တောင်ကြီးမှ တာချီလိတ်မြို့သို့ သွားတဲ့ ပြည်ထောင်စုလမ်းမကြီးဟာ ပြည်ထောင်စုအစိုးရပိုင် ကတ္တရာခင်းလမ်းမကြီးဖြစ်ပြီး တာချီလိတ်မြို့ သို့မဟုတ် ထိုင်းနယ်စပ်ဘက်သို့သွားတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်ပါတယ်ရှင်။ တောင်ကြီးမြို့မှခိုလမ်မြို့ထိ နိုင်ငံသားပိုင်ကုမ္ပဏီများမှ BOTစနစ်ဖြင့် ဆောင်ရွက်ရန် ရရှိထားကြောင်း သိရှိရပါတယ်ရှင်။ ခိုလမ်မြို့မှ တာကော်တံတားအထိ ၆၃ မိုင်ရှိတဲ့ ကတ္တရာလမ်းမှာ လွန်စွာ ပျက်စီးနေပြီး နိမ့်ကျွံချိုင့်ခွက်ကြီးများမှာ အလွန်ကြီးမားနေ၍ ဖာထေးရုံမျှနှင့် ကောင်းမွန်နိုင်တဲ့ အနေအထား မရှိပါဘူးရှင်။ နိမ့်ကျွံချိုင့်ခွက်ကြီးများမှာ ဗင်တစ်စီးစာလောက်ရှိတဲ့အတွက် လမ်းပြုပြင်နေတဲ့ ဌာနမှာလည်း လွန်စွာအခက်အခဲတွေ့နေရပါတယ်။ အဆိုပါလမ်းပြုပြင်ရာတွင် စက်ယန္တရားလုံလောက်မှုမရှိခြင်း၊ လူအင်အား လုံလောက်မှုမရှိတဲ့အတွက်ကြောင့် အချိန်ကုန် လူပင်ပန်း ဖြစ်နေရပါတယ်ရှင်။ ထော်လာဂျီများဖြင့် မြေများ၊ ကျောက်များကိုသယ်ပြီးမှဖို့နေရပါတယ်။ မိုးရွာလျှင် ရွံ့ဗွက်အိုင်ကြီးအဖြစ် အသွင်ပြောင်းသွားတဲ့အတွက်ကြောင့် ပြည်သူနှင့်ယာဉ်များ သွားလာမှုအလွန်ခက်ခဲပါတယ်ရှင်။ ဒါကြောင့် ခိုလမ်မြို့မှ တာကော်တံတားထိ လမ်းပြုပြင်မယ့် အစီအစဉ်ကို ပြည်သူလူထုကိုယ်စား မေးမြန်းလိုခြင်း ဖြစ်ပါတယ်ရှင်။ ကျွန်မမေးမယ့် မေးခွန်းကတော့ (၁) တောင်ကြီးမြို့မှ ခိုလမ်မြို့အထိ လမ်းအဆင့်မြှင့်တင်ရေး၊ ပြုပြင်ရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံသားပိုင်ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် ချထားပေးရာတွင် ခိုလမ်မြို့မှ တာကော် တံတားအထိ နိုင်ငံသားပိုင်ပုဂ္ဂလိကကုမ္ပဏီများအား BOT စနစ်ဖြင့် ချထားပေးပါမည်လား။ (၂)ခိုလမ်မြို့မှ တာကော်တံတားအထိ လမ်းအဆင့်မြှင့်တင်ရေး၊ ပြုပြင်ရေးအတွက်နိုင်ငံတော်အစိုးရက မည်ကဲ့သို့ အစီအစဉ်ရှိပါသနည်း။ (၃)ခိုလမ်မြို့မှ တာကော်တံတားအထိလမ်းအဆင့်မြှင့်တင်ရေး၊ ပြုပြင်ရေးအတွက် အစီအစဉ်ရှိသည်ဆိုပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်နည်းကို မေးမြန်းပါသည်။
တောင်ကြီးမြို့မှ ခိုလမ်မြို့နယ်ခွဲသို့ ဆက်သွယ်ထားသောလမ်းဟာ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါ တယ်။ တောင်ကြီးမြို့မှနမ့်စန်အထိ ၁၆၆ မိုင် ၀ ဖာလုံမှ ၁၈၉ မိုင် ၀ ဖာလုံအထိ ၂၃ မိုင်ကို တိုင်းရင်းသားကုမ္ပဏီလုပ်ငန်းရှင်ဖြစ်တဲ့ နေမင်းရောင် ကုမ္ပဏီကနေ BOTစနစ်နဲ့ လမ်းထိန်းသိမ်းရေး ပြုပြင်ခြင်းများ၊ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ယခင်ကထက် ချောမွေ့စွာသွားလာနိုင်တဲ့ အခြေအနေရှိပါတယ်။ ကျန်လမ်းအပိုင်းဖြစ်တဲ့ နမ့်စန်-ခိုလမ်-တာကော် လမ်းအပိုင်း ၁၈၉ မိုင်၊ နမ့်စန်ကနေပြီးမိုင်တိုင် ၂၈၃ မိုင် ၄ ဖာလုံ၊ တာကော်အထိဟာ ၉၄ မိုင် ၄ ဖာလုံကို တိုင်းရင်းသားလုပ်ငန်းရှင် BOT စနစ်နဲ့ ဆောင်ရွက်လိုကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနကို တင်ပြလာလို့ရှိရင် စည်းကမ်းသတ်မှတ်ချက်များနဲ့အညီ စိစစ်ပြီးတော့ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း တိုင်းရင်းသားလုပ်ငန်းရှင်များ ဖိတ်ခေါ်၍လည်း လမ်းတံတားလုပ်ငန်းများကို BOT စနစ်ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ရန် နည်းပညာများလည်း ပံ့ပိုး ပေးလျက်ရှိပါတယ်။ နမ့်စန်-ခိုလမ်-တာကော်လမ်းအပိုင်းကို ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှာ ခွဲဝေရရှိတဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် လွိုင်လင်ခရိုင် အင်ဂျင်နီယာမှူးအဖွဲ့၊ နမ့်စန်မြို့နယ် အင်ဂျင်နီယာအဖွဲ့၊ ခိုလမ်မြို့နယ်ခွဲ အင်ဂျင်နီယာအဖွဲ့၊ ကွန်ဟိန်းမြို့နယ် အင်ဂျင်နီယာအဖွဲ့၊ ကာလိမြို့နယ်ခွဲ အင်ဂျင်နီယာအဖွဲ့တို့ကနေပြီးတော့ လမ်းများကို ဆောင်ရွက် လျက်ရှိပါတယ်။ ၎င်းလုပ်နေတဲ့လမ်းပိုင်းကတော့သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းက ၉၄ မိုင်နဲ့ ၄ ဖာလုံ၊ လမ်းကြမ်းသောအပိုင်းများမှာကတ္တရာလမ်းအနိမ့်၊အမြင့်ညှိခြင်း၊ ရေပိတ်လွှာလောင်းခြင်းက ၁၇ မိုင်၊ ကတ္တရာလမ်းပေါက်များဖာထေးခြင်းက ၅၀ မိုင်၊ သစ်သားတံတားများကို ပြင်ဆင်ခြင်းက ၁၁ စင်းတို့ရှိ ပါတယ်။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးဟာ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ အရေးပါသောလမ်းမကြီးဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစပြီးတော့အပိုင်းလိုက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက် တာဖြစ်တဲ့အတွက် ဆက်သွယ်သွားလာမှု ချောမွေ့လျက်ရှိပါတယ်။ တောင်ကြီး- လွိုင်လင်လမ်းပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းပိုင်းများဟာ BOT စနစ်နဲ့လမ်းတံတား အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် တာဖြစ်တဲ့အတွက် ချောမွေ့နေပြီဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ နမ့်စန်-ခိုလမ်-တာကော်လမ်းပိုင်း လမ်းပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ငွေလုံးငွေရင်းနဲ့ သာမန်ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေများတင်ပြတောင်းခံပြီး ကောင်းမွန်အောင်ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
