ကျွန်တော်တင်ပြမယ့်ကိစ္စကတော့ မာန်အောင်ကျွန်း အရင်တုန်းကတော့ ဘင်္ဂဝတီလို့ခေါ်ပါတယ်။ မိုးများတဲ့ ဒေသဝတီ ၄ ရပ်မှာ တစ်ခုပါတဲ့အတွက်ကြောင့် လူဦးရေအားဖြင့် ၁ သိန်းကျော်ရှိပါတယ်။ ဒါပေမယ့် နှစ်စဉ်နှစ်စဉ် ရွာတဲ့မိုးရေချိန်ဟာ ၂၀၀ လက်မကျော် ရွာသွန်းလေ့ရှိပေမယ့်လည်း မတ်လ၊ ဧပြီလ၊ မေလ အဲဒီ ၃ လမှာ ကျွန်းသူကျွန်းသားတွေဟာ တစ်ဝက်နီးပါးလောက်သောက်သုံးရေ အခက်အခဲနှင့် အမြဲလိုပဲကြုံတွေ့နေရတဲ့အကြောင်းကို တင်ပြသွားမှာဖြစ်ပါတယ်။ အဲဒီ သောက်သုံး ရေအခက်အခဲများ ကြုံတွေ့နေရတဲ့ ကျေးရွာများကို နှစ်စဉ် မြို့မိမြို့ဖများ၊ မဝတအဖွဲ့၊ ပြည်ခိုင်ဖြိုး အဖွဲ့၊ လူငယ်အဖွဲ့တို့ ပူးပေါင်းပြီးတော့ မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်မှာ အလှူခံတယ်။ လိုင်းကားများ နှင့် ထော်လာဂျီကားများကို ငှမ်းရမ်းပြီးတော့ ရေစည်များ၊ ပလပ်စတစ်ပုံးများဖြင့် ပို့ဆောင်ပေးပေမယ့် အားလုံး လုံလုံလောက်လောက် မရကြပါဘူး။ ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် ပိုပြီးတော့ အခက်အခဲ တွေ့နေရပါတယ်။ အခုလို နှစ်စဉ်တွေ့နေရတဲ့ သောက်သုံးရေပြဿနာကို အဘက်ဘက်က စဉ်းစားပြီး တော့ ဆောင်ရွက်ကြပါတယ်။ အဝီစိတွင်းတူးပါတယ်။ ရေကန်ပတ်လည် ဝိုင်းထားတဲ့ကျွန်းမို့လို့ ထွက်လာတဲ့ရေက အငန်ဓာတ်ပါလာပါတယ်။ သောက်သုံးလို့မရပါဘူး။ တဖန် ကျေးရွာလူထု လုပ်အားနဲ့ ရေကန်တွေတူးပါတယ်။ ၁၀ ပေအနက် လေးထောင့်ပတ်လည် ၁၀၀ ပေ တူးပေမယ့် ရေက ဒီဇင်ဘာလ၊ ဇန်နဝါရီလ လောက်ထိတော့နေပါတယ်။ ပြီးရင် ရေကခမ်းသွားပါတယ်။ စက်ယန္တရား တွေနဲ့ တူးဖော်နိုင်ရင်တော့ ဒီထက်နက်နက် တူးနိုင်မယ်ဆိုရင်တော့ ရေအားလုံး ခမ်းမသွားနိုင်ဘူးလို့ ယူဆရပါတယ်။ ရွာသွန်းတဲ့မိုးရေကို စနစ်တကျထိန်းသိမ်း သိုလှောင်ဖြန့်ဖြူးပေးနိုင်မယ်ဆိုရင်တော့ သောက်သုံးရေ ဒုက္ခက လွတ်မြောက်သွားမှာအမှန်ပဲဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ဆီ ရွာသမျှမိုးရေဟာ ဆန်စပါးစိုက်ပျိုးရေးအတွက် အသုံးချ၍ ရပေမယ့် ကျန်တဲ့မိုးရေများမှာ မြစ်ချောင်းများကတစ်ဆင့် ဘင်္ဂလားပင်လယ်ထဲကိုပဲ အလဟဿ စီးဝင်သွားပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ အြခေအနေကို ပေါ်လွင်အောင် တင်ပြပါမယ်။ ကျွန်တော်တို့ အခြေအနေဟာ ဖောင်စီးရင်း ရေငတ်နေသလို ကျွေးကကျွေး၏ မဝ။ ပေးကပေး၏မရ။ မြင်သာမြင်မကြင်ရတို့ဘဝဆိုသလို မိုးအလွန်ကောင်းပေမယ့် နွေရာသီမှာ ရေဒုက္ခရောက်နေကြပါ တယ်။ သို့သော်လည်း ဒီကနေ့ ကြိုးစားအောင်မြင်မှုကြောင့် ကျွန်းသူကျွန်းသားတွေဟာ လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရဲ့ ဆောင်ရွက်ပေးမှု လယ်ထွန်စက်များ ရောက်လာပြီးတော့ စက်မှုလယ်ယာပြုလုပ်လိုက်တာ ဒီကနေ့ဆိုရင် စပ်မျိုးစပါး ဧက ၁၃၀ ကျော် စိုက်ပျိုးအောင်မြင်ခဲ့ ပါတယ်။ အထွက်လည်းတိုးပါတယ်။ အရင်က ပျမ်းမျှ တစ်ဧက ၃၅ တင်းထွက်နေရာက အခုဆိုလို့ ရှိရင် ၇၅ တင်း၊ ၈၀ တင်း ထွက်လာပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ သောက်သုံးရေ အပြည့်အဝရရှိရေးအတွက် ကျွန်တော်တို့ရဲ့ကျွန်း အနောက်မြောက်ဘက်မှာရှိတဲ့ ဗျိုင်းတောင်၊ ဘုန်းကြီးတောင်နှင့် ကြပ်တောင်ခြေရင်းတွေမှာ ရေထိန်းဆည်တစ်ခု ဆောက်လုပ်ပေးဖို့နဲ့ ဖြစ်နိုင်ပါ က ကျွန်းရဲ့ အနောက်တောင်ဘက်မှာရှိတဲ့ အမြောက်တပ်တည်ရှိရာ ခမောင်တောင်နှင့် ပုလဲငူတောင် တောင်ခြေရင်းတွေမှာလည်း ဆည်တစ်ခုဆောက်လုပ်ပေးမယ်ဆိုလို့ရှိရင် သောက်သုံးရေ လုံလောက် မယ့်အပြင် ပိုလျှံနေတဲ့ ရေပိုများကိုလည်း ရာသီနဲ့လိုက်ပြီးတော့ သီးနှံများစိုက်ပျိုးဖြစ်ထွန်း အောင်မြင်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိဂုံးချုပ်အနေနဲ့ အောက်ပါမေးခွန်း ၃ ခုကိုမေးလိုပါ တယ်။ (၁) ဗျိုင်းတောင်၊ ဘုန်းကြီးတောင်နှင့် ကြပ်တောင်ခြေရင်းတွေမှာ ရေထိန်းဆည်တစ်ခု တည်ဆောက်ပေးနိုင်ခြင်းရှိ၊မရှိ။ (၂) ခမောင်တောင်နှင့် ပုလဲငူတောင် တောင်ခြေရင်းတွေမှာ ရေထိန်းဆည်တစ်ခု ထပ်မံတည်ဆောက်ပေးနိုင်ခြင်းရှိ၊မရှိ။ (၃)အထက်ပါဆည် ၂ ခုကို တည်ဆောက် ပေးမယ်ဆိုပါက မည်သည့်အချိန်ကာလတွင် အပြီးတည်ဆောက်ပေးနိုင်မည်ကို သိလိုကြောင်း မေးမြန်းပါသည်။
မာန်အောင်မြို့နယ်သည် နှစ်စဉ်မိုးရေချိန်လက်မ ၂၀၀ ကျော် ရွာသွန်းလေ့ရှိသော်လည်း နွေရာသီတွင် သောက်သုံးရေ ရှားပါး မှုရှိကြောင်း မိုးရာသီအတွင်း ရွာသွန်းခဲ့သော မိုးရေများကို ရေလှောင်တမံ၊ လျှိုပိတ်ဆည်များ တည်ဆောက်ပြီး စနစ်တကျသိုလှောင်ထိန်းသိမ်း၍ သောက်သုံးရေအတွက် အသုံးပြုခဲ့ရပါတယ်။ ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေရှားပါးသော ဒေသများတွင် သောက်သုံးရေရရှိရေးနှင့် နွေစပါး စိုက်ပျိုးရေ ပေးဝေနိုင်ရန်အတွက် ရေလှောင်တမံငယ်၊ လျှိုပိတ်ဆည်များကို အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ရန်အတွက် ကွင်းဆင်းလေ့လာမှုများ ဆောင်ရွက်ခဲ့ပါတယ်။ မြို့နယ် ၁၁ မြို့နယ် အတွင်း လျှိုပိတ်ဆည် ၃၁ ခုကို ဆောင်ရွက်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီး၏ မေးခွန်းပါ မာန်အောင်ကျွန်း၏ အနောက်မြောက်ဘက်ရှိ ဗျိုင်းတောင်၊ ဘုန်းကြီးတောင်နှင့် ကြပ်တောင်များ တောင်ခြေရင်းရှိ ငပုန်ကုန်းကျေးရွာအုပ်စုတွင် ကြပ်တောင် လျှိုပိတ်ဆည်ကိုလည်းကောင်း၊ ခမောင်တောင်(ကိုမောက်တောင်)နှင့် ပုလဲငူတောင်ခြေရင်းရှိ မိမ္မကြွယ်ကျေးရွာအနီးတွင် မိမ္မကြွယ်လျှိုပိတ်ဆည်ကိုလည်းကောင်း တည်ဆောက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း ပဏာမ စူးစမ်းလေ့လာတွေ့ရှိရပါတယ်။ လျှိုပိတ်ဆည်များ တည်ဆောက်ပေးနိုင်ရေး အတွက် အသေးစိတ်စူးစမ်း လေ့လာမှုများဆောင်ရွက်ခြင်း၊ ဒီဇိုင်းပုံစံများရေးဆွဲခြင်းနှင့် ခန့်မှန်းခြေ စာရင်းအလိုက်တွက်ချက်ပြီး ဆောင်ရွက်ပြီးပါက လိုအပ်တဲ့ရန်ပုံငွေများကို တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်း၍ လုပ်ငန်းများကို ဦးစားပေးအစီအစဉ် အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
