ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်အကြား တာဆန်း တံတား၊ တာဆန်းကျေးရွာမြောက်ဘက် သံလွင်မြစ်ပေါ်မှာ တာဆန်းရေအားလျှပ်စစ်စီမံကိန်းအတွက် ရေကာတာများ တည်ဆောက်မယ်လို့သိရှိရပါတယ်။ အဆိုပါရေကာတာကို မြန်မာနိုင်ငံမှ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံမှ Three Gorges ကုမ္ပဏီ၊ ထိုင်းနိုင်ငံမှ EGAT ကုမ္ပဏီတို့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလမတိုင်မီက စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီး ထုတ်လုပ်နိုင်မယ့် ရေအားလျှပ်စစ်ပမာဏမှာ ၇၁၁၀ မဂ္ဂါဝပ်ဖြစ်ကြောင်းသိရှိရပါတယ်။ တည်ဆောက်မယ့်တာဆန်းရေကာတာဟာ မဲခေါင်ဒေသလျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းမှာ တစ်ခု အပါအဝင်လည်းဖြစ်ပါတယ်။ တာဆန်းမှ ၅၀၀ ကီလိုဝပ်စွမ်းအားရှိ မဟာဓာတ်အားလိုင်းကြီး နှစ်လိုင်းအား၊ ထိုင်းနိုင်ငံမှတစ်ဆင့် မဲခေါင်ဓာတ်အားလိုင်းဘက်သို့သွယ်တန်းရန် လျာထားခဲ့ကြောင်း လည်းသိရှိရပါတယ်။ မဲခေါင်စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဦးဆောင် အကောင် အထည်ဖော်နေခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ မိုင်းပန်မြို့နယ်က ပြည်သူလူထုများသိလိုတဲ့ အောက်ပါမေးခွန်း ၄ ခုအား မေးမြန်းအပ်ပါတယ်။ (၁) တာဆန်းရေကာတာနှင့် ထိုင်းနိုင်ငံ-မဲခေါင်လျှပ်စစ်လိုင်းကို ဆက်သွယ်မည့်လျှပ်စစ်ဓာတ်အားလိုင်းတည်ဆောက်မှုမည်သည့်အခြေအနေသို့ ရောက်ရှိနေပါသနည်း။ (၂) မိမိနိုင်ငံတော်အစိုးရမှ ကုန်ကျမည့်စရိတ်မှာ မည်မျှရှိပါသနည်း။ (၃) မိမိပြည်သူများအပေါ် မည်ကဲ့သို့အကျိုးရှိနိုင်ပါသနည်း။ (၄) လျှပ်စစ်လိုင်းတည်ဆောက်ခြင်းနှင့် ရေကာတာများ တည်ဆောက်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်ကျေးရွာလူထုအပေါ် ဆိုးကျိုးများ ရှိလာနိုင်ပါမည်လားသိရှိလိုပါကြောင်း မေးမြန်းပါသည်။
မေးခွန်းများကိုမဖြေကြားမီမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရတဲ့လုပ်ငန်းစဉ်ကို ပထမဦးစွာရှင်းပြပါမယ်။ စီမံကိန်းတစ်ခုတည်ဆောက် အကောင် အထည်ဖော်ခွင့် ခွင့်ပြုချက်ရရှိရေးအတွက် နားလည်မှုစာချွန်လွှာ၊ သဘောတူညီမှု စာချွန်လွှာ၊ နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်စသည်တို့ကို အဆင့်ဆင့်တင်ပြခွင့်ပြုချက် ရယူပြီးမှသာ အကောင်အထည်ဖော်ဆောင်ရွက်တဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ရှေးဦးစွာ စီမံကိန်းရဲ့ ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိ စူးစမ်းလေ့လာဖို့ရာအတွက် နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးရ ပါတယ်။ နားလည်မှုစာချွန်လွှာအရ သတ်မှတ်ပေးတဲ့ကာလ ၂ နှစ် ၆ လအတွင်းမှာ ဖြစ်မြောက်နိုင်စွမ်း အစီရင်ခံစာကိုပြုစုတင်ပြရပါတယ်။ အဲဒီလိုစူးစမ်း လေ့လာတဲ့ကာလအတွင်းမှာပဲ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်အပေါ်သက်ရောက်မှုကို ဆန်းစစ်လေ့လာကြရပါတယ်။ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအစီရင်ခံစာကိုတင်ပြလာ၍အတည်ပြုပြီးဖြစ်ပါက အကြိုတည်ဆောက် ရေးလုပ်ငန်းများစတင်ပြီးတော့ စီမံကိန်းမှစီးပွားရေးအရတွက်ခြေကိုက်မှု ရှိ၊ မရှိ စီးပွားရေး ဆိုင်ရာဆန်းစစ်မှုပြုလုပ်ရပါတယ်။ စီးပွားရေးတွက်ခြေကိုက်မှုရှိပါက သဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးရပါတယ်။ ပြီးမှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင်ခွင့် ရယူပြီးတော့ နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ရပါတယ်။ အချိန်ကာလအားဖြင့် ၃ နှစ်ကျော်ကြာမြင့်ပါတယ်။ ဖော်ပြပါနားလည်မှုစာချွန်လွှာ၊ သဘောတူညီမှုစာချွန်လွှာ၊နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များကို လက်မှတ် ရေးထိုးရာမှာလည်း အစိုးရအဖွဲ့ရဲ့သဘောတူညီချက်၊ တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆောင်ရွက်ရပါတယ်။
ယခု လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းသော တာဆန်းရေအားလျှပ်စစ်စီမံကိန်းမှာ ယခင်ထိုင်းနိုင်ငံမှ MDX ကုမ္ပဏီနှင့်ဆောင်ရွက်ရန် နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ချုပ်ဆိုထားခဲ့သော်လည်း MDX ကုမ္ပဏီသည်စာချုပ်ပါအတိုင်း အကောင်အထည် မဖော်နိုင်သဖြင့် မြန်မာဘက်မှ၎င်းကုမ္ပဏီအားတရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းစီမံကိန်း အစား ပိုမိုသင့်လျော်သောနေရာတွင် အထက်သံလွင်(မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်းအဖြစ် အကောင်အထည်ဖော်တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံကိုယ်စား အမှတ်(၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနလက်အောက်ရှိ ရေအားလျှပ်စစ်စီမံကိန်းဦးစီးဌာနနှင့် တရုတ်နိုင်ငံ China Three Gorges Corporation၊ ထိုင်းနိုင်ငံ Electrity Generation Authority of Thailand (EGAT)၊ ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီဖြစ်သော International Group of Entrepreneurs Co.,Ltd.(IGOEC) တို့ဟာ အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၄၂/၂၀၁၀ မှ ခွင့်ပြုချက်အရ စီမံကိန်းဆောင်ရွက်ရန်ဖြစ်နိုင်၊ မဖြစ်နိုင်စူးစမ်းလေ့လာရန်အတွက် နားလည်မှုစာချွန်လွှာကို ၁၀-၁၁-၂၀၁၀ ရက်နေ့မှာလက်မှတ်ရေးထိုးပြီး စူးစမ်းလေ့လာနေဆဲဖြစ်ပါတယ်။ သို့ဖြစ်၍ လွှတ်တော် ကိုယ်စားလှယ်ကြီးမေးမြန်းသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ စီမံကိန်းဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိ စူးစမ်းလေ့လာမှုများပြုလုပ်နေဆဲအချိန်သာဖြစ်သည့်အတွက် မေးခွန်းများပါ အချက်အလက်များ မည်သည့်ကိစ္စကိုမှလုပ်ဆောင်ခြင်းမရှိသေးကြောင်း ဖြေကြားပါသည်။
