ကျွန်တော်တို့ မဘိမ်းမြို့နယ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လမ်းဆုံးမြို့တစ်မြို့ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးမှာ အခြားမြို့များထက် အောက်ကျနေ သော မြို့လည်းဖြစ်ပါတယ်။ အခြေခံအလယ်တန်းအောင်ပြီးလျှင် ကျောင်းမတက်နိုင်တော့ဘဲ ရိုးရာ တောင်သူဘဝနဲ့ အသက်မွေးဝမ်းကျောင်းပြုခဲ့ကြပါတယ်။ ဆင်းရဲနွမ်းပါးသော မြို့လည်းဖြစ်ပါတယ်။ နီးစပ်သောမြို့မှာ မိုးမိတ်မြို့သာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ဆင်းရဲသားတောင်သူလယ်သမား သားသမီးများ ပညာသင်အခွင့်အလမ်းများ တိုးတက် လာစေရန်အတွက် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ် နှစ်မြို့နယ်တွင် မိုးမိတ်မြို့နယ်၌ အစိုးရနည်းပညာ အထက်တန်းကျောင်းဖွင့်လှစ်ပေးပြီး ပညာသင်ယူခွင့် အစီအစဉ်များရှိပါသလား။ ရှိပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဖြေကြားသွားမှာဖြစ်ပါ တယ်။ ယခု လက်ရှိအချိန်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်မှာ နည်းပညာတက္ကသိုလ် ၃၂ ခု၊ ကွန်ပျူတာတက္ကသိုလ် ၂၅ ခု၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ၁ ခု၊ အစိုးရနည်းပညာကောလိပ် ၃ ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၁၁ ခုနဲ့ အစိုးရနည်းပညာအထက်တန်း ကျောင်း ၃၆ ခု ဖွင့်လှစ်ထားပြီးဖြစ်တဲ့အတွက် အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းစုစုပေါင်း ၁၀၈ ခု ရှိနေပြီဖြစ်ပါတယ်။ အဆိုပါကျောင်းများရဲ့ လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်မွေးထုတ်ရာမှာ အရေအတွက်ကိုသာမက အရည်အချင်း ပြည့်ဝမှုရှိ စေဖို့ကိုလည်း အလေးထားဆောင်ရွက်နေတဲ့အတွက် လက်ရှိဖွင့်လှစ်ထားတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ကျောင်းများမှာ သင်ရိုးညွှန်းတမ်းနဲ့ သင်ထောက်ကူပစ္စည်းများကို နိုင်ငံတကာအဆင့်မီဖြစ်စေ အောင် ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို ထိရောက်အကျိုးရှိတဲ့ သင်ကြားသင်ယူမှု အခြေအနေ ကောင်းများ ရရှိစေဖို့အတွက်လည်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာ ဆရာမအင်အားနဲ့ ကျောင်းအသီးသီးအတွက် အဆင်ပြေစေအောင် စီမံခန့်ခွဲတာဝန်ချထားပေးရပါတယ်။ အင်ဂျင်နီယာ ဘာသာရပ်များရဲ့ သဘောသဘာဝအရ ကျောင်းသားများကို လက်တွေ့အသုံးချနိုင်တဲ့အထိ နားလည် တတ်ကျွမ်းအောင် သင်ကြားပို့ချပေးနိုင်ဖို့အတွက် အဆောက်အအုံရှိရုံနဲ့မရဘဲ ကျောင်းသားနဲ့ ဆရာ အချိုးညီညွတ်မျှတမှု၊ လိုအပ်တဲ့သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပေးမှု၊ သင်ကြားရေးဆရာ ဆရာမများလုံလောက်စွာ ဖြည့်တင်းပေးနိုင်မှုစတာတွေကို ဟန်ချက်ညီညီဆောင်ရွက်ဖို့ လိုအပ်တဲ့ အတွက် နည်းပညာဆိုင်ရာ ကျောင်းတစ်ကျောင်း အသစ်ထပ်မံဖွင့်လှစ်ရန်မှာ သက်ဆိုင်ရာနယ်မြေ ဒေသမှာရှိတဲ့ တက်ရောက်မယ့် ကျောင်းသားအရေအတွက်နဲ့ အောင်မြင်တဲ့အဆင့်၊ သင်ကြားပေး သင့်တဲ့ အထူးပြုဘာသာရပ်များ၊ ကျောင်းအဆောက်အအုံနဲ့ ရေ၊ လျှပ်စစ်မီးရရှိနိုင်မှုအခြေအနေနဲ့ ဖြည့်ဆည်းရမယ့် ဆရာ ဆရာမအင်အားတို့ကိုပါ ထည့်သွင်းစဉ်းစားရလေ့ရှိပါတယ်။ လက်ရှိအချိန်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံနဲ့ ကျောင်းတွေကို နိုင်ငံတကာအဆင့်သို့ ရောက်ရှိစေရန်ရည်မှန်းပြီး လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်း ခြင်း၊ သီအိုရီနဲ့ လက်တွေ့သင်ခန်းစာများ အဆင်ပြေပြေ သင်ကြားပို့ချနိုင်ဖို့ လက်တွေ့အလုပ်ရုံနဲ့ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း၊ လက်ရှိဖွင့်လှစ်ထားတဲ့ ကျောင်းတွေအတွက် ကျောင်းသား၊ ဆရာအချိုးညီညွတ်မျှတအောင် လိုအပ်တဲ့ ဆရာ ဆရာမများ စိစစ်ရွေးချယ်ခန့်ထားခြင်း၊ သင်ကြားရေးဆရာ ဆရာမတွေရဲ့ အရည်အချင်း ပိုမိုပြည့်ဝစေဖို့ မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်း အစရှိတဲ့ လက်ရှိကျောင်းများရဲ့ အရည်အသွေးမြှင့်တင်နိုင်အောင် Capacity Building တည် ဆောက်တာကို အလေးထားဆောင်ရွက်နေပြီး အရည်အချင်းပြည့်ဝတဲ့ အင်ဂျင်နီယာနဲ့ နည်းပညာရှင် တွေ ပြုစုမွေးထုတ်ပေးနိုင်အောင် ဦးစားပေးဆောင်ရွက်နေရတာဖြစ်တဲ့အတွက် မိုးမိတ်မြို့မှာ အစိုးရ နည်းပညာအထက်တန်းကျောင်းဖွင့်လှစ်ရန် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်းနဲ့ လိုအပ် လို့ အခြေအနေပေးတဲ့အချိန်မှာ ဖွင့်လှစ်ပေးသွားနိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ပေးနိုင်မည့် အခြေအနေရှိပါကြောင်း ဖြေကြားပါသည်။
