြန်းသွားခဲ့ပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူ
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

စာသင်ကျောင်းများမှာ မူလတန်းအရွယ်ကစတင်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင် နေကြသူများ အပါအဝင်မြန်မာ့သားကောင်းအဓိဋ္ဌာန်ကို နေ့စဉ်ရွတ်ဆိုပေးရန် အစီအစဉ်ရှိ။မရှိ မေးခွန်းနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနကိုယ်စား ကျွန်တော်ျ ဒုတိယဝန်ကြီး ဦးအေးကြူမှ တင်ပြ ဖြေကြားမှာဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တဲ့ ကျောင်းသား ကျောင်းသူများ အတွေးအခေါ်ရင့်ကျက်ပြီး ဗလငါးတန်တိုးတက်စေရေး ယဉ်ကျေးလိမ္မာသော၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သော၊ အသက်မွေးမှုအတတ်ပညာများကို တတ်မြောက်သော၊ ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ကျင်‌့သုံးတတ်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် ကျောင်းများမှာ လေ့ကျင်‌့ပျိုးထောင်ပေးလျက်ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစတင်ပြီး အခြေခံပညာကျောင်းများမှာ ကင်းထောက်လူငယ်များ လေ့ကျင့်ဖွဲ့စည်း ပေးပြီး အများအကျိုးအတွက် အစဉ်အသင်‌့လုပ်ဆောင်တတ်စေရေး၊ ကောင်းမှုတစ်ခု နေ့စဉ်ပြုတတ် စေရေး၊ လူတစ်ယောက်ရဲ့ အမြင့်ဆုံးသော ဂုဏ်သိက္ခာဟာ ယုံကြည်ရမှုပင်ဖြစ်တယ်ဆိုတဲ့ ခံယူချက် ကောင်းများနဲ့ ကင်းထောက်လှုပ်ရှားမှုများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှာ အခြေခံပညာအဆင့်ဆင့်ကနေ ကျောင်းသားကျောင်းသူများ ဒီမိုကရေစီအလေ့အကျင့် ကောင်းများ အမြစ်တွယ်လာစေရေးအတွက် ကျောင်းကောင်စီအလုပ်အမှုဆောင်များ ရွေးချယ် တင်မြှောက်ရာမှာထင်သာမြင်သာရှိပြီး လွတ်လပ်တဲ့ တရားမျှတတဲ့ရွေးချယ်တင်မြှောက်ရေးနည်းလမ်း များကို ပြင်ဆင်ရေးဆွဲကျင့်သုံးပေးလျက်ရှိပါတယ်။ တိုင်းသူပြည်သားကောင်း၊ နိုင်ငံ့သားကောင်းဆိုတဲ့ အဓိပ္ပာယ်ကို အကျဉ်းအားဖြင့် ဖွင့်ဆိုရမည်ဆိုပါက အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ဗဟုသုတ များပြားခြင်း၊ ကျန်းမာခြင်း၊ မိမိအတွက်သာမဟုတ် အခြားသူများအတွက် ဆောင်ရွက်လိုစိတ်ရှိခြင်း၊ ကိုယ်ချင်းစာတရားထားရှိတဲ့ အခြေခံအရည်အချင်းများနဲ့ ပြည့်စုံတဲ့သူများကို နိုင်ငံ့သားကောင်း များဟု သတ်မှတ်ရန်ဖြစ်ပါတယ်။ သို့ပါ၍ အခြေခံပညာကျောင်းများမှာ စာရိတ္တမောင်များ၊ စာရိတ္တမယ် များပေါ်ထွက်လာရေးအတွက် ဘက်စုံထူးချွန်ကျောင်းသားကျောင်းသူများ ချီးမြှောက်ရေးစတဲ့ နိုင်ငံ့ သားကောင်းဖြစ်စေရေး အလေ့အကျင့်ကောင်းများ လေ့ကျင်‌့ပေးလျက်ရှိပါတယ်။ ဒါ့အပြင် ကျောင်း များမှာ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ မြန်မာ့ကျောင်းသီချင်း၊ ဇာတိမာန်သီချင်း သီဆိုခြင်းဖြင့် လူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး အရည်အသွေးကောင်းများ မြှင့်တင်ပေးလျက် ရှိပါတယ်။ ကျောင်းများမှာ ကျောင်းအုပ်ကြီးများအပါအဝင် ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသား များအားလုံး နေ့စဉ် ရွတ်ဆိုနေကြရတဲ့ အောက်ဖော်ပြပါ ကျောင်းကောင်စီကတိသစ္စာ ၄ ချက်ဟာ လည်း နိုင်ငံ့သားကောင်းဖြစ်စေရေး ဦးတည်ချက်များပါဝင်ကြောင်း တင်ပြအပ်ပါတယ်။ (က) မိမိ ကိုယ်ကိုကောင်းအောင်ကြိုးစားမည်၊ (ခ) မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်၊ (ဂ) မိမိ ကျောင်းကို ကောင်းအောင်ကြိုးစားမည်၊ (ဃ) မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်ဆိုတဲ့ အချက်များဖြစ်ပါတယ်။ အထက်ဖော်ပြပါကတိသစ္စာ ၄ ချက်ဟာ ကျောင်းသားလူငယ်များအတွက် အလွန်ထိရောက်မှုရှိတဲ့ သစ္စာအဓိဋ္ဌာန်များဖြစ်ပြီး နေ့စဉ်ရွတ်ဆိုလျက်ရှိပါကြောင်း ဖြေကြားပါသည်။