မြန်မာနိုင်ငံအတွင်းရှိနေရာဒေသအနှံ့အပြား မှာရှိသော စွမ်းအင်ဝန်ကြီးဌာနလက်အောက်ရှိ စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့လေလံတင် ရောင်းချပြီး နိုင်ငံတော်မှ သတ်မှတ်ပေးထားသောဈေးနှုန်းဖြင့် လစဉ်ခွဲတမ်းပေးရောင်းချစေခဲ့ပါတယ်။ အဆိုပါလေလံရရှိသော ပုဂ္ဂလိကဆိုင်များဟာ နိုင်ငံတော်မှ သတ်မှတ်ပေးထားသော ဈေးနှုန်းအတက် အကျအတိုင်းရောင်းချသော်လည်း မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို လစဉ်ထုတ်ပေး နေသောခွဲတမ်းများမှာ တစ်မြို့နယ်နှင့် တစ်မြို့နယ်မတူညီခြင်း၊ အသစ်တိုးလာသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကိုလည်း စက်သုံးဆီခွဲတမ်းထုတ်မပေးနိုင်ခြင်းတို့ကို တွေ့ရှိကြားသိရပါတယ်။ စက်သုံးဆီဈေးနှုန်းမှာလည်း ဒီဇယ်ဆီအနေဖြင့် ဈေးနှုန်းပြင်ပပေါက်ဈေးနဲ့မကွာဟသော်လည်း ဓာတ်ဆီဈေးနှုန်းကွာဟနေမှုကြောင့် မသမာမှုများရှိနေတာကိုလည်း ကြားသိနေရပါတယ်။ နိုင်ငံတော် အစိုးရထံမှရရှိတဲ့ လစဉ်ခွဲတမ်းစက်သုံးဆီများကို ပိုလျှံအောင်နည်းမျိုးစုံနဲ့လုပ်ဆောင်ကြပြီး အပြင်မှာ ထုတ်ရောင်းနေကြတဲ့အတွက် လက်ရှိနိုင်ငံတော်အစိုးရရဲ့ မူဝါဒများနဲ့ကိုက်ညီမှုမရှိတာကိုလည်း တွေ့ရှိနေရပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရထံမှ လေလံရရှိထားကြသော စက်သုံးဆီဆိုင် များအား ပြင်ပပုဂ္ဂလိကစက်သုံးဆီဆိုင်များကဲ့သို့ တူညီသောဈေးနှုန်းဖြင့် လိုသလောက်ရောင်းချ ပေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိသိရှိလိုကြောင်း မေးမြန်းပါသည်။
[ဦးသန်းမြင့်၊ ဝမ်းတွင်းမဲဆန္ဒနယ်ကိုယ်စား ဦးဌေးဝင်း၊ လယ်ဝေးမဲဆန္ဒနယ်မှ မေးမြန်းပါသည်။]
နိုင်ငံတစ်ဝန်းရှိ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကသို့အပြီးအပိုင်လွှဲပြောင်းရောင်းချခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇွန်လမှစ၍ ပုဂ္ဂလိကစက်သုံးဆီတင်သွင်းရောင်းချခြင်းလုပ်ငန်းကို ဈေးကွက်စီးပွားရေးစနစ် နဲ့အညီ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ ထိုစဉ်က ဓာတ်ဆီကိုပြည်တွင်းမှာ တစ်လလျှင်ဂါလန် ၁၀ သန်းခန့်ထုတ်လုပ်ပြီး ပုဂ္ဂလိကကဏ္ဍသို့တစ်လလျှင် ဂါလန် ၈.၈ သန်းခန့်ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များအနေနဲ့ 92 Ron ဓာတ်ဆီကို အကန့်အသတ်မရှိဝယ်ယူ တင်သွင်းခွင့်ရရှိထားသော်လည်း ဒီဇယ်ဆီကဲ့သို့ ပြင်ပမှအပြည့်အဝတင်သွင်းဖြန့်ဖြူးနိုင်မှုမရှိသေး တာကြောင့် ယခင်က ဓာတ်ဆီဖြန့်ဖြူးရောင်းချခဲ့တဲ့ နိုင်ငံပိုင်အရောင်းဆိုင် ၂၃၇ ဆိုင်သို့ လစဉ်ခွဲဝေ ဖြန့်ဖြူးပေးခဲ့တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီဂါလန်ပမာဏအတိုင်း ပုဂ္ဂလိကသို့ လစဉ်ဆက်လက်ခွဲဝေ ဖြန့်ဖြူးပေးခဲ့ပါတယ်။ ပြည်သူလူထုအနေနဲ့စက်သုံးဆီများကို တစ်ပြည်လုံးနေရာအနှံ့အပြားမှာ အလွယ်တကူအဆင်ပြေစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီသိုလှောင် ဖြန့်ဖြူးရောင်းချခွင့်လိုင်စင်များကိုစိစစ်ထုတ်ပေးခဲ့ပြီး အရောင်းဆိုင်အသစ်များကိုဖွင့်လှစ်ရောင်းချခွင့် ပြုလျက်ရှိရာ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကုန်မှာ ဓာတ်ဆီဖြန့်ဖြူးရောင်းချနိုင်တဲ့အရောင်းဆိုင် အသစ် ၃၄၇ ဆိုင်အထိ ထပ်မံဖွင့်လှစ်ရောင်းချနေပြီဖြစ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ လည်း 92 Ron ဓာတ်ဆီကို ပြည်ပမှလုံလောက်စွာ တင်သွင်းဖြန့်ဖြူးနေပြီဖြစ်တာကြောင့် ဆိုင်အဟောင်းများသို့ ပြည်တွင်းထုတ်ဓာတ်ဆီဖြန့်ဖြူးမှုပမာဏကို ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှစ၍ လျှော့ချခဲ့ပြီး ဆိုင်အသစ်များသို့ခွဲဝေဖြန့်ဖြူးခဲ့ရာ အရောင်းဆိုင်များရဲ့တည်နေရာဒေသနှင့် ယာဉ် သိပ်သည်းမှုအပေါ်မူတည် သုံးသပ်ကာ ခွဲဝေဖြန့်ဖြူးပေးခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ ပြည်တွင်းထုတ်ဓာတ်ဆီခွဲဝေဖြန့်ဖြူးပေးခဲ့တဲ့ ပမာဏကိုရှင်းလင်းတင်ပြပါမယ်-
(က) ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ ဆိုင်အဟောင်း ၂၃၇ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၆.၁၈၉ ဂါလန်သန်း၊ ဆိုင်သစ် ၁၇၈ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ဝ.၅၁၄ ဂါလန်သန်း၊ စုစုပေါင်း ၄၁၅ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၆.၇၀၃ ဂါလန်သန်းခွဲဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။
(ခ) ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှာ ဆိုင်အဟောင်း ၂၃၇ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၅.၃၁၅ ဂါလန်သန်း၊ ဆိုင်သစ် ၂၀၄ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၁.၂၅၇ ဂါလန်သန်း၊ စုစုပေါင်း ၄၄၁ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၆.၅၇၂ ဂါလန်သန်းခွဲဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။
(ဂ) ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ ဆိုင်အဟောင်း ၂၃၇ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၅.၃၃၈ ဂါလန်သန်း၊ ဆိုင်သစ် ၂၅၉ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၂.၆၅၁ ဂါလန်သန်း၊ စုစုပေါင်း ၄၉၆ ဆိုင်သို့ ပြည်တွင်းထုတ်ဓာတ်ဆီ ၇.၈၉၉ ဂါလန်သန်းခွဲဝေဖြန့်ဖြူး ပေးခဲ့ပါတယ်။
ဒါဟာဆိုရင် လုပ်ငန်းရှင်အသစ်အဟောင်းမခွဲခြားဘဲ မျှတစွာခွဲဝေ ဖြန့်ဖြူးပေးနေတာဖြစ်ပါ တယ်။ စွမ်းအင်ဝန်ကြီးဌာနကထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီကို တစ်နိုင်ငံလုံးမှာတစ်ပြေးညီ တစ်ဂါလန်လျှင် ၂၅၀၀ ကျပ်နဲ့ ဆိုင်အဟောင်းတွေကနေ ပြန်လည်ဖြန့်ဖြူးရောင်းချစေခဲ့ရာမှာ လက်တွေ့အောက်ခြေဖြန့်ဖြူးရေးမှာ ကမောက်ကမနဲ့ နိုင်ငံတော်ရဲ့စေတနာကို ပြည်သူများကမခံစား ရဘဲ လုပ်ပိုင်ခွင့်ရသူနှင့် ဝယ်ရောင်းသမားများကသာ အဓိကအကျိုးခံစားနေရတဲ့အတွက် လွှတ်တော် ရဲ့လိုလားချက်၊ ပြည်ထောင်စုအစိုးရရဲ့ခွင့်ပြုချက်အရ နိုင်ငံတော်ကထိုက်သင့်တဲ့ဈေးနှုန်းအရှင်ဖြင့် ပြင်ဆင်သတ်မှတ်ဖြန့်ဖြူးရောင်းချပေးခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့ရာမှာ စွမ်းအင်ဝန်ကြီးဌာနရဲ့ ပြည်တွင်းထုတ်ဓာတ်ဆီရောင်းဈေးနှုန်းကို ၁-၁-၂၀၁၂ ရက်နေ့မှာ တစ်ဂါလန်လျှင် ၂၃၅၀ ကျပ်မှ ၃၀၀၀ ကျပ်သို့ စတင်ပြင်ဆင်သတ်မှတ်ဖြန့်ဖြူးခဲ့ပြီး ၈-၁၀-၂၀၁၂ ရက်နေ့ကစပြီး ယနေ့အထိ တစ်ဂါလန်လျှင် ၃၃၀၀ ကျပ်နဲ့ ပြင်ဆင်သတ်မှတ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ဤဈေးနှုန်း သည်ပင်လျှင် ပြည်သူများသွားလာမှုအဆင်ပြေစေရေးအတွက် ရောင်းသင့်ရောင်းထိုက်တဲ့ဈေးနှုန်း ထက် အနည်းငယ်လျှော့ချ ဖြန့်ဖြူးပေးနေတာဖြစ်ကြောင်းတင်ပြလိုပါတယ်။ ပုဂ္ဂလိကအရောင်းဆိုင် တွေက ပြန်လည်ဖြန့်ဖြူးရောင်းချတဲ့ဈေးနှုန်းကိုလည်း ကန့်သတ်ထားဖို့မဖြစ်သင့်တော့တဲ့အတွက် သင့်တင့်တဲ့အမြတ်အစွန်းနဲ့ လွတ်လပ်စွာပြန်လည်ဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပုဂ္ဂလိကလုပ်ငန်းရှင်တွေက ပြည်ပမှတင်သွင်းလာတဲ့ စက်သုံးဆီများအတွက် တရားဝင်ကျသင့်တဲ့အခွန်အခပေးဆောင်စေပြီး ထိုက်သင့်တဲ့အမြတ်အစွန်း ရယူကာ ဈေးနှုန်းအရှင်နဲ့ လွတ်လပ်စွာဖြန့်ဖြူးရောင်းချခွင့်ပြုခဲ့ရာမှာ ပုဂ္ဂလိကဆိုင်တွေစတင်ဖွင့်လှစ် ရောင်းချခဲ့တဲ့အချိန်မှစပြီး ယခုအချိန်အထိ ဒီဇယ်နှင့် 92 Ron ဓာတ်ဆီတို့ကို ဈေးကွက်စီးပွားရေး စနစ်နဲ့အညီ ဈေးနှုန်းအရှင်နဲ့ လွတ်လပ်စွာလိုသလောက် ဖြန့်ဖြူးရောင်းချပေးနေတာကိုတွေ့ရှိရပါ တယ်။ ပုဂ္ဂလိကအရောင်းဆိုင်တွေက သတ်မှတ်ရောင်းချတဲ့ရောင်းဈေးနှုန်းကို အခွန်အကောက်နဲ့ ထိန်းချုပ်သွားနိုင်ဖို့အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အရောင်းဆိုင်တစ်ဆိုင်ချင်းဆီသို့ စွမ်းအင်ဝန်ကြီးဌာနကခွဲဝေဖြန့်ဖြူးပေးခဲ့တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီဂါလန်ပမာဏနှင့် ရောင်းချပေး ခဲ့တဲ့ တစ်ဂါလန်ရောင်းဈေးနှုန်း၊ ဖြန့်ဖြူးထုတ်ပေးသည့် သိုလှောင်ဖြန့်ဖြူးရေးဌာနအလိုက် ကောက်ခံ ခဲ့သည့်သယ်ယူပို့ဆောင်ခ၊ တစ်ဂါလန်နှုန်းထားများစတဲ့ အသေးစိတ်စာရင်းများကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးများနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့သို့ လစဉ်ပြုစုပေးပို့လျက်ရှိပါတယ်။
နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးမဟာဗျူဟာ (Reform Strategy) အရ စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ မကြာမီလိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ပြီး ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးဆန်ဆန်ဆောင်ရွက်သွားတော့မှာဖြစ်တဲ့အတွက် ပြည်တွင်းထုတ်ဓာတ်ဆီကို အရှုံးခံထုတ်လုပ် ဖြန့်ဖြူးပေးခြင်းကို လျှော့ချရပ်ဆိုင်းလိုက်တဲ့အချိန်မှာ ပုဂ္ဂလိကအစီအစဉ်ဖြင့်သာ 92 Ron ဓာတ်ဆီကို ပြည်ပမှအပြည့်အဝ ဝယ်ယူတင်သွင်းပြီး ပုဂ္ဂလိကအရောင်းဆိုင်များမှ လွတ်လပ်စွာလိုသလောက် ဖြန့်ဖြူးရောင်းချသွားရန်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
