(င)-တနင်္သာရီမြို့နယ်အတွင်း မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲတစ်ခု ဖွင့်လှစ်ပေးရန်၊ ကွမ်းသီး စိုက်ပျိုး သော ဥယျာဉ်ခြံတောင်သူများအား သင့်လျော်သည့် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ပထမအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၈.၁၁.၂၀၁၂)

တနင်္သာရီမြို့နယ်သည် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ထဲမှာ ၂၈၀၃၉၂၆ ဧက ကျယ်ဝန်းပြီး လူဦးရေ ၁၁၀၀၄၈ ဦးနေထိုင်လျက်ရှိပါတယ်။ အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်း မှာ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါတယ်။ မြို့နယ်အတွင်း အသားတင်စိုက်ပျိုးနိုင်သော မြေဧကမှာ ၁၀၉၁၉၀ ဧကရှိပြီး လယ်မြေမှာ ၃၂၀၀၀ စိုက်ပျိုးဧကရှိပါတယ်။ ဥယျာဉ်မြေကတော့ ၇၂၇၅၂ ဧက၊ တောင်ယာကတော့ ၃၈၈၄ ဧက၊ ကိုင်းကျွန်းကတော့ ၃၄၃ ဧကနှင့် ဓနိမြေ ၁၀၁ ဧကကို စိုက်ပျိုး လုပ်ကိုင်ပြီး ဥယျာဉ်စိုက်ပျိုးခြင်းလုပ်ငန်း၊ လယ်စိုက်ပျိုးခြင်းလုပ်ငန်းများကို အများဆုံးလုပ်ကိုင် ကြောင်းကို တင်ပြအပ်ပါတယ်။ တနင်္သာရီမြို့နယ်အတွင်း လယ်မြေများမှာ ချောင်းများ၊ အနီး ပတ်ဝန်းကျင်တွင် တောင်များ၊ လျှိုများကြားတွင်သာ ဖြစ်ပါတယ်။ နှစ်စဉ် တနင်္သာရီမြစ်ရေမြင့်တက်မှု ကြောင့် ရေကြီးနစ်မြုပ်သဖြင့် မိုးစပါးကို အကြိမ်ကြိမ်ပြန်လည်စိုက်ပျိုးရခြင်းနှစ်များက များပါတယ်။ ရေကျနောက်စိုက်ဖြစ်ရတဲ့အတွက် ပျိုးသစ်မမှန်ခြင်း၊ ကြဲပက်စိုက်ပျိုးရခြင်းကြောင့် မြေသြဇာ အကြိမ်ကြိမ်ကျွေးသော်လည်း စပါးအထွက်နှုန်းလျော့နည်း၍ မိုးစပါးမြေသြဇာဖိုးအတွက် ကြိုတင် သီးနှံများ ရောင်းချရခြင်း၊ ပေါင်နှံရခြင်းစသည်များ တောင်သူများမှာ စိုက်ပျိုးချိန်တွင် ငွေကြေး အခက်အခဲအမျိုးမျိုးဖြင့် ရင်ဆိုင်ကြရပါတယ်ခင်ဗျား။ နိုင်ငံတော်အနေနဲ့ လယ်စပါးတစ်ဧကလျှင် ၅၀၀၀၀ ကျပ်နှုန်းဖြင့် ထုတ်ချေးနေသော်လည်း တနင်္သာရီမြို့နယ်တွင် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မရှိခြင်းတို့ကြောင့် မြိတ်ဘဏ်ခွဲမှ လာရောက်ထုတ်ချေးသည့်အချိန်မှာသာ ရရှိကြပါတယ်။ ငွေထုတ် ချေးရာတွင်လည်း နောက်ဆုံးမှ ငွေရရှိသဖြင့် ငွေအရနည်းခြင်း၊ ငွေအပြည့်အဝမရခြင်းများ တွေ့ရှိရပါ တယ်ခင်ဗျား။ တနင်္သာရီမြို့နယ်အတွင်းကျေးရွာအုပ်စု ၂၁အုပ်စုရှိသော်လည်း ကျေးရွာအုပ်စု ၈ အုပ်စုမှသာ တောင်သူ အနည်းငယ်သာငွေရရှိကြောင်း သိရပါတယ်။ ယခုနှစ်တွင် ၁၃-၈-၂၀၁၂ ရက် နေ့ ငွေချေးနိုင်တဲ့ တောင်သူ ၆၄၈ ဦး သည် စိုက်ဧက ၄၃၄၀အတွက် ချေး‌ငွေ ရငွေမှာ ၂၁၇၀ သိန်း ရရှိသဖြင့် မြို့နယ်စိုက်ဧကပေါ်တွင် ၃၁ ရာခိုင်နှုန်းသာ ‌ငွေချေးရရှိခဲ့ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌကြီးခင်ဗျား။ တနင်္သာရီမြို့နယ်အတွင်းမှာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဖွင့်ပေးနိုင်ပါ က တနင်္သာရီမြို့နယ်မှ တောင်သူလယ်သမားများသည် ပိုမိုစိုက်ပျိုးနိုင်ပြီး ဝင်ငွေပိုမိုလာမှာ ဖြစ်တဲ့ အတွက် ဆင်းရဲမွဲတေမှုများ လျော့ပါးလာမှာ ဖြစ်ပါတယ်ခင်ဗျား။ ဒုတိယအချက်အနေနဲ့လည်း တနင်္သာရီမြို့နယ်အတွင်းမှာ ကွမ်းသီးစိုက်ပျိုးဧကမှာလည်း ၁၀၂၄၀ ဧကရှိပြီး နှစ်စဉ်ပိဿာချိန် ၄၆၀၈၀၀၀ ပိဿာခန့် ထွက်ရှိပါတယ်။ ကွမ်းသီးစိုက်တောင်သူများမှာလည်း ဥယျာဉ်ခြံလုပ်ငန်းများ အတွက် နိုင်ငံတော်ချေးငွေ မရရှိသဖြင့် မြေသြဇာဖိုး၊ ဆေးဖိုးနှင့် သီးနှံဆွတ်ခူးခ၊ အခွံခွာခနှင့် ထုတ်ပိုးခနှင့် နေလှန်းခများအတွက် ရာသီမတိုင်မီ သီးနှံကြိုတင်ရောင်းချကြရသည်။ ထို့ကြောင့် ထိုရောင်းချရသည့် ကွမ်းသီးတစ်လုံးလျှင် ကြိုတင်ငွေ ၄ ကျပ်၊ ၅ ကျပ်သာ ရရှိပြီး သီးနှံပေါ်ချိန်တွေ မှာတော့ ဈေးနှုန်းက ၁၃ ကျပ်၊ ၁၅ ကျပ်ထိ ဈေးနှုန်းရရှိသဖြင့် ကြိုတင်ရောင်းချရသော ဥယျာဉ်ခြံစိုက် တောင်သူများမှာလည်း ရင်းနှီးငွေမရှိသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုမရှိဘဲ ငွေကြေးပြည့်စုံသူ တို့၏ အကြွေးဖြင့်သာ နှစ်စဉ် နစ်သထက်နစ်လျက်ရှိပါတယ်။ ဒါကြောင့်မို့ တနင်္သာရီမြို့နယ်အတွင်းမှ တောင်သူလယ်သမားများအတွက် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်မှ ချေးငွေအလုံအလောက် ထုတ်ပေးနိုင်ရန်အတွက် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲတစ်ခုကို ဖွင့်လှစ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ ကို သိလိုကြောင်းပါခင်ဗျား။ ရှိလျှင်ဆိုရင်လည်း မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးနိုင်မည်ကို သိလို ပါတယ်။ ကွမ်းသီးစိုက်တောင်သူများမှာလည်း သီးနှံအတွက် စိုက်စရိတ်များ၊ ချေးငွေများ မြန်မာ့ လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲမှ ထုတ်ချေးပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းပါသည်။ 


 

ဖြေကြားသူ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်ဇော်
အဖြေ

တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၁ အုပ်စုရှိသည့်အနက် ၈ အုပ်စုကို မြိတ်ဘဏ်ခွဲမှ ငွေများ သွားရောက်ထုတ်ချေးပေး လျက်ရှိပါတယ်။ ယခင်က ကျေးရွာအုပ်စု ၂ အုပ်စုသာ ထုတ်ချေးပေးခဲ့ရာမှ ယခု ၈ အုပ်စုသို့ တိုးတက် ထုတ်ချေးပေးလျက်ရှိပါတယ်။ လာမယ့် ၂၀၁၃ မိုးချေးငွေအတွက် သာရဖုံနှင့် ပဝကျေးရွာအုပ်စုများမှ လည်း ငွေချေးရန် မြိတ်ဘဏ်ခွဲနှင့် ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျန်သည့်ကျေးရွာအုပ်စု များလည်း ငွေချေးရန်ဆက်သွယ်လာပါက မြိတ်ဘဏ်ခွဲမှ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ချေးငွေ များ ထုတ်ချေးရာတွင်လည်း မြိတ်မြို့နယ်သို့ သွားရောက်ထုတ်ချေးရခြင်း မဟုတ်ဘဲ တနင်္သာရီမြို့နယ် အတွင်းသာ ချေးငွေရရှိရေး အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါ၍ လောလောဆယ် အနေဖြင့် ဘဏ်ခွဲတစ်ခုဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားအပ်ပါတယ်။

ဒုတိယမေးခွန်းဖြစ်သည့် ကွမ်းသီးစိုက်ပျိုးသော ဥယျာဉ်ခြံတောင်သူများအား သင့်လျော်သော စိုက်စရိတ်ချေးငွေ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပတ်သက်ပြီးတော့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သည့် စပါး သီးနှံကို ဦးစားပေးအနေဖြင့် တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပါတယ်။ ၂၀၁၂ ခုနှစ် ဆောင်းချေးငွေတွင် နွေစပါးသီးနှံ တစ်ဧကလျှင် ငွေကျပ် ၈၀၀၀၀ နှုန်းဖြင့် တိုးမြှင့် ထုတ်ချေးပေးသွားမည်ဖြစ်ပါတယ်။ ပဲမျိုးစုံအပါအဝင် အခြားသီးနှံများကိုမူ တစ်ဧကလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပါတယ်။ အခြားသီးနှံအမယ်အသစ်များနှင့် နှစ်ရှည်သီးနှံများ ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လောလောဆယ်ထုတ်ချေးပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားပါသည်။