မိုးညိုမြို့နယ်ဟာ ၁၉၈၀-၁၉၈၅ ခုနှစ် အတွင်းမှာမြစ်ရေတိုက်စားမှုကြောင့် သုံးကြိမ်ရွှေ့ပြောင်းရတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ ယခုအခါမှာ မိုးညိုမြို့နယ်ဟာ လယ်ခင်းများ ကောင်းမွန်ပြီး ဆီထွက်သီးနှံနှင့်ပတ်သက်၍ သာယာဝတီခရိုင်ရဲ့ ဆီအိုးဖြစ်တဲ့အပြင် ဂုန်လျှော် စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးပထမဆု လေးကြိမ်ရရှိခဲ့တဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။ လယ်ယာ ကိုင်းကျွန်းများ ကောင်းလာတာနဲ့အမျှ စီးပွားရေးဖွံ့ဖြိုးစ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါကြောင့် ကုန်စည် စီးဆင်းမှုအဆင်ပြေချောမွေ့စေရေးနဲ့ ခရီးသွားပြည်သူများလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ဟာ မိုးညိုမြို့မှ ရန်ကုန်-ပြည်လမ်းမကြီးသို့ အဓိကထွက်ပေါက်ဖြစ်သော မိုးညို-မင်းလှလမ်းပိုင်းရှိ ထန်းပင်ကုန်း-ဘေလီတံတားသည် ၁၉၈၀-၁၉၈၂ ခုနှစ်မှာ စတင်ဖွင့်ခဲ့ပြီး မိုးအခါမှာ မကြာခဏ ဆိုသလို ခရီးသွားပြည်သူများ လမ်းဆင်းလျှောက်ရခြင်း၊ စားကုန်များကို ယာဉ်ငယ်များနှင့်ကဲ့ရခြင်းများ ဖြစ်ပေါ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်မေးမြန်းလိုတဲ့ မေးခွန်းကတော့ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးနှင့် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ပေအရှည် ၅၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၃၄ ပေ ရှိထန်းပင်ကုန်း-ဘေလီတံတားအား အဆင့်မြှင့်တင်ဆောင်ရွက်ပေး ရန် ရှိ၊ မရှိ သိလို ပါကြောင်း မေးမြန်းပါသည်။
မိုးညိုမြို့နယ် မင်းလှ-မိုးညို လမ်းပေါ်မှာ ထန်းပင်ကုန်း ဘေလီတံတားဟာ ၁၀ မိုင် ၅ ဖာလုံမှာရှိပါတယ်။ တံတား အရှည် ၅၀၀ ပေ ရှိပြီးတော့အကျယ်ကတော့ ၁၂ ပေရှိပါတယ်။ ဘေလီတံတားအမျိုးအစားဖြစ်ပါတယ်။ တံတားအမြင့် ကတော့ ၃၂ပေရှိပြီး မေခမြစ်ကိုဖြတ်သန်းပြီးတော့ တည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ ထန်းပင်ကုန်း တံတားရဲ့ ခန်းဖွင့်ဖွဲ့စည်းပုံကိုတင်ပြရရင် အရှည် ၁၂၀ ပေ တစ်လွှာတစ်ထပ်ဘေလီဖြစ်ပါတယ်။ အရှည်ပေ ၈၀ ပေ နှစ်လွှာတစ်ထပ်ဘေလီလည်းပါပါတယ်။ အရှည်ပေ ၃၀၀ ပေ တစ်လွှာတစ်ထပ် ဘေလီများနဲ့ပေါင်းစပ်ပြီးတော့ တည်ဆောက်ထားတာဖြစ်ပါတယ်။ တံတားတိုင်များကတော့ သစ်သား တိုင်စင်များနဲ့သာလျှင် တည်ဆောက်ပေးနိုင်တာဖြစ်ပါတယ်။ ထန်းပင်ကုန်းတံတားကို ၁၉၈၀ ခုနှစ်က တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။ နှစ်ကာလကလည်းကြာမြင့်ပြီဖြစ်ပါတယ်။ သစ်သားတိုင်စင်များ လည်းဆွေးမြေ့လာပြီဖြစ်တဲ့အတွက် သံမဏိ၊ သံပေါင်များအားနည်းခြင်းလည်း ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သာယာဝတီခရိုင်၊ အင်ဂျင်နီယာမှူးနဲ့အဖွဲ့ကို နှစ်စဉ်ခွဲဝေပေးသော ရန်ပုံငွေနဲ့ ပြင်ဆင်ထိန်းသိမ်းခြင်းများလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၊ သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေမှာ သစ်သားကြမ်းခင်း၊ ဘီးလမ်းများအသစ်လဲခြင်း ဆက်လက် ဆောင်ရွက်လျက်ရှိပြီး သစ်သားတိုင်များလဲလှယ်ခြင်းကိုလည်း ရေနည်းချိန်ပွင့်လင်းရာသီမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မိုးညိုမြို့နယ်၊ မင်းလှ-မိုးညို လမ်းပေါ်ရှိတဲ့ ထန်းပင်ကုန်းဘေလီတံတားအား အခိုင်အမာသံကူကွန်ကရစ်တံတားအဖြစ်တည်ဆောက် သွားရန်အတွက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေတွင် တင်ပြတောင်းခံထားပြီးဖြစ် ကြောင်းဖြေကြားပါသည်။
