ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာဖြင့် လုပ်ငန်း နယ်ပယ်အသီးသီးမှ ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များကို နိုင်ငံတော်မှ ဂုဏ်ပြုတဲ့ အနေနဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးများချီးမြှင့်လျက်ရှိပါတယ်။ နိုင်ငံတော်အတွက် ထူးချွန်စွာထမ်းဆောင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းများကို စီမံထူးချွန်ဆုအဆင့်ဆင့် ချီးမြှင့်ခဲ့ပါတယ်။ ထို့အတူ လူမှုရေးထူးချွန်စွာ ဆောင်ရွက်တဲ့ပုဂ္ဂိုလ်များကိုလည်း လူမှုထူးချွန်ဆုစသည်ဖြင့် ချီးမြှင့်ခဲ့ပါတယ်။ ဘာသာ၊ သာသနာ အတွက် ထူးချွန်စွာဆောင်ရွက်သူများကို ဘွဲ့တံဆိပ်များ၊ အဆောင်အယောင်များဖြင့်လည်း ဂုဏ်ပြု ချီးမြှင့်ခဲ့ပါတယ်။ ထို့အတူ ထူးချွန်စွာသာသနာပြုခဲ့တဲ့ သာသနာပြုနေကြတဲ့ သာသနာ့ဝန်ထမ်း ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကိုလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ အလှူခံရရှိရေးအတွက် သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ပြည့်စုံပြီးတော့ သက်ဆိုင်ရာသို့လျှောက်ထားခဲ့ကြတဲ့ အချို့သော စာသင်တိုက်ကြီးများမှ သံဃာတော်တို့မှာ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်စသည်ဖြင့် ဆက်တိုက်လျှောက်ထား ခဲ့ကြသော်လည်း ယနေ့အထိ မရရှိသေးသည်ကို တွေ့ရှိပါတယ်။ သို့ပါ၍ အဆိုပါကိစ္စအတွက် သက်ဆိုင်ရာမှ မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း တင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီး ခင်ဗျား။ သာသနာရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို ရန်ကုန်မှာ ဖွင့်လှစ်သင်ကြားပို့ချတဲ့သင်တန်း တက်ရောက်ရန်အတွက် အရည်အချင်းသတ်မှတ်ချက် များနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်များကို ဝင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီမှာ အရည်အချင်းသတ်မှတ်ချက်တစ်ခုက အသက် ၄၅ နှစ်ထက် ကြီးသူများကို သင်တန်းဝင်ခွင့်မပြုကြောင်း သိရှိရပါတယ်။ ဒီသင်တန်းကလည်း အင်္ဂလိပ်လို ပို့ချတဲ့သင်တန်းဖြစ်တဲ့အတွက်ကြောင့် အဆင့်မြှင့်ပြီးတော့ Diploma Of Buddhism ဘွဲ့လက်မှတ်၊ အောင်လက်မှတ်ပေးတဲ့သင်တန်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် အသက်ကန့်သတ်ချက် ကြောင့် ကျန်သတ်မှတ်ချက်အရည်အချင်းနဲ့ပြည့်စုံတဲ့ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဝင်များဟာဖြင့် ထဲထဲဝင်ဝင်လေ့လာဆည်းပူး သင်ယူလိုသူများဟာ လွန်စွာအခက်အခဲတွေ့နေ ပါတယ်။ သို့ပါ၍ အဆိုပါအသက်ကန့်သတ်ချက်များကို လျှော့ပေါ့ပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။
ပထမမေးခွန်း(၁)အနေနဲ့ ဖြေကြားရမယ် ဆိုလို့ရှိရင်တော့ နိုင်ငံတော်မှနှစ်စဉ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ရောက်တိုင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များဆက်ကပ်လှူဒါန်းလျက်ရှိရာ သက်ဆိုင်ရာသတ်မှတ် အရည်အချင်း နှင့်ပြည့်စုံသော ရဟန်းသံဃာများသည် သုံးနှစ်တိုင်ဆက်တိုက်လျှောက်ထားပါလျက် မရရှိဘဲဖြစ်နေ၍ ယင်းကိစ္စအပေါ် သက်ဆိုင်ရာမှ မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိလိုပါသည်ဟူသောမေးခွန်းနှင့် ပတ်သက်၍ မေးခွန်းရှင်သာမက အခြားဗုဒ္ဓဘာသာဝင်များပါ သိရှိနိုင်ရန်အတွက် အကျယ်တဝင့် ရှင်းလင်းတင်ပြလိုပါတယ်။ဘွဲ့တံဆိပ်ဆက်ကပ်သည့် အစဉ်အလာသမိုင်းကိုတင်ပြရရင် ဧတဒဂ်ဘွဲ့ထူး ဖြင့် ချီးမြှင့်ခြင်းကို ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင် စတင်ဆောင်ရွက်တော်မူခဲ့ပါတယ်။ ဘုရားရှင် ကိုယ်တော်တိုင် ဘိက္ခူ၊ ဘိက္ခူနီ(ရဟန်းယောကျ်ား၊ ရဟန်းမိန်းမ) ဥပါသကာ၊ ဥပါသိကာ (အမျိုးသား၊ အမျိုးသမီး)အစရှိတဲ့ ပရိတ်သတ်လေးပါးအနက် ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ စွမ်းရည်အလိုက် ဘိက္ခူရဟန္တာ ၄၂ ပါး၊ ဘိက္ခူနီထေရီ ၁၃ ပါး၊ လူပုဂ္ဂိုလ်အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦး တို့အား ဧတဒဂ်ဘွဲ့များအသီးသီး ချီးမြှင့်ခဲ့ပါတယ်။
ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ စွမ်းရည်ထူးချွန်မှုအလိုက် ဧတဒဂ်ဘွဲ့ချီးမြှင့်ရာမှာ ဥပမာအားဖြင့် အရှင်သာရိပုတ္တရာရဟန္တာမြတ်ကြီးသည် ဘုရားရှင်ပြီးလျှင် ဉာဏ်ပညာအရာ၌ အကြီးဆုံးပုဂ္ဂိုလ်ကြီး ဖြစ်ရာ ကောင်းကင်မှရွာချသော မိုးရေပေါက်အရေအတွက်ကိုပင် ရေတွက်ပြနိုင်သော ဉာဏ်တော်ကြီးအား ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်ကြီးဖြစ်ပါ၍ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ပညာအရာတွင်အသာဆုံး အမြတ်ဆုံးဧတဒဂ်ဘွဲ့ကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်။ အလားတူပဲ အရှင်မောဂ္ဂလာန်ရဟန္တာတော်ကြီး ဟာလည်းပဲ မြေလျှိုးမိုးပျံနိုင်၍ လိုအပ်လျှင် အောက်အဝီစိ၊ အထက်ဘဝဂ်ဗြဟ္မာ့ပြည်တိုင်အောင် သွားရောက်နိုင်သည့် ပုဂ္ဂိုလ်ကြီးဖြစ်သဖြင့် တန်ခိုးအရာ၌ အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့ကိုချီးမြှင့်ခဲ့ ပါတယ်။ အချို့ပုဂ္ဂိုလ်များသည် သူတစ်ပါးမဆောင်ရွက်နိုင်သည့်ကိစ္စကို ထူးထူးခြားခြားဆောင်ရွက်နိုင် သောကြောင့် ဧတဒဂ်ဘွဲ့ပေးခြင်းများလည်းရှိပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အရှင်မောဃရာဇ မထေရ်ဟာဆိုလို့ရှိရင် သင်္ကန်းအကောင်းများကိုရရှိပါက ကိုယ်တိုင်အသုံးမပြုဘဲ အခြားသံဃာတော် များကို ထပ်ဆင့်ပေးကမ်းလှူဒါန်းပြီး မိမိကိုယ်တိုင်မူ သင်္ကန်းအဟောင်းအနွမ်းများကိုသာလျှင် ခြိုးခြံ၍ ရာသက်ပန်ဝတ်ဆင်အသုံးပြုသွားသည့်အတွက် ယင်းမထေရ်မြတ်၏ ခြိုးခြံသည့်အကျင့်ကို အသိအမှတ်ပြုသည့်အနေဖြင့် မြတ်စွာဘုရားရှင်က ၎င်းရဟန္တာအရှင်မြတ်အား ခေါင်းပါးသည့် သင်္ကန်းကို ဆောင်သည့်နေရာတွင် အရှင်မောဃရာဇသည် အသာဆုံးအမြတ်ဆုံးအဖြစ် ဧတဒဂ်ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။
ကျန်ထူးခြားသည့် မြတ်စွာဘုရားရှင် ချီးမြှောက်တော်မူသည့် ဘွဲ့တစ်ခုကို ကြည့်ပါလျှင် မိထွေးတော်ဂေါတမီသည် ဘိက္ခူနီသာသနာတော်ကို ထူထောင်နိုင်ရန်အတွက် ဇွဲလုံ့လကြီးစွာဖြင့် မြတ်စွာဘုရားရှင်ထံ အကြောင်းအကျိုးခိုင်ခိုင်လုံလုံဖြင့် အကြိမ်ကြိမ်လျှောက်ထားနိုင်ခဲ့သည့်အတွက် မြတ်စွာဘုရားမှ ဘိက္ခူနီသာသနာတော်ကို ခွင့်ပြုခဲ့ရသည်ကို အကြောင်းပြု၍ မိထွေးတော် ဂေါတမီသည် ပထမဆုံးဘိက္ခူနီရဟန်းမဖြစ်ခဲ့သည့် ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့် ပထမဦးဆုံး သိက္ခာကြီးရင့် သည့်အရာတွင် ဂေါတမီထေရီအား ဧတဒဂ်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ချီးမြှင့်ခဲ့သည့်အတိုင်း ရဟန်း၊ ရဟန်းမ၊ လူပုဂ္ဂိုလ်အမျိုးသား၊ အမျိုးသမီးတို့အား နေရာဌာနအလိုက် အသာဆုံးအမြတ်ဆုံး ဧတဒဂ်ဘွဲ့များကို စွမ်းရည်အလိုက်ချီးမြှင့်တော်မူခဲ့ပါတယ်။
ဤကဲ့သို့ ဘုရားရှင်ချီးမြှင့်တော်မူခဲ့သည့် ထုံးတမ်းစဉ်လာကို နမူနာယူ၍ ရှေးရှေးသော သာသနာပြု မင်းကောင်းမင်းမြတ်များကလည်း အမွေဆက်လက်ခံယူသောအားဖြင့် မြန်မာမင်း အဆက်ဆက်တို့ရဲ့ လက်ထက်တွင် ရာဇဓိရာဇဂုရု၊ အဂ္ဂပဏ္ဍိတအစ ရှိတဲ့ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး မျက်မှောက်ခေတ်ကာလ၊ တို့တွင်လည်း ယခင်ဘွဲ့ဆက်ကပ်ပူဇော်ခဲ့သည့် အစဉ်အလာအတိုင်း အဘိဓဇမဟာရဌဂုရုဘွဲ့ တံဆိပ်တော်၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်တို့အပြင် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ကိုပါ တိုးမြှင့်ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၁ ခုနှစ်တွင် မူလရှိရင်းစွဲ ဘွဲ့တံဆိပ်တော်သုံးခုနှင့် ပြည်တွင်းပြည်ပသာသနာပြုလုပ်ငန်းများအား အားပေးချီးမြှောက်သည့်အနေဖြင့် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့အပါအဝင် ဘွဲ့တံဆိပ် ၂၀ ကို ထပ်မံတိုးမြှင့်ဆက်ကပ်ခဲ့သဖြင့် ယခုဆိုလျှင်ဘွဲ့တံဆိပ် ၂၃ မျိုးအထိ တိုးမြှင့်ဆက်ကပ်နိုင်ခဲ့ပါတယ်။
ရှေးယခင်က ဗုဒ္ဓမြတ်စွာဘုရားရှင်လက်ထက် ဘွဲ့ရွေးချယ်ချီးမြှင့်ရာတွင် အတုမရှိဉာဏ်တော် ကြီးမားသည့် မြတ်စွာဘုရားကိုယ်တော်တိုင် ရွေးချယ်ချီးမြှောက်ခဲ့ပြီး ယင်းကာလ လွန်မြောက်သော အခါတွင်လည်း တိုင်းပြည်အုပ်ချုပ်သော ဘုရင်မင်းမြတ်များကိုယ်တိုင် ရွေးချယ်ဆက်ကပ်ခြင်းဖြစ် သည့်အတွက် တစ်စုံတစ်ရာပြဿနာအခက်အခဲမရှိခဲ့ပါ။ သို့ရာတွင် ယခုမျက်မှောက်ကာလ၌ ဘွဲ့ပေး ရမည့်သူက ရွေးချယ်ချီးမြှောက်ရခြင်းထက် ဘွဲ့တံဆိပ်ချီးမြှင့်ခံယူလိုသည့်ပုဂ္ဂိုလ်များက ကိုယ်တိုင် လျှောက်ထားသည်မှာ အရေအတွက်အားဖြင့် လွန်စွာများပြားပါတယ်။ တစ်နှစ်လျှင် နှစ်စဉ်ဘွဲ့တံဆိပ် လျှောက်လွှာ လျှောက်ထားသူ ၁၀၀၀ ကျော်ရှိရာ အရေအတွက်များပြားသည့်အတွက် ရွေးချယ်ရာတွင် လည်း အခက်အခဲများစွာရှိခဲ့ရပါတယ်။ ထိုသို့ရွေးချယ်ရာတွင် အထောက်အကူပြုနိုင်ရန် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နှင့် သံဃာ့အဖွဲ့အစည်းများထံ သြဝါဒခံယူပြီး ဘွဲ့အမျိုးအစားအလိုက် ဂုဏ်အင်္ဂါ အရည်အချင်းများကို အခြေခံအားဖြင့် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ပါတယ်။
ဥပမာအားဖြင့် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်နှင့်ပတ်သက်၍ အနည်းဆုံးလိုအပ်သော အခြေခံအရည်အချင်းသတ်မှတ်ချက်မှာ -
အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်ဂုဏ်အင်္ဂါအရည်အချင်း
၁။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခြင်း၊
၂။ အနည်းဆုံးသက်တော် ၈၀၊ သိက္ခာတော် ၆၀ ရှိခြင်း၊
၃။ ဗဟုသုတအကြားအမြင်များခြင်း၊
၄။ ရဟန်းရှင်လူတို့အား ကျေးဇူးပြုသော ဗုဒ္ဓဘာသာစာပေကျမ်းဂန်များ ရေးသားပြုစုခြင်း တို့ပဲ ဖြစ်ပါတယ်။
အထက်ပါအခြေခံအချက်များနှင့် အခြားထူးခြားသည့်အချက်များ၊ ထူးခြားသည့်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ လောကီလောကုတ္တရာဂုဏ် သာလွန်ခြင်းစသည့်အချက်များကို ကြည့်၍ တစ်နှစ်လျှင် လေးပါးထက်မပိုသော ဆရာတော်ကြီးများကို အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော် များကို ဆက်ကပ်သည့်အစဉ်အလာရှိခဲ့ပါတယ်။ ကျန် ၂၂ မျိုးသော ဘွဲ့တံဆိပ်တော်အသီးသီးကိုလည်း သတ်မှတ်ထားသည့် ဂုဏ်ဒြပ်အရည်အချင်းများပြည့်စုံသည့် လျှောက်ထားသူများအနက်မှ ထူးခြားသည့် အစွမ်းဆောင်နိုင်ဆုံးသော ထိပ်ဆုံးတွင်ရှိသည့် ပုဂ္ဂိုလ်များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ဝန်ကြီးဌာနအထိ အဆင့်ဆင့်စိစစ်ရွေးချယ်ပြီး နောက်ဆုံးနိုင်ငံတော်အဆင့်အထိ တင်ပြစိစစ်ရွေးချယ်ခွင့်ပြုချက်ရယူကာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ အဆင့်ဆင့်ထူးချွန်သူများကို စိစစ်ရွေးချယ်ဆက်ကပ်ခြင်းနှင့်ပတ်သက်၍ ဥပမာအားဖြင့် ၂၀၁၀ ခုနှစ် တွင် လျှောက်ထားသူပေါင်း ၁၁၈၁ ဦးရှိသည့်အနက် ၁၄၄ ဦးကိုသာ စိစစ်ရွေးချယ် ဆက်ကပ်ခဲ့ရသည်မှာ ဘွဲ့တံဆိပ်တော်များ၏တန်ဖိုး မြင့်မားလေးနက်စေရန်အတွက် အရည်အချင်း ပြည့်ပြည့်ဝဝဖြင့် အရေအတွက်နည်းနည်းကိုသာ စိစစ်ရွေးချယ်ချီးမြှင့်လိုခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
သို့ပါသောကြောင့် လျှောက်ထားမှုသည် အကြိမ်အရေအတွက်များသော်လည်း အရည်အချင်း အနှစ်သာရကို ဦးစားပေးစိစစ်ရွေးချယ်ခြင်းဖြစ်သောကြောင့် ဘွဲ့တင်ထားသည့် အကြိမ်အရေအတွက် များသော်လည်း ရွေးချယ်အပူဇော်မခံရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခြားဥပမာတစ်ခု ပြောရပါလျှင်လွန်ခဲ့သည့် ၁၉၉၆ခုနှစ်ကတည်းက တိပိဋကတ်နှစ်ပုံခွဲအောင်မြင်ခဲ့သည့် ဆရာတော်ကြီး တစ်ပါးသည် တိပိဋကတ်ရွေးချယ်ရေးအဖွဲ့သို့ ကျန်ရှိသည့်တိပိဋကတ်လေးပုံတစ်ပုံ အောင်မြင်ရန် အတွက် ၁၅ နှစ်အတွင်း ၁၄ ကြိမ်ဖြေဆိုခဲ့သော်လည်း ယခုတိုင်အောင်မြင်ခဲ့ခြင်းမရှိပါ။ ယခုလည်းပဲ ကျန်ရှိသည့် ရေးဖြေတစ်ပိုင်းကို ဖြေနေဆဲပဲဖြစ်ရာ တိပိဋကတ်စာမေးပွဲရွေးချယ်ရေးအဖွဲ့ကလည်း ဖြေဆိုသူ၏ မလျော့သောဇွဲလုံ့လကို ညှာတာထောက်ထားသည်ဆိုပြီး အအောင်မပေးခဲ့ပါ။ ဆရာတော်ကြီး၏ မလျော့သောဇွဲလုံ့လဝီရိယဖြင့်ဖြေဆိုသည်ကို သိရှိလိုပါသဖြင့် မေးမြန်းလျှောက်ထား သည့်အခါဆရာတော်ကြီးကစာမေးပွဲအောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည်အဓိကမဟုတ်၊တိပိဋကတ် စာမေးပွဲ ဖြေဆိုခွင့် ရရှိနေသည့်အတွက် ဘုရားရှင်၏တရားတော်များကို အမြဲမပြတ်ထိတွေ့ ကြည်ညို ခွင့် ရရှိနေခြင်းကြောင့် “ယောနိသော မနသီကာရ’’စိတ်ကို ကောင်းစွာနှလုံးသွင်းကာ ဆက်လက်ဖြေဆို နေခြင်း ဖြစ်သည်ဖြစ်ကြောင်းကို မိန့်ကြားခဲ့ပါတယ်။
ဤတိပိဋကတ်သုံးပုံကို ဖြေကြားနေသော ဆရာတော်ကြီးထုံးကို နှလုံးမူကုသိုလ်ယူမည်ဆိုပါက ဘွဲ့လျှောက်ထားသော ဆရာတော်များသည်လည်း ဘွဲ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ သာသနာတော် အတွက် ကြိုးပမ်းဆောင်ရွက်နေရသောကြောင့် အမြဲတမ်းကုသိုလ်တရားများ ပွားများနေရမည်သာ ဖြစ်ပါတယ်။ ဘွဲ့တံဆိပ်စိစစ်ရေးအဖွဲ့ အတွေ့အကြုံအရ အချို့သောထေရ်ကြီးဝါကြီး ဆရာတော်ကြီး များသည် သီလ၊ သမာဓိ၊ ပညာဂုဏ်နှင့် ပြည့်စုံပြီး သက်တော်၊ သိက္ခာတော်များအရ နိုင်ငံတော်မှ ချီးမြှင့်သင့်၊ ချီးမြှင့်ထိုက်သဖြင့် ဘွဲ့တံဆိပ်လက်ခံပါရန် သွားရောက်လျှောက်ထားရသည်များလည်း ရှိပါတယ်။ ထိုသို့ လျှောက်ထားသောအခါမှာ အချို့ဆရာတော်ကြီးများကလည်း ဒါယိကာ၊ ဒါယိကာမ များ ကုသိုလ်ရရှိစေရန်နှင့် စိတ်ချမ်းသာမှု ရရှိစေရန်ငဲ့ကွက်ပြီး လက်ခံသည့်ဆရာတော်များရှိသကဲ့သို့ အချို့ဆရာတော်ကြီးများသည် ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းကို လက်ခံပါရန်လျှောက်ထားခဲ့သော်လည်း ဘာဝနာတရားများကို ဦးစားပေးဆောင်ရွက်လိုသောကြောင့် ဘွဲ့ကိုလက်ခံခဲ့ခြင်းမရှိပဲ သည်းခံပါရန် ဟုသာ မိန့်ကြားခဲ့သည်များလည်းရှိပါတယ်။ ထိုကဲ့သို့ ထူးမြတ်သည့်ပုဂ္ဂိုလ်များကို ကြည်ညိုသဒ္ဒါပွား များမည်ဆိုလျှင် ထူးခြားသည့်ကုသိုလ်များလည်း ရရှိမည်ဖြစ်ပါတယ်။ ထိုသို့သောအကြောင်းများ ကြောင့် သာသနာတော်ချီးမြှောက်သည့်အနေဖြင့် ဘုရားရှင်ကိုယ်စား သာသနာတော်မြတ်ကြီးအား စောင့်ရှောက်လျက်ရှိသည့် ရဟန္တာသံဃာတော်မြတ်များကို ဘွဲ့ရသည့်ဖြစ်စေ၊ မရသည်ဖြစ်စေ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးစသော ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်း ကုသိုလ်ယူမည်ဆိုပါက သာသနာတော်ကြီးသည် အဓွန့်ရှည်သန့်ရှင်းတည်တံ့ခိုင်မြဲလိမ့်မည်ဖြစ်ပါကြောင်းစေတနာကောင်းဖြင့် နှိုးဆော်တိုက်တွန်းအပ်ပါတယ်။
အမှတ်(၂)မေးခွန်းကို ကျွန်တော် ဆက်လက်ဖြေဆိုရမယ်ဆိုလို့ရှိရင် သာသနာရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် သင်တန်းတက်ရောက်ရန် သင်တန်းသား အသက်ကန့်သတ်ချက်တွင် ၄၅ အထက်ကြီးသူကို လက်မခံကြောင်းသိရှိရပါသဖြင့် ၄၅ နှစ် ထက်ကြီးသူများ သင်တန်းတက်ရောက်ခွင့်ရရှိရေး လျှော့ပေါ့စဉ်းစားနိုင်ခြင်းရှိ၊မရှိ သိလိုပါကြောင်း မေးခွန်းနှင့်ပတ်သက်၍ အများသူငှါသိရှိရန်ဖြေကြားရပါလျှင် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓ သာသနာပြုတက္ကသိုလ်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာအရပ်ရပ်သို့ ဓမ္မအလှူဖြန့်ဝေပေးရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သောကြောင့် ကမ္ဘာအရပ်ရပ်မှ သင်တန်းသားများကို ခေါ်ယူလက်ခံ သင်ကြားပေးလျက်ရှိပါတယ်။ ကမ္ဘာအရပ်ရပ်မှ သင်တန်းသားများလက်ခံရာတွင် ယခု ကန့်သတ်ထား သည့် အသက် ၄၅ နှစ်အပါအဝင် အခြားလိုအပ်သည့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်က သတ်မှတ်ထားသည့်စာပေများကို လိုက်နိုင်မှု၊ သတ်မှတ်ထားသည့် စည်းကမ်းစနစ်များ ကို လိုက်နာနိုင်မှု၊ ဗုဒ္ဓဘာသာအပေါ်တွင် ကြည်ညိုလေးစားမှုစသော အချက်အလက်များကို မူတည်၍ ကမ္ဘာအရပ်ရပ်ရှိ မြန်မာသံရုံးများက သင်တန်းတက်ရောက်နေသူများကို ပဏာမစိစစ်ရွေးချယ်ပြီး မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ပေးပို့ခဲ့ပါတယ်။ ထိုသင်တန်းသားများကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်မှ ထပ်မံအရည်အချင်းစိစစ်ပြီး တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာ၏ အချက်အချာဖြစ်သဖြင့် ပရိယတ္တိ၊ ပရိပတ္တိအလုပ် များကို ဆည်းပူးလေ့လာနိုင်ရန်အတွက် ကျောင်းတိုက်ကြီးများနှင့် ကမ္မဋ္ဌာန်းရိပ်သာများတွင် အလွတ်သင်ကြားပို့ချသော ဗုဒ္ဓဘာသာသင်တန်း အများအပြားလည်းရှိနေပါတယ်။ သို့အတွက် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို တက်ရောက်ခွင့်အားပြည်ပမှ ပုဂ္ဂိုလ်များ ကိုသာ ဦးစားပေးရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြည်ပသင်တန်းသားများ ပြည့်စုံလုံလောက်မှု မရှိသောအခါ ပြည်တွင်းမှ အရည်အချင်းကန့်သတ်ချက်ပြည့်မီသူများကို ပြည်ပသာသနာပြု လုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် သင်တန်းသားများအဖြစ် ဖြည့်စွက်တက်ရောက်သင်ကြားစေခဲ့ခြင်း ဖြစ်ပါတယ်။ ယခု မေးမြန်းထားသည့် အသက် ၄၅ နှစ်ကျော်လွန်သူအား အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်ကို တက်ရောက်ခွင့် ရှိ၊ မရှိ မေးမြန်းခြင်းအား ဖြေကြားရပါလျှင် သင်တန်းသားဘွဲ့တံဆိပ်အောင်လက်မှတ်ရရှိလိုသည့် ပုဂ္ဂိုလ်များသည် သတ်မှတ်ပေးထားသည့် အရည်အချင်းများနှင့်ကိုက်ညီပါက သင်တန်းသားအဖြစ် လက်ခံပေးမည်ဖြစ်ပါသည်။ ဘွဲ့အတွက် အဓိကရည်ရွယ်ချက်မထားဘဲ ပြည်ပသာသနာပြုလုပ်ငန်းများနှင့် ပြည်ပမှမြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အခြားဓမ္မမိတ်ဆွေများအား တရားဆွေးနွေးပြသလိုသော ရည်ရွယ်ချက်ဖြင့် တက်ရောက် မည်ဆိုပါက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ရှိ ခွင့်ပြုနိုင်သောနေရာပေါ်တွင် မူတည်၍ လေးဦး၊ ငါးဦးသာ အလွတ်သဘော ပညာလာရောက်ဆည်းပူးမည်ဆိုလျှင် ခွင့်ပြုပေးနိုင်မည့် အခြေအနေရှိနိုင်ပါတယ်။ ထို့အပြင် ဗုဒ္ဓဘာသာတရားတော်များကို သိရှိနားလည်တတ်ကျွမ်းလိုသဖြင့် ဗုဒ္ဓဘာသာသင်တန်းများကို တက်ရောက်မည်ဆိုပါက သာသနာရေးဝန်ကြီးဌာနမှ ရန်ကုန်မြို့၊ ကမ္ဘာအေးဝင်းအတွင်း ဖွင့်လှစ်ထားသော အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်သင်တန်း၊ ကမ္ဘာအေးသမဝါယမ တန်ဆောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော အင်္ဂလိပ်ဘာသာဖြင့်သင်ကြားပို့ချသော အဘိဓမ္မာ သင်တန်း၊ ရွှေတိဂုံစေတီတော်ခြေရင်းတွင် မင်္ဂလာဗျူဟာ၌ဖွင့်လှစ်ထားသော ပါဠိ-မြန်မာ အဘိဓမ္မာ သင်တန်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ဖွင့်လှစ်သောအဘိဓမ္မာသင်တန်းများအပြင် အခြား သောဗုဒ္ဓဝါဒနည်းလမ်းတကျ သင်တန်းအမြောက်အမြားရှိပါတယ်။ ထိုသင်တန်းများကို အယုတ်အလတ်၊ အမြတ်မရွေးအသက်ကြီးငယ် အပိုင်းအခြားမရှိ တက်ရောက်သင်ကြားလေ့လာဆည်းပူးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ဗုဒ္ဓတရားတော်ဖြစ်သည့် သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များကို မိမိတို့ကိုယ်တိုင် သင်ကြားထားရှိပြီး ပညာသိဖြင့်တတ်သိထားသလောက်၊ ပညာသိဖြင့် သိရှိကျင့်ကြံအားထုတ်ပြီး ပို၍ မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မည်ဆိုပါက မိမိသိသကဲ့သို့ သူတစ်ပါးလည်းသိအောင်၊ မိမိကျင့်ကြံအားထုတ် သကဲ့သို့ သူတစ်ပါးလည်းကျင့်ကြံအားထုတ်နိုင်အောင် ကူညီဆောင်ရွက် ပေးခြင်းသည် အမြတ်ဆုံးသော တရားဓမ္မပေးလှူခြင်းပဲ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ အသက် ၄၅ နှစ် ကျော်သဖြင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တက်ရောက်သင်ကြား နိုင်သည့်အခွင့်အရေးများမရရှိသောကြောင့် စိတ်ပျက်အားငယ်မနေဘဲ အထက်တွင် ဖော်ပြခဲ့သည့် ဗုဒ္ဓဘာသာသင်တန်းများကို သက်ဆုံးတိုင်တက်ရောက်ပြီး ကုသိုလ်တရားများ ပွားများအားထုတ် ဓမ္မဒါနပြုနိုင်ပါကြောင်း ဖြေကြားပါသည်။
