(ဃ)-မိုဘိုင်းဖုန်းများ အဆက်အသွယ်ပြတ်တောက်ပါက မည်သည့်ဌာနသို့ အကြောင်းကြားရမည်ဆိုသည်ကို ပြည်သူများ ကြိုတင်သိရှိရန် ကြိုတင်အသိပေးနိုင်ခြင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး တတိယနေ့ (၂၂.၁၀.၂၀၁၂)

CDMA နှင့် GSM မိုဘိုင်းတယ်လီဖုန်းများ တစ်ခါတစ်ရံမှာ အဆက်အသွယ်များပြတ်တောက်လေ့ရှိပါတယ်။ ထိုကဲ့သို့ အဆက်အသွယ်များပြတ်တောက်ရာမှာ နာရီ ပိုင်း၊ မိနစ်ပိုင်းပြတ်တောက်ပါက ပြဿနာတစ်စုံတစ်ရာမရှိသော်လည်း တစ်ရက်၊ နှစ်ရက်ကြာ ပြတ်တောက်သည့်အခါ ပြည်သူများအနေဖြင့် မည်သည်‌့ဌာနကို အကြောင်းကြားရမည်ကို မသိရှိပါ သဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရသလို သက်ဆိုင်ရာဌာနမှလည်း တယ်လီဖုန်းခေါ်ဆိုခများ လျော့နည်းသွားမှာဖြစ်ပါတယ်။ ကြံခင်းမြို့နယ်မှာ ၁၁-၉-၂၀၁၂ နေ့ နေ့လယ်ပိုင်းမှစပြီးတော့         ၁၃-၉-၂၀၁၂ ရက်နေ့ မနက် ၁၀ နာရီအထိ ဆက်သွယ်ရေးလိုင်းများပြတ်တောက်ခဲ့ပါတယ်။ သို့သော်လည်း မည်သည့်ဌာနသို့ အကြောင်းကြားရမည်ကို မသိရှိရပါသဖြင့် ဤမျှကြာမြင့်သွား သည်လို့ယူဆမိပါတယ်။ သို့ပါ၍  CDMA နှင့် GSM မိုဘိုင်းတယ်လီဖုန်းများ အဆက်အသွယ် ပြတ်တောက်ပါက မည်သည်‌့ဌာနသို့ အ‌ကြောင်းကြားရမည်ဆိုသည်ကို ပြည်သူများသိရှိရန် ကြိုတင် အသိပေးနိုင်ခြင်းရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း
အဖြေ

CDMA နှင့် GSM ဖုန်း တွေ အဆက်အသွယ်ပြတ်တောက်ရင် ဘယ်ဌာနကို အကြောင်းကြားရမလဲဆိုတာ ကြိုတင်သိရှိဖို့ အသိပေးနိုင်ခြင်းရှိ၊ မရှိနှင့် ပတ်သက်ပြီးတော့ မေးခွန်းအပြင် ကျွန်တော်တို့ ဆက်သွယ်ရေး၊ စာတိုက် နှင့်ကြေးနန်းဝန်ကြီးဌာနရဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီးတော့ သိရှိလိုတာ ရှိရင် မေးမြန်းနိုင်တယ်ဆိုတာရယ် နောက်သတင်းစာထဲမှာလည်းပဲ ထည့်သွင်းထားတယ်ဆိုတာကို ဖြေကြားသွားမှာဖြစ်ပါတယ်။ ဒီကိစ္စတွေနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒါတွေကိုမျှော်မှန်းပြီး တော့ ဆက်သွယ်မှုပြတ်တောက်ခြင်း ဝန်ဆောင်မှုများနှင့်ပတ်သက်ပြီးတော့ ချို့ယွင်းမှုရှိခြင်း အဲဒီဟာ တွေနှင့်ပတ်သက်ပြီးတော့ ဒီဖြစ်လာနိုင်တဲ့ဟာတွေကိုတွေးပြီးတော့ ယခင်ကျွန်တော့် အရင်တာဝန်ယူခဲ့ ကြတဲ့ ပုဂ္ဂိုလ်ကြီးများအနေဖြင့် ဒီကိစ္စတွေကို မျှော်မှန်းပြီးတော့ ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ဆက်သွယ်ရေးချို့ယွင်းမှုနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ တိုင်ကြားရေးဌာန ၁၀၆ ကို နေပြည်တော်မှာ ၂၀၀၆ ကစပြီးတော့ ဖွင့်လှစ်ပြီးဆောင်ရွက်နေပါတယ်။ တယ်လီဖုန်းအမှတ်က ၁၀၆ ဆိုပြီးနှိပ်လိုက်ရင်လည်း အဲဒီကို Complane ကိုရောက်ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ Fax နှင့် ပို့ချင်တယ်ဆိုရင်လည်း ၀၆၇ ၄၂၂၁၀၆ ကိုပို့ချင်လည်းရောက်ပါတယ်။  ထို့အတူ E-mail နှင့် ပို့မယ် ဆိုရင်လည်း 106@mptmail.net.mm၊ စာတိုက်သေတ္တာအမှတ်ဆိုရင်လည်း ၁၀၆ နေပြည်တော် ဆိုလို့ရှိရင်လည်း ဒီကိစ္စတွေနှင့်ပတ်သက်ပြီးတော့  ပြောဆိုအသိပေးနိုင်ကြောင်း ဒါကို ကျွန်တော်တို့ တင်ပြလိုပါတယ်။ ဆက်လက်ပြီးတော့ ကျွန်တော်တင်ပြရမယ်ဆိုလို့ရှိရင် ဆက်သွယ်မှု ဝန်ဆောင်မှု လုပ်တဲ့အခါမှာ စက်ပစ္စည်းတွေ ချိတ်ဆက်လို့ ဆက်သွယ်မှုပြတ်တောက်မယ်ဆိုလို့ရှိရင် အထူးသဖြင့် ညပိုင်း ၁၂ နာရီကျော် တစ်နာရီနှင့် နှစ်နာရီကြားမှာအလုပ်လုပ်လေ့ရှိပါတယ်။ မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိ ကြာတတ်ပြီးတော့ ဒါကိုမလုပ်ခင် သတင်းစာထဲမှာ ထည့်သွင်းကြေညာပါတယ်။ ဥပမာအားဖြင့် GSM UMTS Mobile တိုးချဲ့တပ်ဆင်ရေးစီမံကိန်းရဲ့ 4 Network စက်သစ်တွေ ပြောင်းလဲချိတ် ဆက်မယ်၊ Cut Over လုပ်မယ်ဆိုတဲ့အကြောင်းကို ဒါနဲ့ပတ်သက်ပြီးတော့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး၊ မကွေး၊ မုံရွာ၊ မူဆယ် အဲဒီမှာရှိတဲ့ မိုဘိုင်းတယ်လီဖုန်း ပြောဆို ဆက်သွယ်မှု Voice Services မိနစ် ၂၀ ခန့် ပြတ်တောက်ပါမယ်ဆိုပြီးတော့ ကျွန်တော်တို့ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့ထုတ် ကြေးမုံ၊ မြန်မာ့အလင်းများမှာထည့်သွင်း ကြေညာခဲ့ပါတယ်။ ထို့အတူပဲ မိုဘိုင်း တယ်လီဖုန်းမှာ အင်တာနက် တပ်ဆင်လိုက်တဲ့အခါမှာ အင်တာနက်သုံးစွဲသူတွေ များပြားလာတဲ့ အတွက် အင်တာနက် Expansion လုပ်ဖို့အတွက်ကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ နေပြည်တော်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာရှိတဲ့ GSM Telephone တွေကို မိနစ် ၃၀ လောက် ဆက်သွယ်မှုခေတ္တ ဆိုင်းငံ့မယ်ဖြစ်တဲ့အကြောင်းကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ၊ ကြေးမုံသတင်းစာမှာ ထည့်သွင်း ကြေညာခဲ့ပါတယ်၊ အဲသလိုပဲ ဆက်သွယ်မှုပြတ်တောက်တဲ့ကိစ္စရပ်များအပြင် အော်တိုတယ်လီဖုန်းတွေဟာ ယခင်က ကျွန်တော်တို့ ယခုလည်းပဲကျန်ပါတယ်။ Post Paid  တွေဖြစ်ပါတယ်။ Post Paid  တွေကို ကျွန်တော်တို့က Prepaid ငွေသွားဆောင်တဲ့ စနစ်ကနေ Prepaid စနစ်ကို ‌ြပောင်းလဲအသုံးပြုလိုရင် ြပောင်းလဲ အသုံးပြုနိုင်ကြောင်းကို ၁-၃-၂၀၁၂ ရက်နေ့မှာ စတင်ပြီးဆောင်ရွက်မယ့် အကြောင်းကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ကျွန်တော်တို့ကြေညာခဲ့ပါတယ်။ ထို့အတူပဲ လက်ရှိ Post Paid သုံးနေတဲ့ GSM တွေကိုလည်း‌ Prepaid ြပောင်းချင်တယ်ဆိုလို့ရှိရင်လည်း ြပောင်းလို့ရအောင် ပြောင်းနိုင်ဖို့ အကြောင်းကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ထည့်သွင်း ကြေညာခဲ့ပါတယ်။ ထို့အတူပဲ Mobile တယ်လီဖုန်းတွေရဲ့ ကနဦး တပ်ဆင်ခတွေကို ကျပ် ငါးသိန်း ကနေပြီးတော့ GSM တွေကို နှစ်သိန်း၊ CDMA 450 ကို နှစ်သိန်း၊ WCDMAကို နှစ်သိန်းခွဲ၊ CDMA 800 ကို နှစ်သိန်းခွဲ စသဖြင်‌့ ဒါတွေကို လျှော့ချမယ်ဆိုတာကိုလည်း ၂၀၁၂ ခုနှစ်၊ မတ်လ ၆ ရက်နေ့ ထုတ် ကြေးမုံသတင်းစာမှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ ကြီးကြပ်မှုနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွေနှင့် ဒေသတွင်း ဆက်သွယ်မှု ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေနှင့်ညှိနှိုင်းပြီးတော့ GSM UMTS Mobile Telephone တွေကို ရောင်းချသွားမယ့်အစီအစဉ်တွေကိုလည်း ၂၀၁၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ ထုတ်တဲ့ မြန်မာ့အလင်း သတင်းစာမှာ ထည်‌့သွင်းပြီး ကြေညာခဲ့ပါတယ်။ နေပြည်တော် အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ကြီးဌာနအသီးသီးမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အရစ်ကျ စနစ်ဖြင့် Mobile Telephone တွေကိုကိုင်ဆောင်သုံးစွဲနိုင်ဖို့ ရောင်းချပေးသွားမယ်ဆိုတဲ့အကြောင်း ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ကြေညာခဲ့ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ နိုင်ငံနှင့်အဝှမ်း အင်တာနက်အသုံးပြုဖို့ အသုံးပြုတဲ့ အခြေအနေတိုးတက်မြင့်မားလာဖို့ အတွက် သင့်လျော်မျှတတဲ့နှုန်းထားနဲ့ ပြည်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် အင်တာနက်အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီးတော့ ADSL တပ်ဆင်ခနှုန်းထားတွေကို ယခင်      ကျပ် ၆၀၀၀၀၀ ကနေပြီးတော့ ကျပ် ၅၀၀၀၀ ကိုလျှော့ချခြင်း နောက်လစဉ်သုံးတဲ့ Plus A 512kbps ST2 Kpbs ကိုလည်း လစဉ် ကျပ် ၃၀၀၀၀ ကနေ ကျပ် ၁၇၀၀၀ ထိ လျှော့ချခြင်းတို့ကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၃၊ ကြေးမုံသတင်းစာ စာမျက်နှာ ၁ စသည်ဖြင့်  ပိုးစာတွေဖြင့် ဒါတွေကို ထည်‌့သွင်းကြေညာခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ရုံးချုပ်အခြေစိုက် မိုဘိုင်းဆက်သွယ်ရေးစခန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တပ်ဆင်ထားတဲ့ CDMA, GSM, Radio စခန်းတွေကို သက်ဆိုင်ရာစနစ်အလိုက် ထိန်းချုပ်စခန်း သီးသီးကနေပြီးတော့ ချိတ်ဆက်ထားပါတယ်။ အဲဒါတွေ အကြောင်းအမျိုးမျိုးကြောင့် လိုင်းကျသွား မယ်ဆိုလို့ရှိရင် CDMA 450 စနစ်အတွက် ထိန်းချုပ်စက်ခန်းဖုန်းနံပါတ် ၀၁ ၅၅၈၆၆၈၊ GSM စနစ်အတွက်  ၀၁ ၅၃၂၂၅၇၊ အဲဒီကို ကျွန်တော်တို့ အကြောင်းကြားနိုင်ပါတယ်။ ဒါ့အပြင် မိမိအခြား သိရှိလိုတာရှိရင် သတင်းပြန်ကြားရေးတာဝန်ခံ ဦးကျော်စိုး ၀၉၅၀၂၁၀၄၄ အဲဒီကို မိမိသိရှိလိုတာ၊ မိမိဆောင်ရွက်ချင်တဲ့ဟာတွေ နောက်အခြေအနေတွေကို  အကြောင်းကြားနိုင်ပါကြောင်း ကျွန်တော်တို့ ဖြေကြားအပ်ပါတယ်။ ဒါမှမဟုတ် ကိုယ်ကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်း ဒါမှမဟုတ် အထိုင်ဖုန်းချို့ယွင်း၊ ဆက်သွယ်မှုပြတ်တောက်ခဲ့မယ်ဆိုရင် သက်ဆိုင်ရာဌာနမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးဌာနလုပ်ငန်းကို ဆက်သွယ်ပြီးတော့ စစ်ဆေးဆောင်ရွက်နိုင်ပါကြောင်း ဖြေကြားပါသည်။