ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ စစ်တွေမြို့များတွင် ပေးဆောင်ရသော စာချုပ်စာတမ်း၊ မှတ်ပုံတင်ကြေးသည် တရားဝင်ခြောက်ကျပ်ပေးဆောင်ရသည်ဟု သိရှိရပြီး ကင်းလွတ်ခွင့်မရှိသောမြို့များတွင် စာချုပ်စာတမ်း၊ မှတ်ပုံတင်ကြေးမှာ စာချုပ်၊ စာတမ်းပါငွေတန်ဖိုး၏ နှစ်ရာခိုင်နှုန်း ပေးဆောင်နေရပါသည်။ စာချုပ်စာတမ်းမှာပါသော တန်ဖိုးသိန်း ၁၀၀ ဆိုလျှင် ကင်းလွတ်ခွင့်ရှိသော ငါးမြို့တွင် စာချုပ်စာတမ်း၊ မှတ်ပုံတင်ကြေး ခြောက်ကျပ်သာပေးရပြီး ကျန်အခြားမြို့များတွင် နှစ်သိန်းကျပ်ပေးရပါသည်။ စာချုပ်၊ စာတမ်း၊ မှတ်ပုံတင်ကြေး တစ်ပြေးညီ မရှိခြင်းသည် ဥပဒေအရာတွင် ပြည်သူများမျှတစွာမခံစားရသည့်သဘော သက်ရောက်နေပါသည်။ ထို့ကြောင့် စာချုပ်စာတမ်း၊ မှတ်ပုံတင်ကြေး တစ်တိုင်းပြည်လုံးတွင် တစ်ပြေးညီဖြစ်စေရန်နှင့် ပြည်သူလူထုသိသာ မြင်လွယ်အောင် စာချုပ်စာတမ်း၊ မှတ်ပုံတင်ကြေးများကို စာချုပ်စာတမ်း၊ မှတ်ပုံတင်ပြုသောရုံးများတွင် အသိပေးကြော်ငြာကပ်ထားရန်အတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းပါသည်။
မေးခွန်း၏ ပထမပိုင်းကို ဖြေကြားရလျှင် တည်ဆဲစာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်-၁၈/၉၇ အရ နိုင်ငံတစ်ဝန်းလုံး ၌ အာဏာသက်ရောက်ပါကြောင်း၊ ယင်းအက်ဥပဒေပုဒ်မ-၇၈ အရ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းတွင် ပေးဆောင်ရသည့် အခကြေးငွေများကို နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ထားရှိရန် ပြဋ္ဌာန်းထားရှိပါ တယ်။ ၁၉၁၃ ခုနှစ်၊ အထွေထွေအရပ်ရပ်ဌာန၏ အမိန့်ကြော်ငြာစာအမှတ်-၃၄၄ ဖြင့် သတ်မှတ်ထား ရှိခဲ့သော စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း အခကြေးငွေစာရင်းအား ၁၉၄၇ ခုနှစ်၊ ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန၏ အမိန့်ကြော်ငြာစာအမှတ်-၂၂၂ ဖြင့် ပြင်ဆင်ချက်အရ စာချုပ်စာတမ်း အမျိုးအစား တစ်ခုချင်းအလိုက် လုပ်ငန်းအမျိုးအစားအလိုက် ထမ်းဆောင်ရမည့် စာချုပ်စာတမ်းမှတ်ပုံတင် အခကြေးငွေစာရင်းကို ယနေ့အချိန်အထိ ပြင်ဆင်ပြောင်းလဲခြင်းမရှိသေးဘဲ နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြေးညီ သတ်မှတ်ထားရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တော်ကြီး သာဓကပြထားသည့် မှတ်ပုံတင်ခများကို လေ့လာဆန်းစစ် ထောက်ရှုကြည့်ပါလျှင် စာချုပ်စာတမ်းအမျိုးအစားမတူသဖြင့် ထမ်းဆောင်ပေးသွင်းရသည့် မှတ်ပုံတင်ခကွာခြားသွားခြင်း ဖြစ်ပါတယ်။ ဥပမာ - ပိုင်ဆိုင်ကြောင်း ကြေညာစာချုပ်၊ ကျမ်းကျိန်လွှာ၊ ကုန်အမှတ်တံဆိပ်တို့အား မှတ်ပုံတင်ပြုလုပ်ပါက မှတ်ပုံတင်ခမှာ ၆ ကျပ် ဖြစ်ပြီး၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာ(General Power)နှင့် အထူးကိုယ်စားလှယ်လွှဲစာ(Special Power)တို့ အတွက် မှတ်ပုံတင်ခမှာ ၄ ကျပ်သာ ဖြစ်ပါတယ်။ မရွေ့ပြောင်းနိုင်သော ပစ္စည်းများရောင်းချခြင်း၊ အပိုင်ပေးခြင်း၊ ပစ္စည်းလဲလှယ်စာချုပ်၊ အစုစပ်စာချုပ်၊ အပေါင်စာချုပ်၊ အငှားစာချုပ်၊ ပစ္စည်းခွဲဝေ စာချုပ်စာတမ်းများ မှတ်ပုံတင်ခမှာ ပစ္စည်း တန်ဖိုး ကျပ် ၅၀၀၀၀ အောက်ဖြစ်ပါက ကျပ် ၁၀၀၀ လျှင် ၄ ကျပ်နှုန်း ကျပ် ၅၀၀၀၀ အထက်ဖြစ်ပါက ကျပ် ၁၀၀၀ လျှင် ၂ ကျပ်နှုန်း ထမ်းဆောင်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ယခုတင်ပြသောနှုန်းထားများမှာ လက်ရှိကျင့်သုံးနေဆဲဖြစ်သည့် နှုန်းထားများ ဖြစ်ပါ တယ်။
ကိုယ်စားလှယ်ကြီးမေးမြန်းထားတဲ့မေးခွန်း၏ ဒုတိယပိုင်းအား ဆက်လက်ရှင်းလင်းြဖေကြား ပါမယ်ခင်ဗျား။ အဆိုပါစာချုပ်စာတမ်းမှတ်ပုံတင်အက်ဥပဒေပုဒ်မ ၇၉ မှာ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းအတွက် ပေးဆောင်ရမည့် အခကြေးငွေများကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးအားလုံးနှင့် လူအများမြင်နိုင်အောင် ထားရှိရမည်ဟူ၍ ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး များအားလုံးမှာ စာချုပ်စာတမ်းမှတ်ပုံတင်အခကြေးငွေများကို ပြည်သူလူထုသိသာမြင်လွယ်အောင် အသိပေးကြော်ငြာထားရန် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း ရှင်းလင်းြဖေကြား အပ်ပါတယ်။ ပြည်သူလူထု၏ ရပိုင်ခွင့်နှင့်အကျိုးစီးပွားများမဆုံးရှုံးစေရေး ရသင့်ရထိုက်သော အခွင့်အရေးများရရှိ စေရေး၊ လိမ်လည်ချုပ်ဆိုမှုမဖြစ်စေရေးဟူသည့် စာချုပ်စာတမ်းမှတ်ပုံတင်ခြင်း၏ ရည်ရွယ်ချက်များ အရ အများပြည်သူအကျိုးစီးပွားအတွက် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူလူထုအနေဖြင့် ယခုထက်ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလေ့လာနိုင်ရေးအတွက် ပိုမို၍ထိရောက်ကောင်းမွန်သော နည်းလမ်းများကို အသုံးပြုပြီး အသိပေး ကြော်ငြာခြင်းလုပ်ငန်းများကို တိုးချဲ့စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားပါသည်။
