(ဌ)-ဆင်တဲ-နဝဒေးတံတား လမ်းပိုင်းအဆင်‌့မြှင့်တင်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအ‌ဝေး (၃၃) ရက်မြောက်နေ့ (၆-၁၀-၂၀၁၁)

ပန်းတောင်းမြို့နယ်ဟာ ပြည်မြို့ကိုအဓိကထားပြီး ဆက်သွယ်နေရတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ အဲဒီမြို့မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက နဝဒေးတံတားနှင့် မြို့တွင်းလမ်းများကို ပြုပြင်ပေးတဲ့အတွက်      မြို့သူ၊ မြို့သားအားလုံးက ကျေးဇူးတင်လျက်ရှိပါတယ်။ အဲဒီလမ်းတစ်လျှောက်မှာရှိတဲ့ ဆင်တဲ ကျေးရွာနဲ့ နဝဒေးတံတားလမ်းပိုင်းဟာတော့ ၂ မိုင်လောက်ကွာဝေးပါတယ်။ အဲဒီ လမ်းပိုင်းဟာ  တောင်ကမ်းပါးယံကြောမှဖြတ်ပြီးတော့ ဖောက်လုပ်ထားတာဖြစ်ပါတယ်။ အဲဒီအတွက်  တစ်ဖက်မှာ မြစ်ကမ်းပါး ရှိပြီးတော့ တစ်ဖက်မှာကျောက်တောင်ကမ်းပါးယံတွေရှိပါတယ်။ အဲဒီကျောက်တောင် ကမ်းပါးယံတွေ ကိုသွားရတဲ့အခါမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းကိုပြုပြင်ပေးထား သော်လည်း တစ်ခါတစ်ခါ မိုးရွာသွန်းမှုများတဲ့အခါမှာ ကမ်းပါးများပဲ့ကျပါတယ်။ လမ်းကျဉ်းပါတယ်။ အဲဒါကြောင့်မို့လို့ ကားလေးများပင်လျှင် ကားတစ်စီးနဲ့တစ်စီးရှောင်လို့မလွယ်ပါဘူး။ အဲဒီမှာ ကားကြီးတွေ၊ နောက် Express ယာဉ်များမသွားနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဆင်တဲ ကျေးရွာမှာရှိတဲ့ နိုင်ငံပိုင်စက်ရုံကြီး ၂ ရုံနဲ့ မိုးကောင်းစက်မှုသင်တန်းကျောင်းက ပစ္စည်းတွေသယ်ပို့ရာ မှာလည်း ကျွန်တော်တို့ ကုန်ကြမ်းသယ်မယ်၊ ကုန်ချောတွေပြန်ပို့မယ်ဆိုလို့ရှိရင် ဒီလမ်းကို အသုံး မပြုနိုင်ပါဘူး။ အဲဒါကြောင့်မို့လို့ အဲဒီ ၂ မိုင်လောက်ကို ကျဉ်းနေတဲ့နေရာလေးကို တိုးချဲ့ပြီးတော့ လမ်းအဆင့်မြှင့်တင်ပေးမယ် ဆိုလို့ရှိရင် ပန်းတောင်းမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုလည်း အထောက်အကူပြုရာရောက်ပါတယ်။ စက်ရုံကြီး နှစ်ရုံအတွက်လည်း ကုန်ကျစရိတ်ပိုမိုသက်သာ စေမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ပန်းတောင်းမြို့သူ၊ မြို့သားများက ဆင်တဲ-နဝဒေးတံတားလမ်းပိုင်းကို အဆင့်မြင့်တိုးချဲ့ပေးစေလိုတဲ့ ဆန္ဒရှိပါတယ်။ သို့ပါ၍ ကျွန်တော့်အနေနဲ့ မေးလိုတာကတော့     ဆင်တဲ-နဝဒေးတံတားလမ်းပိုင်းကို အဆင့်မြှင့်တိုးချဲ့ ပေးရန်အစီအစဉ် ရှိ၊ မရှိ မေးမြန်းပါသည်။


         

ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်‌မောင်မြင့်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်နှင့် ပြည်မြို့နယ်တို့ကို ဆက်သွယ်ထားသော ဆင်တဲနှင့်နဝဒေးချဉ်းကပ်လမ်းဟာ ပန်းတောင်း-တောင်ကုတ်ကားလမ်းမိုင်တိုင် ၁ မိုင် ၇ ဖာလုံမှနေပြီး ၄ မိုင် ၃ ဖာလုံအထိ ၂ မိုင် ၄ ဖာလုံရှည်လျားပြီး ၁၂ ပေ အကျယ်ကတ္တရာလမ်း ဖြစ်ပါတယ်။ ပန်းတောင်း-တောင်ကုတ်လမ်း နဝဒေးလမ်းချဉ်းကပ်လမ်းပိုင်းကနေပြီးတော့ ဆင်တဲအထိ လမ်းပိုင်း အချို့နေရာတွေဟာ ဧရာဝတီမြစ်ကမ်းဘေး တောင်တန်းများတစ်လျှောက်မှာ ကွေ့ပတ် ဖောက်လုပ်ထားသောလမ်းဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ ခွဲဝေရန်ပုံငွေအရ သာမန် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ၁ မိုင် ၇ ဖာလုံမှနေပြီး ၄ မိုင် ၃ ဖာလုံအတွင်း ဧရာဝတီမြစ် ကမ်းပါးဘေးတောင်ပတ်လမ်းကို အောက်ဖော်ပြပါလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ မိုးရာသီ မှာ ကတ္တရာလမ်းပေါက်များ ကြိုတင်ရောကတ္တရာဖြင့် ဖာထေးခြင်းလုပ်ငန်း ၂ မိုင် ၄ ဖာလုံ ဆောင်ရွက်လျက်ရှိပါတယ်။ လမ်းတာပေါင်ပြိုကျခြင်းဟာ အရှည် ၆၄ ပေ၊ အမြင့် ၁၈ ပေ ရှိတဲ့ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ပေးလျက်ရှိပါတယ်။ လမ်းတာ‌ပေါင်မြေဖို့ခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်။ ၅ ပေအရှည်၊ ၂၄ ပေအကျယ်ရှိတဲ့ သံကူကွန်ကရစ် တံတား ၂ စင်းတည်ဆောက်ခြင်းဟာလည်း ၆၀ ရာခိုင်နှုန်းရှိပြီးဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာ တောင်ပတ်လမ်းအစအဆုံး၊ လမ်းအနိမ့်အမြင့်ညှိခြင်း၊ ‌ရေပိတ်လွှာခင်းခြင်း၊ လမ်းချောခြင်းများ  ဆောင်ရွက်ပြီးတော့လိုအပ်တဲ့လမ်းခင်းပစ္စည်းတွေဟာလည်း ၁၀၀ ရာခိုင်နှုန်းစုဆောင်းပြီးဖြစ်ပါတယ်။ နဝဒေးချဉ်းကပ်လမ်းကနေပြီး ဆင်တဲသို့ဆက်သွယ်တဲ့လမ်းဟာ ဧရာဝတီမြစ်ကမ်းဘေးတောင်တန်း တစ်လျှောက် ကွေ့ပတ်ဖောက်လုပ်ထားတဲ့အတွက် လမ်းချဲ့မည်ဆိုပါက အနည်းဆုံးလမ်းတာပေါင် ၃၀ပေအကျယ်မှ ၄၀ ပေ အကျယ်ချဲ့ရန်လိုမှာဖြစ်ပါတယ်။ ဆင်တဲကျေးရွာအဝင်လမ်းတစ်လျှောက် လူနေအိမ်များဟာ လမ်းတာပေါင်ပေ ၄၀ အတွင်းမှာ ကျရောက်နေတာဖြစ်ပါတယ်။ လူနေအိမ်ခြေ များကို ဖျက်သိမ်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် သာသနာ့အဆောက်အဦများဖြစ်တဲ့ ငွေဘုံသာဘုရား တန်ဆောင်း၊ တန့်ကြည်တောင်ဘုရားတန်ဆောင်း၊ ဗိုလ်ရုံကျောင်းတိုက်များဟာလည်း တိုးချဲ့မယ့် လမ်းဧရိယာထဲမှာ ကျရောက်တာကို တွေ့ရမှာဖြစ်ပါတယ်။ ကျောက်တောင်နံရံကြီးများအား လမ်းချဲ့ ရာတွင် မိုင်းများ၊ ယမ်းများနှင့်အသုံးပြုတဲ့အခါမှာ အနီးဆုံးရှိတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံများ၊ ယာဉ်သွားလာမှုများအတွက်လည်း အ‌နှောင့်အယှက်ဖြစ်မှာကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပန်းတောင်းမြို့နယ်၊ ဆင်တဲနှင့်နဝဒေးတံတား ချဉ်းကပ် လမ်းအပိုင်းအဆင့်မြှင့်တင်ရန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လောလောဆယ်လမ်း တာပေါင် ချဲ့ရန်အတွက်အစီအစဉ်မရှိသေးကြောင်းနဲ့ လမ်းပြင်ဆင်ထိန်းသိမ်းရေးများကိုလည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာရရှိသော ရန်ပုံငွေများပေါ်မှာတည်ရှိ၍ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖြေကြားပါသည်။